အမေ ကြွေပျက်ခဲ့ရသော မေ ၂ ရက်၂၀၀၈ ည
"ဝှိန် ... ဝှိန်...ဖုန်း!"
ကျနော် မှတ်မိသည်။ ဒီ အသံက ကျနော်တို့ ပိုက်တန်း ရဲ့ ဂါးဖောင် သမား ကိုဘိလေးမောင်းသော
ပင်လယ်ကောင် အသေးလေး။
ကျနော်တို့ ပိုက်တန်း က ပင်လယ်ကောင် အားလုံး ဆယ့်တစ်စီး ရှိတယ်။ (ပင်လယ်ကောင်=ရေစီးကြမ်းသော ပင်လယ်ရေမျက်နှာပြင်ကို အလွယ်တကူဖြတ်မောင်းနိုင်ရန် လက်သမား ဆရာများ က ရေခွင်း အားကောင်းအောင် အထူး တည်ဆောက်ထားသော လှေအကြီးစား ကိုမြင်းကောင်ရေ များသော ဂျပန် အင်ဂျင် တပ်ထားသည့် ပင်လယ်တွင်သာမောင်းသည့် သေဘာၤ)
ဒီ သေဘာၤ ဆယ့်တစ်စင်း ရဲ့အင်ဂျင်အသံ ကို ကျနော် တစ်ရေးနိုးတောင် အလွတ် ရသည်။ အင်ဂျင် တစ်ခါ ကိုင် လျှင်တော့ တစ်ခါပြန်မှတ် ရလေသည်။
"ကိုကြီး တင်စိုး! ကိုကြီး တင်စိုး!"
ကျနော်ထင်သည့် အတိုင်း ကိုဘိလေး သဘောင်္ လှေကြိုး ကို ကသော့ကမျော့ ချည်ပြီး အိမ်ပေါ်ကိုပြေး တက် လာသည်။
"ကိုကြီး တင်စိုး...ကျနော်ကြိမ်ချောင်း က သတင်းရခဲ့တယ်...ရေဒီယို က မုန်တိုင်း သတင်းကြေငြာတယ်တဲ့"
"ခဏခဏကြေငြာနေတာကို များ အဆန်းလုပ်လို့"
အဖေကြီး က ကိုဘိလေး စကားကို အလေးမထားဘဲ ရုပ်ရှင်မင်းသား မင်းကို ရဲ့ စက္ကောမ ဇာတ်ကား မပျက် ဆက်ကြည့်နေတယ်။ အဖေ တင်မဟုတ် သုံးထပ်ကုန်းရွာ ပိုက်တန်း တစ်တန်းလုံး ကို ဒီမုန်တိုင်း သတင်း လိုက်ပြောလျှင်တောင် ဘယ်သူ ကမျှ အရေးတယူ စကားပြန်ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မုန်တိုင်း ကျရင်ကျနော်တို့ပျော်ကြသည်။ အကြောင်းက ယနေ့မုန်တိုင်း ကျလျှင် နောက်သုံးရက်လောက်ဆို ငါး/ပုစွန် ပိုဆင်းသောကြောင့်ဖြစ်သည်။
"မဟုတ်ဘူး အကိုကြီး ဒီတစ်ခါ မုန်တိုင်း က နာဂစ် ဆိုလား ဘာဆိုလား မသိဘူး... တော်တော်ပြင်း မယ်ပြော တယ်နော်"
"အလကားပါကွာ အိုက်ရေဒီယို က မဟုတ်လည်းပြော ဟုတ်လည်းပြော"
အဖေ က ရိုးအီနေသော မုန်တိုင်းသတင်း အပေါ် စိတ်မဝင်စားမူကြောင့် ကိုဘိလေးလည်း ဘာမှ ဆက် မပြော ဘဲ ကျနော်တို့နဲ့ အတူ အခွေ ဝင်ကြည့်တော့တယ်။
ကိုဘိလေး က မျှင်ထောင်တဲ့ ပင်လယ် ဂါးဖောင်သမား။
အဖေ တို့က ပိုက်တန်းမှာ ပိုက်ထောင်... ရွဲကောက်။
သူတို့ ဂါးဖောင်တွေမြစ်ရေစီးကြောင်း လွဲလို့ဖောင်တန်း အနောက်တန်း ကိုရွှေ့ပြီးရောက် လာတာ ၂ နှစ်ကျော်တော့ အနောက်ပိုက်တန်း က အဖေ နဲ့ သောက်ဖော်သောက်ဖက်ဖြစ်ပြီး ညီအကိုလို ခင်သွားတာ။
ပြီးတော့ သူကရေငုပ် ကျွမ်းကျင်တော့ ကျနော်တို့ ပိုက်တန်း ပိုက်ချက်နှစ်ဆယ်ကျော် ကို ကနက်ကျွတ်ရင် အမြဲ ငုပ်ပေးနေသူ...ရေငုပ် ကျွမ်းကျင်သူ။
ဟိုဘက်ကမ်း ဒီဖက်ကမ်း 1.8 kilometres ရှိတဲ့ ကျနော်တို့ ဘိုကလေးမြို့နယ်ကြိမ်ချောင်းမြစ် ရဲ့အနက်ဟာ ခန့်မှန်းခြေ အနက် 0.1/0.2 kilometer လောက် ရှိမယ်။ ဒါပေမဲ့ နာနတ်ဝိုင် တစ်လုံး တိုက်ရင် အပေါင်းအသင်း ကဏ္ဏအနေနဲ့ ကိုဘိလေး က အဲ့သည့်မြစ်ထဲကို ခါးကြိုးချည် ဆင်းပြီး ကနက်တည်ပေးပါတယ်။
ဒီလိုတွေကြောင့် ပိုက်တန်း တစ်တန်းလုံး က သူ့ကို ချစ်ကြသည်။ ထူးထူးခြားခြား အမေ က ဒီနေ့ နေ့လည်မှ ပဲနီလေးရေဖွကြော်၊ တောကြက်၊ ငြုပ်သီးစိမ်း ငပိချက်ကို ချက်နေတယ်။ ကျနော်တို့ မိသားစု က လေးယောက် ပဲ ရှိတယ်။
အဖေက ဦးတင်စိုး အမေကဒေါ်ထွေးကြည် ၊ကျနော်ဇော်မိုးထက် နဲ့ ညီမလေး ချယ်ရီစိုး။
ကျနော် သိတတ်စ အရွယ် ကတည်းက အဖေက လုံးဝ ပဲမစား။ ထို့ကြောင့် အမေလည်း တစ်ခါမှ ပဲမချက်ပေ။ ပြီးတော့ အဖေနဲ့ ကျနော် တူတာ တစ်ချက် က သားအဖနှစ်ယောက်စလုံး ငြုပ်သီး အစပ် မစားနိုင်ဘူး။ အဖေ က အစပ် စားရင် လည်ချောင်းထဲ က ပူသလို ကျနော်လည်း ထိုနည်းတူမစားနိုင်ပါ။ ထို့ကြောင့် အမေ က ကျနော်နဲ့ အဖေ့ အတွက် ဘာချက်ချက် အဖြူထည် ဟင်းတစ်ခွက်ပါ စမြဲ။
သို့ပေမဲ့ ဒီနေ့ ညနေ အမေက ထူးခြားစွာ ပဲနှင့်ငြုပ်သီးစိမ်း ငပိချက် ချက်နေသည်။
"ဝေါ...ဝေါ...ဝေါ..."
