ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်






၁၉၆၂ ခုနှစ် ကျမ အသက် ၃နှစ်ကနေ ၁၉၆၈ ခုနှစ် ကျမ ၉နှစ် သမီးလောက်အထိ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖွဲ့စည်းပုံနဲ့ အကောင်းဆုံး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အနောက် ဂျာမဏီနိုင်ငံမှာ ဖေဖေ တာ ဝန်ကျနေတဲ့အတွက် အဲဒီမှာ ကျမနေထိုင်ခဲ့ရပါတယ်။

ဖေဖေ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံရုံးမှာ မာစီးဒီးကားကို ရုံးကား အဖြစ်သုံးသလို အဲဒီမားစီးဒီးကားကို လာမောင်းတဲ့ ဂျာမန်လူမျိုး သံရုံးဝန်ထမ်း ယာဉ်မောင်းကလည်း မားစီးဒီး ပိုင်ပါတယ်။ သူပိုင် မားစီးဒီးနဲ့ လာပြီး ရုံးကား မားစီးဒီးကို ပြောင်းမောင်းတာပါ။ ဂျာမဏီနိုင်ငံဟာ မားစီးဒီး တို့ ဗောက်စ်ဝက်ဂင် တို့ ကို ထုတ်လုပ်နေတဲ့ စက်မှုထွန်းကားတဲ့ နိုင်ငံတစ်ခုမို့ လူတန်းစား အားလုံး ကားစီးနိုင်တာ အထူးအဆန်းကို မဟုတ်တာပါ။

ဖေဖေ က မိသားစုစီးဖို့ ကားလေးတစ်စီး ဝယ်ပါတယ်။ မြန်မာပြည်မှာ ဦးနေဝင်း စစ်တပ် က အာဏာသိမ်းပြီး လို့ ဒီမိုကရေစီိနိုင်ငံကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုပြီး ရှိသမျှ ကုန်ထုတ် လုပ်ငန်းတွေ စီးပွားရေး လုပ်ငန်းတွေအားလုံး ပြည်သူပိုင်သိမ်းပြီး မြန်မာပြည်ကို ကမ္ဘာ နဲ့ အဆက်အသွယ်ဖြတ် သွင်းကုန်ထုတ်ကုန်တွေအားလုံး ရပ်ဆိုင်းပစ်နေတဲ့ အချိန်ဆိုတော့ ဂျာမဏီမှာ ဝယ်စီးတဲ့ ကားကိုလည်း ကျမ တို့ မြန်မာပြည်ပြန်ရင် မြန်မာပြည်ကို သွင်းခွင့်မရှိလို့ ကားအသစ် မဝယ်ပဲ ကားအဟောင်း တစ်စီးပဲဝယ်ဖြစ်ပါတယ်။ 

မဝယ်ခင် အဲဒီကားရဲ့ အောက်ပိုင်းကို စစ်ဆေးချင်လို့ စမ်းမောင်း ကြည့်တာမှာ ကျမတို့နေတဲ့ ဘွန်းမြို့တစ်မြို့လုံး လမ်းကြိုလမ်းကြားက အစ ကတ္တရာခင်းပြီး လမ်းကောင်းတွေချည်းဖြစ်နေလို့ ဒီအတိုင်းပဲ ဝယ်ယူ လိုက်ရပါတယ်။

ဘွန်းမြို့ကို ဖြတ်ပြီး စီးဆင်းနေတဲ့ ရန်ကုန်မြစ် အကျယ်လောက် ရှိတဲ့ ရိုင်းမြစ်ပေါ်မှာ သဘောင်္စီးပြီး တစ် ဖက် ကမ်းမှာရှိတဲ့ ရှေးဟောင်း ရဲတိုက် နန်းတော်တွေကို မကြာခဏသွားရောက် ကြည့်ရှုဖြစ်တိုင်း ရိုင်းမြစ်ရိုး တစ်လျှောက် ကျောက်တုံး အင်္ဂတေတွေနဲ့ အခိုင်အမာ တမံတုတ်ထားတာတွေ ကြည်လင် သန့်ရှင်းတဲ့ မြစ်ရေတွေ တစ်သွင်သွင်စီးဆင်းနေတာတွေကို ကြည့်ပြီး ရေကြိုက်တဲ့ ကျမအလွန်ကြည်နူးပျော်ရွှင်ခဲ့ဖူးပါတယ်။

အိမ်တိုင်း အိမ်တိုင်း လူဆိုးသူခိုးရန်ကို ကာကွယ်ဖို့ ခြံစည်းရိုး အမြင့်ကြီးတွေ ခတ်ထားစရာမလိုလို့ ဒူးလောက်မရှိ တစ်ရှိ နှင်းဆီခြုံ စည်းရိုးလေးတွေကို ကျော်ခွပြီး ဘေးကပ်ရက် အိန္ဒိယသံရုံးအိမ်က ကလေးတွေနဲ့ ကစားခဲ့တာကိုလည်း မှတ်မိနေပါတယ်။

ဒါတွေကတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က အနောက်ဂျာမဏီနိုင်ငံရဲ့ အခု ကျမတို့ မြန်မာပြည်ထက် အပုံကြီး ချမ်းသာကြွယ်ဝ အဆင်ပြေချောမွေ့ အေးချမ်းသာယာနေတဲ့ အခြေအနေထဲက ကျမသိမြင်တွေ့ကြုံခဲ့ရတာလေးအချို့ပါ။

ဒါပေမဲ့ သူတို့ကတော့ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးထားလို့ စစ်လျော်ပေးဆောင်နေရတဲ့ အကြွေးတင်နိုင်ငံတစ်ခု၊ ဒုတိယ ကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့ သူတို့ရဲ့ခေါင်းဆောင်ဟောင်း ဖက်ဆစ်အာဏာရှင်ကြီး ဟစ်တလာရဲ့ အမှားအပြစ်တွေကြောင့် မျက်နှာပျက်ခဲ့ရ နာမည်ပျက်ခဲ့ရတာတွေကို ပြန်အဖတ်ဆယ်ရမည့် နိုင်ငံတစ်ခုလို့ နားလည်လက်ခံပြီး တစ်တိုင်းပြည်လုံး ကြိုးစားပြုပြင်ပြောင်းလဲနေကြတဲ့ အချိန်ပါ။

ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ တာဝန်ယူ ပျိုးထောင်နိုင်ခြင်းမရှိပဲ ကလေးအများကြီး မွေးခြင်းဟာ နိုင်ငံကို ဝန်ထုတ် ဝန်ပိုးဖြစ်စေတာမို့ ကလေးမွေးဖွားနှုန်းကို လျှော့ချဖို့ ကလေးအသုံးအဆောင်တွေကို ဈေးမြှင့် ကျောင်းစရိတ်က အစ စရိတ် စကတွေကို မြှင့်တင်ထားချိန်မို့ အဲဒီနိုင်ငံသွားရမည့်ဖေဖေဟာ သားယောကျာ်းလေး အင်မတန်လိုချင်ပေမဲ့ မွေးပြီးဖြစ်တဲ့ သမီးနှစ်ယောက်အပြင် နောက်ထပ် ကလေးမယူဖြစ်အောင် တားလိုက်ရပါတယ်။ 

တစ်ကယ်လည်း ဟိုရောက်တော့ ဘေးကပ်ရက် အိန္ဒိယ သံရုံးအိမ်က ကလေးသုံးယောက်အပြင် တစ်လမ်းလုံးမှာ ဂျာမန် ကလေးဆိုလို့ အိမ်နှစ်အိမ်က နှစ်ယောက်ပဲ ရှိပါတယ်။ ကျန်တဲ့ အိမ်တွေမှာ ကလေးကိုမရှိကြတာပါ။


စက်မှုနိုင်ငံ တစ်ခုမို့ အိမ်တိုင်းလျှပ်စစ်မီး ဆက်သွယ် အသုံးပြုနေနိုင်ကြပြီဖြစ်ပေမဲ့ ညည ဆို မအိပ်သေးတဲ့ အိမ်သားတိုင်းဟာ အခန်းတစ်ခုထဲမှာ ပဲစုပြီး TV ကြည့် စာဖတ် စက်ချုပ် သိုးမွှေးထိုးရင်း လျှပ်စစ်ဓါတ်အားကို ချွေတာကြပါတယ်။

အဖြူ အမဲ TV ကနေ ဖက်ဆစ် ဂျာမန်တွေက ဂျူး လူမျိုးတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ အခြားနိုင်ငံတွေကို ကျူးကျော် ရန်စ စစ်တိုက်သိမ်းပိုက်ခဲ့တာတွေကိုလည်း သူတို့ခေါင်းဆောင် ဖက်ဆစ်အာဏာရှင်ကြီး ဟစ်တလာ နဲ့ အပေါင်းအပါတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို နောင်လာနောက်သားဂျာ မန် လူငယ်လေးတွေ သိမြင်ရွံရှာစက်ဆုတ်နေအောင် မကြာခဏပြသပေးနေပါတယ်။ တစ်ကယ်တော့ ဒီပြကွက်တွေကို ကျမတို့ အရွယ် ကလေးငယ်တွေကြည့်ခွင့် မရှိသေးပေမဲ့ မြန်မာမိသားစုပီပီ ဒီစည်းကမ်းတွေကို သိတ်ဂရုမစိုက်ကြလို့ ကျမလည်းကြည့်ခဲ့ဖူးပါတယ်။

