သညာ မုဆိုး
ကျယ်ပြော ရှည်လျားလှစွာ တစ်ငြိမ့်ငြိမ့် စီးဆင်းနေသည့် ဧရာမြစ်ပြင်သည် ကိုညိုဒင့် ဘ၀ကို သင်ကြားပြ ဌာန်း ခဲ့ပေသည်။ အမှန် ဆိုရလျှင် ဤမြစ်ကြီးကပဲ ဘ၀ သင်္ခန်းစာများကို သင်ကြားပေးခဲ့သည် မဟုတ်ပါ။ သူ သိမှီ ခဲ့သည့် အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ မြစ်ရိုးတစ်လျှောက် ကျင်လည် ကျက်စား ၀မ်းးစာရှာခဲ့ကြသည့် ဆွေရင်းမျိုးချာများ၊ သွေးမတော် သားမစပ်သော်ငြား တစ်အူတုံဆင်း ပမာ ငါးရှာ ဖါးရှာ ထင်းရှာ ကွင်းရှာ သေတူ ရှင်တွဲများ။ ဧရာမြစ်ကြောင်းကြီးကဲ့သို့  သူ့ ဘ၀က ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြောင့်ဖြောင့်တန်းတန်း အကွေ့ အကောက် ညီညွတ်စွာ မစီးဆင်းနိုင်ခဲ့။ လေးလံနှေးကွေးတိုးတိတ်သော လှော်တက် ခတ်သံများဖြင့် စီးမျော ကျင်လည် နေသည့် သူ့ဘ၀တစ်လျှောက်လုံး ကို ဧရာမြစ်ပြင်က ထမ်းပိုးထားခဲ့ရသည် မဟုတ်လား။ ကျောက်ဆောင် အငူစွန်းမှာထိုင်ရင်း သွယ်တန်း ချထားသည့် ငါးတန်းကြိုးနှင့် လှေဝမ်းတွင်းသို့  ကိုညိုဒင် မျက်လုံး တစ်ချက် ဝှေ့ ကြည့်လိုက်သည်။ လှေဦးဖျား၌ အိပ်မောကျနေသည့် သားဖြစ်သူ ရွှေဘ ကတော့ နှစ်နှစ်ချိုက်ချိုက်။ အနောက်ဘက်ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်၏။ နေစောင်းတော့မည်။ ငါးတန်းရုတ်ပြီး ပြန်ချိန်သင့်ပြီ။ မိန်းမဖြစ်သူ မိလုံးလည်း