ညနေသုံးနာရီ ထိုးခါနီးတော့ လေက တဝေါဝေါ တိုက်လာတယ်။ကျနော်ပျော်သွား တယ်။
ဟုတ်တယ်လေ ။ အဲ့သည့်နှစ် မေလ က ကျနော်တို့ ဆီမှာ အရမ်း ပူနေတာဗျ။ လေတိုက်တော့ နည်းနည်းနေသာ ထိုင်သာ ရှိတာပေါ့။
ခဏကြာတော့ လေက ပိုကြမ်း လာတယ်။ ထင်းစင် ရဲ့ခေါင်မိုးပေါ်လှမ်း ထားတဲ့ ငါးခွေးလျှာ အခြောက် ဗန်းတွေ လွှင့်ကျ ကုန်တယ်။
ကိစ္စ မရှိဘူး...ဒါက ခဏခဏဖြစ်နေကြလေ။ လေနည်းနည်းကြမ်းပြီဆို ငါးခြောက်ဗန်းတွေ ဂျွမ်းထိုးမှောက် ခုံဖြစ်လို့ ကျနော် တို့မောင်နှမနှစ်ယောက် အမေနဲ့ဝိုင်း ကူပြီးလိုက်ကောက်ပေးနေ ကျ။ပျော် ဖို့တောင်ကောင်းသေး တယ်။
"အဖေကြီးရေ...ရှင့် တီဗွီ ပိတ်လိုက်ပါတော့လား တစ်မနက်လုံး လည်း ထိုင်ကြည့်နေတာကို ။အလုပ် ပျက် တယ်" အဖေ က မသိကျိုးကျွန်ပြုပြီး ဆက်ကြည့်နေတယ်။
"ဝုန်း!ဝုန်း!"
မြစ်ထဲက မှာ ရေလှိုင်းတွေ ရုတ်တရက် ထကြီးပြီး ကမ်းနဘေးကို ရိုက်တော့ မြစ်ကမ်းဘေးမှာ ရွဲစင်ရော အိမ်ရော ရောဆောက် ထားတဲ့ ကျနော်တို့ အိမ်ပေါ် ကိုရေစက်တစ်ချို့ စင်လာတယ်။
အဖေ က တွေခနဲ တစ်ချက် စဉ်းစားပြီး အိမ်ရှေ့ တံတားစင်ပေါ် ကို မဆိုင်မတွ လှမ်းလျောက် သွားပါ တယ် ။ပြီးတော့ မျက်မှောင်ကြုတ် မြစ်ထဲ ကြည့်နေတယ်။ ခဏကြာတော့" ဇော်မိုးထက် တီဗွီ ပိတ်လိုက်တော့သား"
"မထွေးကြည် ဒီကိုလာကြည့်စမ်း"
"ဘာလဲ ဘာဖြစ်လို့လည်း"
အမေ က မေးလည်းမေးရင်း အဖေ့ ဆီကို ဟင်းချက်ရင်း ကနေလျှောက်သွားတယ်။
ပြီးတော့အဖေ က အမေ့ ကို
"မနက်ကရေ ဘယ်နှစ်နာရီ ကျတာလဲ"
"ဆယ့်တစ်နာရီလေ"
"အခု သုံးနာရီ မို့လား"
"အင်း...ဟုတ်တယ်"
အမေ က အိမ်ထဲက တိုင်ကပ် နာရီ ကို လှည့်ကြည့်ရင်းဖြေလိုက်တယ်။
"ဒါဆိုရင် တော့ တစ်ခုခု လွဲနေပြီ ။ ရေက ကျတာခြောက်နာရီ မကြာဘဲ လေးနာရီ အတွင်းမှာပြန်တက် လာ တယ်။ မင်းမြစ်ထဲ ကိုကြည့်လိုက်စမ်း"
"ဟင်"
"ဟာ...ဘယ်လိုဖြစ်တာလဲ ရေက ကျနေရင်း ကနေ ချက်ချင်းပြန်လှန် တက်လာတယ်"
ပင်လယ်ဖျံ ကို ဘိလေးပါ တစ်အံ့တသြဖြစ်ရလေသည်။
ဟုတ်ပါတယ်။ တကယ်တော့ ဘယ်အရပ်ဒေသ မဆို ရေတက်ခြောက်နာရီရေကျခြောက်နာရီပဲ ရှိတယ်။ အတက် အကျလေးကြိမ် ဆို ဒါ တစ်ရက်ပါ။ အခုက ရုတ်တရက် လေးနာရီ အတွင်းမြစ်ရေ က ရေဆန် ကိုပြန် လှန် တက် လာတော့ အားလုံး ပါးစပ် အဟောင်းသားနှင့်အံ့သြနေရသည်။
"ဟစ်ယောင် ဘိလေး ဟိုးမှာကြည့်စမ်း ... ဇင်ယော် တစ်အုပ်ကြီး။ ဒါ ပင်လယ်က တက်လာတဲ့ အကောင်တွေ ကွ။ နည်းတဲ့ အကောင်ကြီးတွေ မဟုတ်ဘူး"
"ဟုတ်တယ် အကိုကြီး တင်စိုး။ ပုံမှန်ဆို ကျနော်တို့ ဘက်မှာ အကောင်သေးတွေ နဲ့ အမတွေဘဲ ရှိတာ။ အခု က အကောင်အကြီးတွေ ဆိုတော့ ဒါ ပင်လယ်မှာ မုန်တိုင်းမှာ အကြီးအကျယ်ကျမဲ့ လက္ခဏာ ပဲ"
ကိုဘိလေး စကား ဆုံးတာနဲ့ အဖေ က နောက်ဖေးပိုက်စင်ဘေးမှာ ထားတဲ့ ရေပေါ်ပေါ်တဲ့ဘော့သီး အနက်တွေ ဆီ ကို တန်းသွား ပါတယ်။ ပြီးတော့ ဘော့သီး အလုံး သုံးဆယ်လောက် ရှိတဲ့ အတွဲ ကိုအိမ်ပေါ် ယူလာပြီး တံဂေးကြိုး အကြီးခွေ ကို တစ်လံလောက်တွေဖြတ်... ကြိုးသေးဖြစ်အောင်မွှထုတ် ပါတယ်။
အဖေ့ လုပ်ရပ်ကို ကျနော် နားမလည်နိုင်ပါ။ ဒါပေမဲ့ ကျနော်ဘာမှ မမေးဘဲကြည့်နေတယ်။
" မထွေးကြည်... သား နဲ့ သမီးကို ထမင်းကျွေးထား"
"အခု မှ သုံးနာရီ ရှိသေးတာ ကို ဘာဖြစ်လို့လည်း"
"ကျွေးမှာ သာ ကျွေးထား စမ်းပါ"
အဖေ က ပြောလည်းပြောရင်း ဘော့သီးတွေ ကိုဖြုတ်ပြီး ငါးလုံး တစ်တွဲ ကြိုးနဲ့ အခိုင်အမာ တစ်ခုချင်း တွဲနေ ပါတယ်။
အချိန် က သုံးနာရီကျော်ပဲ ရှိသေးတာမို့ ကျနော် ဗိုက်မဆာ တာကြောင့် ကျနော် ထမင်း မစားပါ။
ညီမလေး ကတော့ အမေနှယ်ပေးတဲ့ ငြုပ်သီးစိမ်းချက် အရည် ပါးပါးလေးရယ် ပဲနီလေးရေဖွ ကြော်ရယ် တော ကြက်သား နဲ့ တစ်ယောက်တည်း ထိုင်စားနေတယ်။
ပြီးတော့ ကျနော် တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ခဲ့တယ်။