စည်းစနစ် သိတ်မရှိတဲ့ မြန်မာ ကလေးတွေပီပီ ထမင်းကို ကုန်အောင်မစားကြပဲ သွန်ပစ်မယ် လုပ်နေတာကို အိမ်ကို လာလည်နေတဲ့ ဂျာမန် အမျိုးသမီးတစ်ဦးက မေမေ့ကို အစားအစာဖြစ်ဖို့အတွက် လုပ်အားတွေအများကြီးသုံးထားရတယ်။ စားမကုန်လို့ သွန်ပစ်လိုက်ခြင်းဟာ ကမ္ဘာမှာ အစာ မစားရလို့ ဒုက္ခရောက် ငတ်ပြတ်နေသူတွေကို မငဲ့ညှာရာ စော်ကားရာရောက်တယ်။ 

ကလေးတွေကို ကုန်သလောက်ပဲ ထဲ့ပေးပြီး ထဲ့ပေးထားတာကိုလည်း ကုန်အောင်စားတဲ့ စနစ်လေးလုပ်ပေးပါလို့ အပြောခံခဲ့ရလို့ ကျမလည်း ကိုယ်တိုင်ရော သားသမီးမြေးတွေ အထိပါ ကုန်သလောက်ထဲ့ပြီး ထဲ့သလောက်ကုန်အောင်စားကျင့် ပါခဲ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဟိုးတလောတုန်းက ဂျာမဏီရောက် မြန်မာ သဘောင်္သားနှစ်ဦး ဂျာမဏီက စားသောက်ဆိုင်တစ်ခုမှာ မှာယူ စားသောက်ထားတဲ့ အစားအသောက်တွေကို ကုန်အောင် မစားပဲ ချန်ထားခဲ့ကြလို့ (ဘူဖေလ်း မဟုတ်ဘူးနော်) ရဲက လာပြီး ဒါဏ်ငွေ တပ်သွားတာလေးကို ဖတ်လိုက်ရတယ်။ 

ပိုက်ဆံအကြေ ရှင်းပြီးသားပါလို့ ပြောတော့ ပိုက်ဆံက ခင်ဗျားတို့အပိုင် အစားအစာက အများပိုင် သံယံဇာတဖြစ်တယ်။ အများပိုင်ကို ဖြုန်းတီးတာမို့ ဒါဏ်ငွေတပ်တာပါတဲ့လေ။ အော်.. သူတို့နိုင်ငံမှာ အစားအစာကို တန်ဖိုးထားတဲ့ စနစ်က ဒီနေ့ထက်ထိ လက်ကိုင်ထား သုံးစွဲနေတုန်းပါလားလို့ မုဒိတာဖြစ်မိပါတယ်။

အနောက်နိုင်ငံတွေမှာ အိမ်နောက်ဖက် မြက်ခင်းကို ကျယ်ကျယ် ထားပြီး လက်တွေ့အသုံးချစရာရှိတာတွေသုံးကြပါတယ်။ အိမ်ရှေ့မြက်ခင်းကတော့ အလှ သက်သက်ထားကြတာပါ။ တစ်ခါတော့ မေမေက အိမ်နောက်မြက်ခင်းက အိမ် အရိပ်နဲ့ နေအလင်း ကွယ်နေလို့ အိမ်ရှေ့မြက်ခင်းမှာ အဝတ်အချို့လှန်းမိပါတယ်။ 

မျက်နှာချင်းဆိုင် အိမ်က ဂျာမန် အမျိုးသမီးတစ်ဦးက မေမေ့ကို ဒီလမ်းနာမည် ဘဒ်ဂိုးဒက်စပါခ် ဆိုတာ သူတို့ရဲ့ စာဆိုပညာရှင်ကြီးတစ်ဦးကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်လို့ အဲဒီစာဆိုပညာရှင်ကို လေးစားဂုဏ်ပြုသောအားဖြင့် ဒီလမ်းလေးကို လှပ သပ်ရပ်သန့်ရှင်းနေအောင်လို့ အခုလို အဝတ်တွေကို အိမ်ရှေ့မှာ မလှန်းပါနဲ့လို့ စိတ်ရှည်လက်ရှည် လာရှင်းပြလို့ မေမေလည်း အသိတရားတစ်ခုတိုးပြီး ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

အင်္ဂလိပ်နယ်ချဲ့ မခံခဲ့ရလို့ အင်္ဂလိပ်စာ မသင်ရတဲ့ ဂျာမန် မိန်းကလေးအချို့ဟာ မေမေ့ဆီလာပြီး အင်္ဂလိပ် စကားပြော လေ့ကျင့်တတ်ကြပါတယ်။ 