"ညီမလေး ... ကိုကို့ ကို ထမင်း တစ်လုပ်လောက် ခွန့်"
ဟုတ်တယ်။ ကျနော် တစ်ခါမှ ညီမလေးကို ထမင်း မခွန့်ခိုင်းဖူးပေ။ အခုလို ငြုပ်သီးစိမ်းနဲ့ ပဲနဲ့ဆို ပိုဝေး။ အခုတော့ သူစားနေတာကြည့်ပြီး စားချင် လာတာကြောင့်ကျနော်တောင်းဆိုမိလေသည်။
ညီမလေး က အထူးအဆန်းလိုဖြစ်ပြီး ကျနော့ကို စိုက်ကြည့်နေပါတယ်။ ထိုခဏ အတွင်းကျနော့်ရင်ထဲ ဘယ်လိုကြီးမှန်း မသိ။
"အင့်... ပါးစပ် ဟလေ ကိုကို"
"အင်းနောက်တစ်လုပ် ခွန့်အုံး"
"အင့်"..."ရော့"
ညီမလေး ခွန့်တဲ့ ထမင်းသုံးလုပ် ကို ကျနော် ပလုပ်ပလောင်း စားပြီး သူ့ခေါင်း က ဆံပင်တွေ ကို ပွတ်သပ် ကျီစယ် လိုက်တယ်။ ညီမလေး က ကျနော့် ကို မျက်စောင်း ထိုးပြီး
" ကိုကိုနော်...ညီမလေး အစားကျတော့ စားပြီး ကိုကို့ အစားကျရင်လည်း ညီမလေးကိုကျွေးရမယ်"
အဖေ က ငါးလုံးတစ်ခိုင်ဘော့သီးတွဲ ငါးတွဲ ကို ကြိးတွေနဲ့ အခိုင်အမာ ချည်ထားပြီး တစ်ခိုင်ခြင်း စီမှာ ကြိုးစ တစ်ခုစီ ထုတ်ထားပါတယ်။
ဒီတော့ မှ ကျနော် "ဪ...ဒါ မုန်တိုင်း ကျပြီးရေတက် လာရင် ရေ မနစ်ဖို့ အတွက် ဘော့သီး တစ်ယောက် တစ်ခိုင်" ပေါ့လို့ မတွေးရဲတွေးရဲတွေးလိုက်တယ်။
ဒါပေမဲ့ ဒါက ဖြစ်မှ မဖြစ်နိုင်တာကိုး ။ အရင်လည်း မုန်တိုင်း က ကျနေကျဘဲ။ မုန်တိုင်း ကျရင် အပြင်းထန်ဆုံး အိမ်ခေါင်မိုးနည်းနည်း လန်ရုံပေါ့။ ရေက အိမ်ပေါ် ကို တစ်ခါမှ မတက်တာ...ဒီဘော့သီးတွေ ဘာလုပ် ရမှာ တုန်း။
ကျနော် ကလေးပြီပြီ အဖေ့ ကို ဘာမှ မပြောဘဲ သာနေလိုက်တယ်။
ဒါပေမဲ့............
"ဝေါ...ဝေါ...ဝေါ..."
ရုတ်တရက် နေပူကြဲတဲကြီး မိုးတွေ ရွာချလာတယ်။
"ဝူး ဝူး ဝူး"
မိုးတင် မဟုတ် လေပါ အပြင်း ပါလာပါသည်။
မိနစ်နှစ်ဆယ် အတောအတွင်းကောင်းကင် က မည်းညစ်စွာ အုံ့ဆိုင်းသွားတယ်။
တကယ့်ကို မယုံနိုင်စရာပါဘဲ။ မြစ်ရေ က တရှိန်ထိုး တက်လာတယ်။
သောင်ပေါ်နေတဲ့မြစ်ဆိပ် ကနေ အိမ်ရှေ့ တံတား တစ်ဝက်နီးပါး ထိ ကို မိနစ်ပိုင်း အတွင်း တက်လာတဲ့ ဒီရေ က ရေကန် ထဲကိုရေမောင်း ထည့်နေသည့်နှယ်။
ဒါပေမဲ့ ကိစ္စ မရှိ။ သူ့ဖာသာ အချိန်တန်ရင်ပြန်ကျ မှာပဲ။ အခု က မိုးရိပ်ကြောင့် ရေပါ တစ်ခါတည်း တက် လာတာ။
သို့သော်...
"ဝုန်း!...ဖြောင်း!"
အသံကြောင့် ကမ်းနား ကိုမေးငေါ့ကြည့်လိုက်တော့ စောစောပိုင်း က ကိုဘိလေးမောင်း လာတဲ့ ပင်လယ်ကောင် လှိုင်းပုပ် ဒဏ်ကြောင့် တံတား ကိုပြေးဆောင့်ပြီး တံတားအောက်ခြေ တိုင် နှစ်တိုင် ကျိုးသွားလေ သည်။ အားလုံး ပါးစပ်မှာ"ဟာ" သော အာမေဋိတ် အသံတွေ ထွက်ကုန်သည်။
အမေ့ကို လှည့်ကြည့်လိုက်တော့ အမေ့ မျက်လုံး အဝိုင်းသား။
နာရီ ကိုကြည့်လိုက်တော့ ငါးနာရီ ထိုးခါနီးပြီ။
ရေက မျက်စိအောက်တွင် တဖြည်းဖြည်းချင်း အသက်ဝင်လျှက်။
တံတား ကနေ ရေစင်အောက်ဖျားကို စွဲလာတယ်။
ရေစင် ကနေ အိမ်ကပန်းကို စွဲလာတယ်။
မိနစ်ပိုင်း အတွင်း အမှောင်က တဖြည်းဖြည်းချင်း လွှမ်းလာတယ်။
ပြီးတော့ အမေ က ဘယ့်သူ့ကိုမှ ဘာမှ မပြောဘဲ ဘီရို ကိုပြေးဖွင့်တယ်။
သူ့ရဲ့လက်ဝတ်တန်ဆာတွေကို တစ်ခုမကျန် အကုန် ဝတ်တယ်။
ပြီး တန်ဖိုးရှိ ပစ္စည်းတွေ နဲ့ စာရွက် စာတမ်း အကုန်လုံး ကိုသေတ္တာ တစ်ခုထဲ ထည့်တယ်။ ညီမလေးနဲ့ ကျနော့ကို ချမ်းနေမှာ စိုးလို့ အနွေးထည် တစ်ထည်စီ ထုတ်ပေးပြီး ဝတ်ခိုင်းတယ်။
ပြီးတော့ မနေ့က မှ အဖေမြို့က ဝယ်လာလို့ ကျနော် ဟိုလန်ကြည့် ဒီလှန်ကြည့်နဲ့ ပွနေတဲ့ ရှစ်တန်း ပုံနှိပ် စာအုပ်တွေ ကို တစ်အုပ်ချင်း စုကောက်ပြီးသေတ္တာထဲ ထည့်တယ်။ အဖေ ကတော့ ကြပ်ကြပ်တည်းတည်း စဉ်းစားနေပုံ နဲ့ ငြိမ်သက်နေပါတယ်။
အမေ က ဘီရိုထဲ က ဟာတွေ အကုန်ထုတ်...ဟိုဟာကောက် ဒီဟာကောက် နဲ့သေတ္တာထဲ သူ ထည့်ချင် တာတွေ ထည့်ပြီးတော့
"ဖေကြီး တို့ ဒီသေတ္တာ ကို နောက်ဖေး ထင်းစင်ဆီကို ပို့ရအောင်"
အဖေကြီး က အမေ့ ကို ဘာမှ မပြောဘဲ သေတ္တာကို အမေတစ်ဖက် သူတစ်ဖက် ဆွဲပြီး နောက်ဖေး ထင်းစင် ကို ထွက်သွား ပါတယ်။
ပြီးတော့ အဖေ ကနောက်တစ်ခေါက်ပြန် လာပြီး ကိုဘိလေး ကို
"ဘိလေး...လာအုံး"
ကိုဘိလေး အဖေ့ခေါ်ရာနောက်ကို လိုက်သွားပြီး ပြန်လာတော့ အနောက် ထင်းစင်ကနေ ထင်းအိပ် တစ်ယောက် တစ်အိပ်စီ ထမ်းလာကြတယ်။
ရေ ဒူးခေါင်းမြုပ် နဲ့ မိုးထန်လေထန်ထဲ ထင်းအိပ်တွေကို ဘာ့ကြောင့် သယ်နေသလဲ မသိတာကြောင့် ကျနော် နဲ့ ညီမလေး က အိမ်ထောင့် တစ်နေရာ ကနေ ကုပ်ကုပ်လေး ထိုင်ကြည့်နေ မိတယ်။
ဒီလို နဲ့ အမေ ရယ် အဖေ ကိုဘိလေးရယ်ကြောင့် အိမ်ပေါ် က ထင်းအိပ်တွေ အတော်တော် များများရောက် လာတယ်။ သူတို့ အိမ်ပေါ်တက် လာတော့ အားလုံး စိုရွှဲနေကြပြီး။
အမေ့ မျက်နှာ ကိုကြည့်တော့ သိပ် မကောင်း။ ကျနော်တို့ ကို ဘာမှ လည်းမပြော။ သူ့ရေစို ဝတ်တွေကို အဝတ်ခြောက်တွေ နဲ့ စိတ်မပါ ပဲ လဲနေတာတွေ့ရတယ်။
ကိုဘိလေး နဲ့ အဖေ ကတော့ အိမ်ပေါ် မတ်တပ် ရပ်လျှက် ပတ်ဝန်းကျင် ကိုကြည့်လို့ မြစ်ထဲ ကိုကြည့်လိုက်နဲ့ မျက်နှာတွေအေးစက် တည်ငြိမ်နေကြသည်။
ဒီလို နဲ့ ရေ က ကျနော်တို့ခြေဖျားတွေ ထိ ထိလာလို့ ကျနော်တို့မောင်နှစ်မ မတ်တပ် ရပ်လိုက်ရတယ်။
အိမ်ရှေ့ က ပင်လယ် လမု (ကမ့်ပလာ) ပင်တွေ နဲ့ အိမ်ရဲ့ အကာအရံတွေကြောင့် အိမ်ထဲမှာရေ က လှိုင်းကြပ် ခွပ်လောက် သာရှိပေမဲ့ မြစ်ထဲမှာ ဘယ်လောက် လှိုင်းကြီးနေမလဲ ဆိုတာ မြစ်ကမ်းဘေးနေတဲ့ ကျနော်တွေးယူလို့ ရပါသည်။
ခြေဖဝါး ကနေ ခြေခုံ...ခြေခုံ ကနေခြေသလုံး...ခြေသလုံး ကနေ ဒူးဇစ်ထိ တက်လာတော့ အဖေ နဲ့ ကိုဘိလေး က ဘီရိုကြီး ကို ဆွဲလှဲ လိုက်ပါတယ်။ ပြီးတော့ အမေ၊ ညီမလေး နဲ့ ကျနော့် ကို ဘီရိုပေါ် တက် ခိုင်းပြီး အသင့် လုပ်ထားတဲ့ ဘော့သီးခိုင်တွေ ကို အဖေ က ကြိုးနဲ့ ခါးကို လိုက်ချည်ပေးပါတယ်။
ပြီးတော့ အဖေက တည်ငြိမ်တဲ့လေသံ နဲ့ ကျနော်တို့မောင်နှမ ကို...
"သားရော သမီးရော အဖေကြီးပြော ပြမယ် နားထောင်။ တကယ်လို့ရေတက် လာလို့၇ှိရင် ဒီဘော့သီးကြိုးကို ခါးကနေ မဖြုတ်လိုက် နဲ့နော် ကြားလား"
"ဟာ...အဖေကြီး ကလည်း ညီမလေးရော သားရော ရေကူး တတ်တာဘဲ ကို ဘာဖြစ်လို့လည်း"
"အဲ့ဒါတွေ မပြောနဲ့ အဖြေပြောသလိုကြိုးကိုသာ မဖြုတ်ပြစ်လိုက်ကြနဲ့ကြားလား"
ပြောလည်းပြော အဖေက ကျနော်တို့ ခါးမှာချည်ထားတဲ့ဘော့သီးကြိုးတွေ ကို သေချာ ခိုင်ခံ့အောင် ထပ်ပြီး ချည် လိုက်ပါတယ်။
ပြီးတော့ အမေ့ ကို
"အမေကြီး ချမ်းနေပြီလား။ မင်းတောရှောက်ဆေးစိမ် ကို အဖေကြီးသေတ္တာ ထဲ ထည့်လိုက်ပါတယ်ကွ"
ဟုတ်ပါတယ်...အမေ က လေငန်းရောဂါ ရတော့ အချမ်း မခံနိုင်ဘူး။ ချမ်းရင်လေငန်း ထတတ် တာကြောင့် တောရှောက်သီး ကို အရက် နဲ့ စိမ်ထားနှပ်ထားတဲ့ ဟာ ကို ခန္ဓာကိုယ်မှာ လူးရတာ။
အမေ ကတော့ အဖေ့ ကို ဘာမှ မပြောဘဲ ဒီအတိုင်းကြည့်နေပါသည်။
ပြီးတော့ ကျနော် တို့မောင်နှမကို လက်နဲ့ သိုင်းဖက်ပြီး ရင်ခွင်ထဲ ဆွဲသွင်း လိုက်တယ်။ ကျနော်တို့ ခါး ကဘော့သီးတွေ ဟာရေထဲ မှာလှိုင်းကြပ် ခွပ်လေးတွေကြောင့် လှုပ်လှုပ်ရွရွဖြစ်နေပါတယ်။
ကျနော် တို့ တက်ထိုင်နေတဲ့ ဘီရိုကြီးမြုပ်သွားတော့ ထင်းအိပ်နှစ်အိပ် ကို ကိုဘိလေး နဲ့ အဖေကြီး က ထပ် လိုက် တယ်။ ကျနော်တို့ကို အဲ့ဒီ အပေါ် တက်ထိုင်ခိုင်းရင်း အဖေ နဲ့ ကိုဘိလေး လည်းဘော့သီးတွဲတွေ ကို ခါးမှာ ချည်လိုက်ကြ ပါတယ်။
ခဏကြာတော့ တင်လိုက် တဲ့ ထင်းအိပ်တွေ ထပ်မြုပ် ပါတယ်။ ဒါ့ကြောင့်နောက်ထပ်နှစ်အိပ် ထပ်တင် လိုက် ရတယ်။ ဒီတော့မှ ကျနော်ကြောက်ရမှန်း သိလာတယ်။ ဒါက ပုံမှန်ဖြစ်နေကြ မဟုတ်တော့။ရေ တက်တိုင်း ထင်းအိပ်တွေ ထပ်တင်ရင်း ကနေကျနော်တို့ မိသားစုဟာ တဖြည်းဖြည်း အိမ်ခေါင် နဲ့ နီးကပ်လာပါတယ်။
"ဝုန်း!ဝုန်း!ဝူး. . . . ."