၁၅နှစ် ၁၆နှစ် အရွယ် ဒီမိန်းကလေးတွေဟာ ရုပ်ရှင်အကြောင်း မင်းသမီးဖက်ရှင်အကြောင်း အလှပြင်မိတ်ကပ်အကြောင်း ကိုယ်ရေးကိုယ်တာသူများ အတင်းအဖျင်းတွေလုံးဝမပြောတတ်ကြပဲ သူတို့နဲ့ အလှမ်းဝေးလှတဲ့ မြန်မာနိုင်ငံ အာရှနိုင်ငံတွေရဲ့နိုင်ငံရေး၊ သမိုင်းကြောင်း၊ ပထဝီအနေအထား၊ သိပ္ပံပညာရပ်၊ ယဉ်ကျေးမှု၊ အတွေးအခေါ်ဒဿနတွေကိုပဲ စိတ်ဝင်စားမေးမြန်းပြောဆိုလေ့လာတတ်ကြတာကို မေမေ့မှာ အံ့သြတကြီးနဲ့ ခဏခဏပြန်ပြောင်းချီးကျူးဖြစ်နေရပါတယ်။ ကျမတို့ ညီအမကိုလည်း သိမ်ဖျင်းတဲ့ စကားတွေ မပြောတတ်အောင် သူတို့ကို အတုယူပျိုးထောင်ပေးခဲ့ပါတယ်

ဒါတွေကတော့ ပြုပြင်ပြောင်းလဲမှု တစ်ခုပြုလုပ်ချိန်မှာ အနောက်ဂျာမဏီနိုင်ငံသားတွေရဲ့ ဇွဲသတ္တိ သီးခံ ချုပ်တီးခြင်းအပြည့်နဲ့ ပြုပြင်ပြောင်းလဲခဲ့ကြမှု အချို့ကို ကျမငယ်စဉ်က ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခဲ့ရတာလေးတွေပါ။ ဒီအတွေ့အကြုံလေးတွေကပဲ ကျမကိုလည်း ပြုပြင် ထုဆစ်ပုံသွင်းပေးခဲ့လို့ ဒီကနေ့ ကျမဖြစ် တည် လာရတာပါ။

အခုဆို ကျမတို့ မြန်မာပြည်ဟာလည်း ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကို ပြုပြင်ပြောင်းလဲဖို့ ပြောဆိုနေကြပါပြီ။ ဒါပေမဲ့ ကျမတို့ မြန်မာလူမျိုးတွေဟာ ဆင်းရဲတယ်လည်း ဆိုသေး ကာရာအိုကေ အနှိပ်ခန်း စားသောက်ဆိုင် လောင်းကစားဒိုင်တွေ ဝိုင်းတွေမှာ လူအပြည့်။ 

အသိမ် အဖျင်းတွေပဲ စိတ်ဝင်စားကြလို့ ပရိတ်သတ်အကြိုက် ပေါကားတွေပဲ ရိုက်ရတာပါလို့ အပြောခံရတဲ့အထိ။ သားဆက်ခြား စီမံကိန်းတွေ လုပ်ပေးလည်း ကလေးဆိုတာ ခိုင်းစား စရာ ရောင်းစား စရာတွေလောက် သဘောထားတော့ များလေကောင်းလေပေါ့။ 

ရပ်ရွာ သန့်ရှင်းလှပရေးထားဦး ကိုယ့်ထမင်းအိုး ကိုယ်ရောင်းဝယ်ဖောက်ကားနေတဲ့ နေရာတွေကိုတောင် ဖျက်ဆီး ပစ်နေကြတာ မြင်မကောင်းဘူး။ စားစရာမရှိဘူးသာပြောတာ အလှူမင်္ဂလာဆောင်က အစ ဘုံးဗောလအော ဖြုံးတီး သွန်မှောက်နေကြတာ စတဲ့ မြန်မာတွေ တစ်ကယ် လက်တွေ့လုပ်ကိုင်နေကြတဲ့ အလွဲအမှားတွေကိုသာ ရေးရရင် ဒီဆောင်းပါးဟာ ဆယ်ဆလောက်ရှည်သွားနိုင်ပါတယ်။ အသိဉာဏ်ရှိသူတိုင်း လည်း သိနေပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီး ကျမတို့ မြန်မာနိုင်ငံကို တစ်ကယ်ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် ကျမတို့ မြန်မာလူမျိုးတွေ ဘာတွေကို ဘယ်လို ဘယ်လောက် အထိ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ နဲနဲပါးပါးဖြစ်စေ နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးကြစေချင်တဲ့ စေတနာနဲ့ ရေးတာပါ။

Credit : Original

စိုးမိုး


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

သီတင်းကျွတ် လပြည့် . အဘိဓမ္မာ အခါတော်နေ့

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

 
365myanmar.com - Myanmar Online Shopping Mall