လေ နဲ့ မိုး နဲ့ ကတော့ သနား သဖြင့် နည်းနည်းလေးမှ ရပ်မသွားပါ။ ပို၍သာ ဆိုးလာသည်။ အဖေကြီး က အမှောင် ထဲမှာ ဓာတ်မီး တဝင်းဝင်းနှင့် အလုပ် ရှုပ်နေသည်။ လက်ထဲက ဓားနဲ့ အိမ်ခေါင်ပေါ်ကို တွယ် တက် သွားပြီး ကြိမ်နှီး နဲ့ တုပ်ထားတဲ့ ဓနိတွေ ကို ခုတ်ဖြတ်နေပါတယ်။
အိမ်ခေါင် ပွင့်သွားတော့ အဖေကြီး က ကျနော် အမေ နဲ့ ညီမလေး ကို ရေမွန်းမှာ စိုးလို့ ထုတ် တန်းပေါ်ခြေထောက် နင်းစေပြီး အပေါ် ကိုခေါင်းပြုထွက်စေပါတယ်။
ဒါပေမဲ့ မရ။ ပြင်းထန် တဲ့လေ နဲ့ အတူ ကျလာတဲ့ မိုးစက်တွေ က ကျောက်စရစ် ခဲနဲ့ခေါင်း ကိုပြစ်နေသလို ။မြစ်ရေ လှိုင်း ကပါ တဝုန်းဝုန်း ရိုက်တာကြောင့်ဘယ်လို မှခေါင်းပြူထွက်လို့ မရချေ။ သို့ပေမဲ့ အိမ်အတွင်း ထဲ လည်းရေပြည့်နေပြီး အသက်ရှုလို့ မရတော့ တာကြောင့်အဖေ က ညီမလေး နဲ့ အမေ့ ကို ဘယ်တစ်ဖက် ညာ တစ်ဖက် ကိုင်ပြီး အပေါ်ကို ထိုးထွက် ပါတယ်။
အမေ ကတော့ ကျနော့ လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း
"သား မကြောက်နဲ့နော်...ရေတွေပြီးရင်ပြန်ကျ သွားမှာ"
လှိုင်းပုပ် ဒဏ်ကြောင့် ခန္ဒာကိုယ် ယိမ်းထိုးနေရင်းကြားကနေ အမေ က ကျနော့် ကို သူ့ ရင်ခွင်ထဲ ဆွဲသွင်း ပါတယ်။
ပြီးတော့ ကျနော့်ခေါင်း ကို နမ်းရင်းလေသံလား ရှိုက်သံလား မသဲကွဲတဲ့ အသံ တစ်ခု ကိုကြားလိုက်တယ်။
ကျနော်လည်း ဘာကြောင့်မှန်း မသိ ဝမ်းနည်း လာပါသည်။ အမေ ဒီလိုခေါင်းကို တစ်ခါမှ မနမ်းဘူး။ ပြီးတော့ ကျနော့်ကို သူ့ရင်ခွင်ထဲ ကျစ်နေအောင် ဖက်ထားတယ်။
ညီမလေး နဲ့ ကျနော် က တစ်နှစ်ပဲ ကွာတာကြောင့် အစောကြီးနို့ ဖြတ်ခဲ့ရတဲ့ ကျနော် ဟာ အခု အမေ့ရဲ့ နို့ချို နှစ် လုံးခြား မှာ မျက်နှာ အပ်ရင်း ဝမ်းနည်းစွာ မျက်ရည် ကျနေရတယ်။ အမေ့ ရဲ့ ကိုယ် ခန္ဒာ အစိတ် အပိုင်း နဲ့ ထိစပ်နေတဲ့ ကျနော့်ရဲ့ အသားတွေ အကုန်လုံးနွေးထွေးနေရပါတယ်။ ပြီးတော့ အမေ က ညီမလေး ကို လက်လှမ်း ဆွဲတယ်။ ဒါပေမဲ့ အဖေ က ဟန်ချက် မညီဘဲ လှိုင်းဒဏ် နဲ့ ပါ သွားမှာစိုးလို့ ခွင့် မပြု ပါဘူး။
အခု မှ သတိထား မိတယ်။ အဖေ က ကျနော်တို့ သားအမိ သုံးယောက်စလုံး ကို ဖက်ထားတယ် ဆိုတာ။
ဒီလောက်လေ နဲ့ လှိုင်းရိုက်ချက်တွေကို အဖေကြီး ဘယ်လို ထိန်းထား သလဲကျနော်တွေး၍ မရပါ။
"သမီးလေး"
အမေ့ ရဲ့အသံ က ဟန်မဆောင်နိုင်ပဲ ငိုသံ ပါသွားပါသည်။
"အမေ့ သမီးကြောက်တယ်"
ညီမလေး ငိုပြီးအော်ပြောတယ်။
ကျနော်တို့ သားအမိတွေ ဇာတ်တိုက် ထားသလို သံပြိုင် ငိုမိလိုက်ကြတယ်။
အမှောင်ထဲ က အဖေ့မျက်နှာ က လျှပ်စီး တစ်ချက် လျှပ်တိုင်း မချိတင်ကဲ အံကြိတ်နေတာကို အထင်း သားမြင်နေ ရတယ်။
သို့သော် နာဂစ်ကြီး က ကျနော်တို့ မိသားစုကို အလွမ်းသယ်ဖို့ အချိန် အကြာကြီး မပေးပါ...
"ဝုန်း!"
အသံတစ်ခုပြင်းထန်စွာ နားထဲေ၇ာက်လာတယ် ။ အရာ အားလုံးမှောင်သွားတယ်။ ဘာဆို ဘာမှ မသိလိုက်။ အဲ့သည့် တစ်ခဏ ကို ကျနော် ယနေ့ထိတိုင် အာရုံထဲဖော်မရ။ ခဏခြင်းလောကကြီး တိတ်ဆိတ်ပြီး အချိန်တွေ ရပ်တန့် သွားသလို ဘာဆိုဘာမှ မသိလိုက်တဲ့ ထိုခဏ။
လောက ရဲ့ကောက်ကျစ်စဉ်းလဲမှု ညဏ်က ကုန်သွားလို့များ အမှောင်ပြကွက် တစ်ခု ချလိုက်လေသလား။
ဘာဆို ဘာမှ မသိတော့ပေ။
ကျနော် သတိရတော့ ပါးစပ်ထဲ ဆားငန်ရေတွေ နဲ့ မိုးသီး စိတွေပြည့်နေ တယ်။ အသက်ရှုဖို့ ကြိုးစားရင်း ကနေ ဆားငန်ရေတွေ ပါးစပ်ထဲ ဝင်တာ ဘယ် မနည်းမနော။ ကျနော်ရေထဲ ကိုယ့်ဖော့ပြီးဘော့သီးကြိုးကို အဆုံးထိ ဆွဲယူတော့လေး လိုက်တာ ။ပေါ့ပါးတဲ့ဘော့သီးတွေ ဟာရေပေါ်ကိုလျောလျောရှုရှု ပါမလာဘဲလေး လံနေတာကြောင့် ကျနော့် ခန္ဒာကိုယ် သာဘော့သီးနောက်ကို ပါသွားတယ်။
အနားရောက် မှ သိလိုက်ရတာဘော့သီး မှာ တစ်ခုခုငြိနေပြီ ဆိုတာပဲ။ ကျနော် လက်နဲ့ လိုက်ပတ် စမ်းကြည့်တော့ ကြိုးတစ်ချောင်း။ ကျနော် ဝမ်းသာ သွားသည်။ မိုးရေ လေ တအုန်းအုန်းချနေ လို့မှောင်မိုက်တဲ့ ပတ်ဝန်းကျင် ကို မမြင်ရပေမဲ့ ဒီဘော့သီးခိုင် နဲ့လာငြိနေတဲ့ကြိုး ဟာကျနော်တို့ မိသားစုဝင် ထဲက တစ်ခုဖြစ် ရမယ်။
ထပ်စမ်းကြည့်လိုက်တော့ ဘော့သီး အရေတွက်က များနေတယ်။
"ဘယ်သူ လဲ အဖေကြီးလား အမေလား ညီမလေးလား"
ကျနော်အော်ခေါ်လိုက်ရင်း ကနေ ဘော့သီးကြိုးစ ကို လက်နဲ့ ထိမိတော့ ကြိုးကရေထဲ စိုက်နေတယ်။
ကျနော် စိုးရိမ်စွာ နဲ့ အလျှင်အမြန် ဆွဲတင်ပြီး လူကို စမ်းမိတော့ အမေဖြစ်နေတယ်။ ကျနော့် ကိုယ် ကို ဘော့သီးနှစ်ခု အကြား တင်စေပြီး အမေ့ ကိုရေ မမွန်းအောင် ဆွဲတင်လိုက်တယ်။
အမေ က မလှုပ်မယှက် နဲ့ခေါင်းငိုက်စိုက်ကြနေတယ်။
"အမေ! အမေ! အမေ! အမေ! အမေ!"
ကျနော် ဝမ်းနည်း တုန်လှုပ်စွာ အသံခြစ်ခေါ်ရင်း အမေ့ကို ရှိသမျှ အားနဲ့ လှုပ်ရမ်းပါတယ်။
အမေ က တှုပ်တှုပ်မျှ မလှုပ်လေ ကျနော်အော်ခေါ်လေ။
မိုးရေထဲ အမေ့ခေါင်းနဲ့ ကျနော့်ခေါင်းတွေကျောကုန်းတွေ ကို မိုးသီးတွေ က အရှိန်ပြင်းစွာ ရွာချလို့ စပ်ဖျင်းနေအောင် နာတယ်။ တစ်ခါ တစ်လေ ရေထဲမျောပါလာတဲ့ သစ်သားချောင်းတွေ က လှိုင်း နဲ့ အတူ ကျနော်နဲ့ အမေ့ ကို ရိုက်ပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာလေဟာ တစ်ဝက်လောက်ငြိမ်သွားတယ်။ ပတ်ဝန်း ကျင်က ငိုသံ အော်ဟစ် အကူအညီတောင်းသံတွေ ကိုကြားနေရတယ်။ ကျနော်လည်း အဖေ့ ကို သတိရပြီးအော်ခေါ် လိုက်ပါတယ်။
ကျနော့် ငိုသံပါနဲ့အော်ခေါ်တာ ကို အဖေကြားပြီး
"သားလား! ဇော်မိုးထက် လား"
"ဟုတ်တယ် အဖေကြီး အမေ လည်း ဒီမှာ"
"အေး အဖေ လာပြီ"
ကျနော့်တို့ သားအမိ အနားကို အဖေ ကူးလာပါတယ်။
ပြီးတော့ အမေ့ ကို ခါးကနေ သိုင်းကိုင်ပွေ့ပြီးအော်ခေါ်ပါတယ်။
အမေ က လုံးဝကို မလှုပ်တော့။
ပြီးတော့ အဖေ က အမေ့ ကို ရင်ဘတ်တွေ စမ်း နှာခေါင်းတွေ စမ်း လုပ်ပါတယ်။
ပြီးတော့ အံကြိတ် သံနဲ့ အမေ့ နာမည်ကို အကြိမ်ကြိမ်ခေါ်တယ်။
ကျနော် က အမေ့ အနွေးထည်စကို ကိုင်ပြီး အဖေ နဲ့ အတူ ဝိုင်းကူ မပေးပါတယ်။
အဖေ ကပြီးမှ သတိ ဝင်လာပုံနဲ့
"သား မင်းရောဘာဖြစ်သွားသေးလဲ။ မင်းအမေ ကို ဘယ်လိုတွေ့လဲ...မင်း ညီမလေး အသံရောကြားလား"
"သား က ဘာမှမဖြစ်ဘူး။ အမေ့ ကိုတွေ့တာ က အမေ့ဘော့သီးကြိုး နဲ့ သားဘော့သီးကြိုးနဲ့ လိမ်ပြီးငြိနေ လို့... ညီမလေး အသံတော့ သားမကြားဘူး အဖေကြီး"
"ဘာ...မင်း အမေကြိုး နဲ့မ င်းကြိုးနဲ့ငြိနေတယ် ဟုတ်လား"
အဖေ ကပြောပြော ဆိုဆို ကျနော့်ဘော့သီး နဲ့ အမေ့ဘော့သီးငြိနေတာ ကို လက်နဲ့ စမ်းကြည့်တယ်။
ပြီးတော့ အမေ့ ကို တစ်ချက်ကြည့်ပြီး"မဖြစ်ဘူး။ဖြုတ်မှ ရမယ်" ဆိုပြီးကျနော် နဲ့ အမေ့ဘော့သီး ကိုဖြုတ်တယ်။
အဖေဖြုတ်လို့ မပြီးခင် မှာ အရပ်ရှစ်မျက်နှာ ကနေ လေဟာ အသံမျိုးစုံ နဲ့ ထပ်ပြီး တိုက်ခိုက် လာ တယ်။ လှိုင်း နဲ့ အက်ဆစ် လိုပြင်းထန်တဲ့ မိုးသီးတွေ ဟာ နောက်တစ်ကြိမ် ကျနော်တို့ ကိုနှိပ်စက်ဖို့ တစ်စခန်းပြန်ထ လာ ကြ တယ်။
ကြိုးက ဘယ်လောက်ထိ လိမ်ပတ်နေသည် မသိ အဖေတော်တော် ကိုကြိုးစားဖြုတ်နေရသည်။
ပါးစပ် ကလည်း"သား...မင်းဘော့သီးကို ဘယ်တော့ မှ မလွှတ်လိုက်နဲ့နော်" လို့ တတွတ်တွတ် သတိပေးနေ တယ်။ ဒါပေမဲ့ ကြိုးဖြည်လို့ မပြီးခင်မှာပြင်းထန်တဲ့ လှိုင်းလုံး တစ်လုံး ကျနော်တို့ သားအမိ သားအဖ သုံးယောက်ဆီကို ကျလာ ပါတယ်။
"ဝုန်း!"
ဒုတိယ အကြိမ်လောကကြီးပြန်ပြီး ကျနော့်အာရုံထဲ တိတ်ဆိတ် သွားပြန်ပါတယ်။ အမှောင် တိုက်ကြီး ကျနော့် ကိုယ်ပေါ် အချိန်ဘယ်လောက်ကြာအောင် ဖုန်းလွမ်းသွားသည် မသိ ကျနော် သတိရတော့ ကျနော်က အမှိုက်တွေ လို အပုံကြားထဲ ။ဘာမှ လည်းသေချာ မမြင်ရ။ ကျနော့် ခါးကို မ်းကြည့်တော့ဘော့သီးကြိုးက ရှိနေ သည်။ဘော့သီးကြိုးစမ်းရင်းမှ အမေ့ ဖျက်ကနဲ သတိရလိုက်သည်။
အမေ...
ဘယ်ရောက်သွားတာလဲ။ကြိုးပြုတ် သွားတာလား။ ဒါမှ မဟုတ် အဖေကြီး နဲ့ ပါသွားတာလား။ ကျနော်တွေး ရင်း လျှပ်စီး လျှပ်ချိန်ဘေးကို ဝဲကြည့်တော့ လှစ်ကနဲ လှစ်ကနဲ မဲမဲနဲ့မြင်လိုက်ရတဲ့ အရာတွေ။
ဘာတွေ မှန်း မသိလို့နောက်တစ်ကြိမ် လျှပ်စီးလျှပ်ချိန်သေသေချာချာကြည့်မိတော့ သစ်ပင်တွေဖြစ်နေတယ်။
ဒီတော့ မှ ရေစီးအား က ဒီလောက်ထိကိုမြန်နေရတာ ကို သတိ ထားမိတယ်။ မယုတ် မလွန်ပြောရရင် အဲ့ဒီ အချိန်ရေစီးအား အလျှင်ဟာ အခု ရန်ကုန်မြို့ပတ် ရထားအလျှင်ထက် မများ ရင်တောင် မလျော့ဘူး။
နာရီတွေ အတော်ကြာလာ တဲ့နောက်ရေစီး အားဟာလျော့ကျ သွားတယ်။လေတွေရေတွေ လည်းတော်တော် စဲ သွားတယ်။ ခဏကြာတော့ ကျနော့်ရှေ့တည့်တည့် မှာ လျှပ်စီး အလင်းရောင် နဲ့ အတူ သစ်ပင်ကြီး တစ်ပင် ကိုတွေ့တာ နဲ့ ဒီ သစ်ပင်ပေါ်ကို တက်ပြီးနေခဲ့ ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီရေစီးနဲ့ လိုက်သွားလျှင် အိမ်နဲ့ အတော်ဝေးသွားနိုင်သည်။ သို့သော် သစ်ပင် ပင်စည် ကို လှမ်းဖက်ချိန် မှာ ရေစီးအား ကိုလျော့တွက် မိတဲ့ကျနော် ဟာ ပင်စည်ကို ဖမ်းတဲ့နေရာမှာ လက်အာ ထွက်သွားသည်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ အဖေ ချည်ပေးလိုက်တဲ့ဘော့သီးကြိုး ဟာသစ်ပင် ကိုင်းနဲ့ငြိနေပြီး ကျနော် အမှိုက်ပုံ က လွတ်လို့ သစ်ပင်ပေါ် ကျန်ခဲ့တယ်။
တုန်လှုပ်ခြောက်ခြားစွာနဲ့ သစ်ပင်ပေါ်မှာ ကျနော် မိုးလင်းသည်အထိစောင့်ခဲ့တယ်။ နာရီတွေ အတော် ကြာတော့ တဖြည်းဖြည်းချင်း လင်း လာတယ်။ ရေတွေ အားလုံးငြိမ်သွားတယ်။ မိုးရေတွေ တစ်ပေါက်မှ မကျတော့ဘူး။လေ က လည်းငြိမ် သွားတယ်။ ရေက ပင်စည် ကနေ တစ်ရစ်ခြင်း စီကျနေတော့ ကျနော် အလိုက်သင့် လိုက်ဆင်း တယ်။
ဒီလို နဲ့ မိုးလည်း စင်စင်လင်း ကျနော်လည်း သစ်ပင်ခြေရင်း ကိုရောက်တယ်။ ဘေးပတ်ဝန်းကျင် ကိုကြည့် လိုက်တော့ ကျနော်ခြံ စပ်ကြီး တစ်ခုမှာ ။ဘေးမှာ က လယ်ကွင်းတွေ နဲ့။ကောင်းကင် ကိုမော့ ကြည့်တော့ နေခြည်နုနု နဲ့ မနေ့ ညက သူ မဟုတ်သလို အဖြူရောင် မိုးသားတွေ နဲ့ လင်းနေတယ်။
သစ်ပင်တွေတော့ လဲကျလို့။ ကွင်းထဲမှာ ကျွဲတွေသေနေတယ်။ ဝက်တွေသေနေတယ်။ ဆိတ်တွေသေနေ တယ်။ ငါး အကြီးကြီးတွေ ဗိုက် အဖွေးသားကြီးတွေနဲ့သေနေတယ်။ မြွေတွေသေနေတယ်။ ယုတ်စွ အဆုံး ဘဲတွေ မန်ဒါလီတွေ ပါသေနေတယ်။
ပြီးတော့ လယ် ကန်သင်းဘောင်ပေါ် ကားယား ခွသေနေတဲ့ အယုတ် အလတ်အမြတ် မရွေး လူသေတွေ ...သစ်ပင်ပေါ်မှာ သစ်ကိုင်းပေါ် ကားယား ချိတ်သေနေတဲ့ သူတွေ...ရေအိုင်ထဲ ဝမ်းလျားမှောက်သေနေတဲ့ လူတွေ...ယောကျာင်္း မိန်းမ မနည်း။
ကျနော် လှပတဲ့ကောင်းကင် နဲ့ အတူ ဝမ်းနည်းစရာမြေပြင် ကို သွေးပျက် မှင်သက်စွာ အချိန်ကြာကြီး ကြည့်နေ တုန်း...
"ဗွမ်း ... ဗွမ်း...ဗွမ်း"
အသံကြောင့်ကျနော် ရုတ်တရက် ထိတ်လန့်သွားသည်။
လှည့်ကြည့် လိုက်တော့ အကိုကြီးနှစ်ယောက် ဦးကြီး တစ်ယောက်။
"ကောင်းလေး မင်းလည်းရေစီးနဲ့ ပါလာတာလား"
"ဟုတ်ကဲ့"
သူ့ကိုပြန်ပြောလိုက် မှ ကျနော့် ရင်ဘတ်ထဲအော်ကလီ ဆန်စရာလေတွေပြို့တက် လာသည်။
ကျနော် မထိန်းနိုင်ဘဲ အန်ချလိုက်တော့ ပင်လယ် ဆားငန်ရေတွေ က အမှိုက် တစ်ချို့နဲ့ အတူထွက်လာတယ်။
"ရေတွေ ဗိုက်ထဲ ဝင်သွားတာဖြစ်မယ်"
ဦးလေးကြီးကပြောလည်းပြောရင်း ကျနော့် ရင်ဘတ်နဲ့ကျောကို ကြင်နာစွာ ဖိပေးပါတယ်။
ကျနော့် အန်လို့ပြီးတော့
"မင်းက ဘယ်ကလည်း"
"သားက သုံးထပ်ကုန်းက ဦးဦး"
"အေး ဒါဆို ဦးတို့နဲ့ လိုက်ခဲ့။ ဦးတို့က ကြိမ်ချောင်း ကိုပြန်မှာ"
ကျနော် လမ်းတောက်လျောက် သူတို့နဲ့ပြန်လိုက် ခဲ့တယ်။
ထမင်း မစားကြ၇လို့ အားလုံးက အားပြတ်နေပြီ။
ရေတောထဲတွေဖြတ်လျှေက်နေပေမဲ့ရေငန်တွေမို့သောက်မရ။ ချောင်းတွေတွေ့ရင် တူရွင်းကို ရှာပြီး ဓနိဖောင် ကို ထိုးဖြတ်ဖောင်လုပ်ပြီးရေထဲမျောကူး ရတယ်။ ဈေးဆိုင် အပျက်တွေ ကမျောတဲ့ မုန့်တွေ က ရေတွေ ဝင်နေတာမို့ ဘယ်လိုမှ စားမရ။
သူတို့ နဲ့ နှစ်ရက် တိတိ အပြင်း လမ်းလျောက် ခဲ့ပြီးမှ ကျနော်ဟာကြိမ်ချောင်း ကိုပြန်ရောက်တယ်။ ကြိမ်ချောင်းမြို့ပေါ် ကိုရောက်တော့ အမှတ်မထင်ဘဲ ကျနော်တို့ ရွာက ကိုကျော်ထွန်း က ကျနော့်ကို လက်ပြေး ဆွဲတယ်။
"ဟစ်ယောင်လေး မင်း ကို မင်းအဖေ လိုက်ရှာနေတယ်"
"ဟာ...ဟုတ်လား ဘယ်မှာလဲ ဦးကျော်ထွန်း"
"ဟိုးက စည်ပိုင်း အစိမ်းပေါ် ထိုင်နေတာ မင်း အဖေပဲ"
တိုက်ပျက် ဆိုင်ပျက် အိမ်ပျက် ကျောင်းပျက်တွေ နဲ့ မသေတဲ့ လူတွေ ဟာ ရေထဲမျောလာတဲ့တွေ့ကရာ အဝတ်တွေ ကိုကောက် ဝတ်ပြီး အရောင် အသွေးမျိုးစုံ နဲ့ အတုံးအရုံးလဲ ပြီးတချို့ အနားယူနေကြ တယ်။
တချို့စိတ်ပျက် အားငယ်စွာ ထိုင်နေကြတယ်။ တချို့သွေးရူးသွေးတန်းအော်ဟစ်နေကြတယ်။ တစ်ချို့က ကိုယ့် မိသားစု ကိုတွေ့လို့တွေ့ငြား လိုက်ရှာနေကြတယ်။
ကျနော် အဖေ့ဆီကိုပြေးသွားပြီး
"အဖေကြီး..."
ကျနော့် ဝမ်းသာအားရခေါ်လိုက်သံကြောင့်အဖေ က စည်ပိုင်းပေါ် မှာ ငေးမှိုင်ငြိမ်သက်စွာ ထိုင်နေရင်း က အသက် ဝင်သွားတယ်။
ပြီးတော့ ကျနော့်ဆီ ကို တစ်ဟုန်ထိုးပြေးလာပြီး ခါးကနေထွေးပွေ့ပြေးဖက် ဆွဲမ လိုက်ပြီး တင်းကြပ်စွာ ဖက် လိုက်တယ်။
ပြီးတော့ ကျနော့် ပါးပြင်တွေ နဲ့ နဖူးတွေ ကို နေရာ မလပ် အငန်းမရ နမ်းရင်း ကျနော့် တစ်သက် တစ်ခါ မှ မမြင် ဖူးသော အဖေ့ မျက်ရည်တွေ ဆည်ကျိုး သလို တသွင်သွင်စီးလားတယ်။
တစ်မိနစ်လောက် အဖေ ကျနော့် ကို ရင်ဘတ်ထဲက ခွာကြည့်လိုက် ပျောက်သွားမှာစိုးသည့် အလားပြန် ဖက် လိုက် နဲ့ နုတ်ဖျား က စကားတွေ တစ်ခွန်းမှ မဆိုနိုင်။
"သားရယ်... အဖေ မင်းကို ပါ ဆုံးရှုံး ရပြီ ထင်တာ။တော်သေးတာပေါ့"
ဆို့နင့်ကြေကွဲစွာ နဲ့ အဖေ ကျနော့်ကိုပြောတယ်။
"အမေ နဲ့ ညီမလေးရော အဖေကြီး"
ကျနော် မဝံ့မရဲမေးတော့ အဖေက တိတ်ဆိတ်လျှက် မဖြေပါဘူး။
ကျနော့်ကိုသာ ရင်ခွင်ထဲ ဆွဲသွင်းပြီး အကြာကြီးငြိမ်နေတယ်။
ကျနော် အဖေ့ ရင်ဘတ်ကို တွန်းပြီး
"အမေ နဲ့ ညီမလေးရောလို့ အဖေကြီး"
အဖေကြီး မျက်နှာကို တည်ငြိမ်စွာပြုပြင်ပြီး
"သား...အဖေကြီးပြောတာကိုသေသေချာချာ နားထောင်စမ်း"
"ဟုတ်ကဲ့ အဖေကြီး"
"ညီမလေး ကတော့ အသက် ရှင်နိုင်သေးတယ်။ မင်းအမေ ကတော့ အဖေတို့တွေ့ ကတည်း က အသက် မရှိတော့ဘူး။
ဒါပေမဲ့ အသက်ရှင်ချင်လည်း ရှင်နိုင်တယ်။ အဖေကြီးတို့ အားမလျော့ပဲ ရှာကြတာပေါ့သား"
အဖေကြီး က သူ့စကား အရှိန်လွန်သွားမှန်း သိပြီးပြန်ထိန်း ပါတယ်။ ဒါပေမဲ့ ကျနော်သိနေပြီပဲ။ တစ်ကိုယ်လုံး ခွန်အားတွေ မဲ့သွားပြီးလောကကြီး တစ်ခုလုံး အဓိပ္ပါယ် မရှိတော့သလို... ဖြစ်နိုင်လျှင် ကျနော် ဒီနေရာကနေ အငွေ့ပျံသွားချင်ပါဘိ"
အရုပ်ကြိုးပြတ် နဲ့ ကျနော် အဖေ့ ရင်ခွင်ထဲကို တိုးဝင်ပြီးအဖေ့ ခါးကို မလွတ်တမ်း ဖက်လိုက်တယ်။
ပြီးတော့ ကျနော့် အသံ အဖေ့ ရင်ဘတ်ကနေ ပုဆိုးစ အထိ ကျနော့် မျက်ရည်တွေ နာရီပေါင်းများစွာ ရွှဲနစ်စေပြီး ကျနော် အပြင်လောကကြီးကို မကြည့်ရဲတော့။ အသံမထွက်ဘဲကြိတ်ငိုရခြင်းကို ကျနော် ငယ်ရွယ်စွာ ငိုတတ် သွားခဲ့တယ်။
တဖြည်းဖြည်းနေစောင်း လာတယ်။ အဖေ ကခေါင်းကို ပွတ် ကြောကို သပ်တယ်။"သားလေးရယ်"ဆိုတဲ့ အဖေ ရဲ့ကြေကွဲတဲ့ အသံကို ခဏခဏကြားရတယ်။
နေရောင်တွေ တဖြည်းဖြည်းဖျော့လာတယ်။
အဖေကျောပေး ထားတဲ့မြစ်ပြင်ကြီးထဲ ကို ကျနော် အဖေ့ ရင်ခွင်ထဲကနေ မရဲတရဲ ခိုးကြည့်တယ်။
ကြာကြာကြည့်လေ ရုပ်ရှင် အနှေးပြကွက်တွေ လို အမေ့ ရဲ့ နွေးထွေးစွာကျောင်းလာကြိုချိန်တွေ ကိုမြင်နေရတယ်။
ခဏခဏ ရန်ဖြစ်ပြီးပြန် ချစ်တဲ့ ညီမလေး ရဲ့ဆိုးနွဲ့ပုံလေးတွေ လွင့်လာတယ်။
ကျနော် မကြည့်ရဲ့တော့ ။ အဖေ ကတော့ ကျနော့်ကို ရင်ခွင်ထဲက ဆွဲခွာ...ပခုံးကို အသက်ပါပါ ကိုင်ပြီး
"သား...အဖေကြီး မှာ ဘဝတစ်ခု ရှိသေးတယ်။ အဲ့ဒါသားပဲ။ သားမှာလည်း ဘဝတစ်ခု ရှိသေးတယ်။ အဲ့ဒါ အဖေကြီးပဲ။ လောကမှာဆွေမျိုးရင်းချာ အဖေကြီး နဲ့ သားပဲ ရှိတော့တယ်"
ကျနော်မြစ်ပြင်ကြီး ထဲ မကြည့်ရဲလို့ နောက်တစ်ကြိမ်နုံးချိစွာ အဖေ့ ရင်ခွင်ထဲပြိုလဲ လိုက်တယ်။
ကျနော့် လို ဘယ်သူတွေများ အမေ ကို ချစ်မဝခင် ရက်ရက် စက်စက် ဆုံးရှုံး လိုက်ရအုံးလေမလဲ. . . . .
(ဘဝဖြစ်ရပ်မှန် ကို အမေ များ အတွက် ဂုဏ်ပြူပြီး အမေ့ အတွက်ရေးသည် ။)
07:21pm (24.1.2016)
Zaw Moe Htet
Comments
Post a Comment