မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော
မြန်မာ လူမျိုးနှင့် အကျင့်ဆိုး  (မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော)
“ ဗမာ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှ မကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင် လုပ်နိုင်တာ မရှိပါဘူး” အစရှိသော နှိပ်နယ် စကား၊ ချိုးဖဲ့ စကား၊ ကဲ့ရဲ့ စကား၊ ရှုတ်ချ စကားများသည် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။
 ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့ လက်ထက်တွင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံး သုံးနှုန်းပြော ဆိုကြသည်ဟု ဆိုရပေမည်။
မြန်မာ စစ်စစ်ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ရှိသည့် အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။
အချို့သော သူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသော အခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန် လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကို တွေ့ရပကား မြန်မာ အစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။
 တရုတ်လူမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင် လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူ များကား မြန်မာများပင်ဖြစ်၏။
 တရုတ်သည် တရုတ် လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလား လူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက် ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ် တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာ လူမျိုးကို မြန်မာ လူမျိုးသည်သာလျှင် ‘မှိုးချိုး မျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံး ရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာ လူမျိုးကို မြန်မာ လူမျိုး သည်သာလျှင် အထင်အမြင် သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။
 မိမိ လူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြား လူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
မြန်မာ လူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်း ခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာ ဆန်းစစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြား စစ်ထုတ်လိုက်သောအခါ ကောင်းသော အရည်အချင်းတွေချည်း စုပုံ၍နေသော လူဟူ၍လည်းမရှိ။
 လူမျိုး ဟူ၍လည်းမရှိ။ တိုက်သား ဟူ၍လည်းမရှိ။ ဆိုး ယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ
ဝန်ခံပေလိမ့်မည်။
● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
 ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြား လူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ် စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည် ဆိုသော် လူမျိုးကွဲ များက အပြစ်ဆို တတ်ကြ၍ ကျွန်ုပ်တို့ ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက် ပေးကြရမည့် အချက်တစ်ခု သည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။
 မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည် လုပ်၍ ချောင်ချောင် နေထိုင်လိုသော စိတ်သဘောမျိုး ရှိတတ်ကြောင်းကို ၀န်ခံကြရပေမည် ။ ၎င်းစိတ်သဘော ကိုပင် ပျင်းရိသည် ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။
သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယ ရှိခြင်းစသော အခြင်းအရာ တို့မည်သည် အကြောင်းနှင့် အကျိုးဖန်တီး စီမံလျက်ရှိသော ဤလောကကြီး၌ မူရင်း အကြောင်းများ ရှိကြရမည်သာဖြစ်၏။ သတ္တ၀ါ ဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။
 တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တစ်ကွ စည်းစိမ် ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက် ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တ၀ါဟူ၍ မရှိချေ။
● မြန်မာလူမျိုး အပြစ်လော
 ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့ မ၀င်ရောက်ဖူးသေးမီ တစ်ခါက အလွန်တစ်ရာ ဆူဖြိုးချောင်ချိ ခဲ့သော တိုင်း ပြည်ဖြစ်သည် တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ် အင်္ကျှီံ မျိုး၊ တစ်နပ်စာ အတွက် လေးငါးကျပ် တန်သော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည် တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ် လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါး လိမ်းကာ၊ ခြင်းလုံး ခတ်ကာဖြင့် ချောင်ချိ သက်သာစွာ နေထိုင်နိုင်ကြ၏။
 မော်တော်ကား စီးမှုအတွက် သူတစ်ပါးနှင့် ဂုဏ်ပြိုင် အားကျရန်လည်း မရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်း အားဖြင့် သူတစ်ပါးထက် သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်း မရှိ၊
အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျီံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်း မရှိ။ သောက်
ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင် အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင် စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။
ထို့ကဲ့သို့ ၀မ်းစာ အတွက်လည်းကောင်း၊ အား အတွက်လည်းကောင်၊ နေမှု ထိုင်မှု အတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာ ရရှိခဲ့ကြသော လူမျိုး တစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ ၍ ပင်ပန်းကြီးစွာ အားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်း ရှိကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာ သဘောအတိုင်းမျှသာ ဖြစ်ချေ၏။
 ထိုမျှလောက် အသက်မွေးမှု ချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ် လုပ်နိုင်မှ ၀မ်းခါး မ၀ တစ်ဝ မလှတစ်လှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ် လူမျိုးများနှင့် စံထိုးနှိုင်း ယှဉ်ခြင်း ခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည် ဟူ၍ စွပ်စွဲခြင်း ခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ် လှချေ။
အမှန် စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သော အခြေအနေ ရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အကျင့်ပါနေ သေးခြင်း မျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာ ကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုး မှီခဲ့ဖူး လျှင် မြန်မာနှင့် အလားတူစွာ ပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏ အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိ ခဲ့ဖူးသည့် မြန်မာပြည်၏ အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
● အနှစ် တစ်ရာနှင့် တစ်နှစ်
 ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုး သွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြသော်လည်း ၎င်းတို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ် လုပ်ကိုင် သွားကြသည် မရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့် လောက်အောင် လခကြီးများယူလျက် ကာမဂုဏ် စည်းစိမ်း အမျိုးမျိုး ခံစား စံစားသွားကြခြင်း အားဖြင့် နမှုနာပြသွားကြ သည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။
၎င်းတို့၏ အနေအထိုင်ကို တွေ့မြင်ရခြင်း အားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှု အတွက် သွားရည် ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာ အလုပ်လုပ်လိုသော စိတ်သဘောမျိုး မူကား အ လျှင်းပင်မဖြစ်ပေါ် နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ နိပွန် တို့ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ် ကြမ်းလုပ်ကြသည်။
 လူကြီးတွေတောင် လူငယ်တွေနှင့် အတူ အလုပ် လုပ်ကြသည်”  ဟူသော စကားများသည် အရပ်ထဲ တွင် တစ်နေ့တစ်ခြား ပြောဆိုစ ပြုလာကြပြီးဖြစ်ရကား ပင်ပန်းကြီးစွာ အလုပ် လုပ်မှုနှင့် ပတ်၍ အင်္ဂလိပ် လူမျိုး တို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့် မျှနှင့် သင်ပြရန် မတတ်နိုင် သင်ခန်းစာကို နိပွန် တို့က တစ်နှစ်ခန့် အတွင်း သင်ပြနိုင်သည်ဟု ဆိုရပေ မည်။
● ဂျာမနီပြည်၏ စနစ်
 ဤနေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာ အသုံးပြုလျက်ရှိသော စနစ်ကို ဆိုရာ အစိုးရ တို့က မြန်မာပြည် တွင် အမြန်ဆုံး နည်းယူ အသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သာ ဖြစ်စေ၊ အရာရှိကြီး၏သာဖြစ်စေ လူလားမြောက်သော အချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏ သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံ စိုက်မျိုးခြင်းစသော ကူလီ အလုပ်ကြမ်းမျိုးကို ၁၀ လ တိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ကြရ လေသည်။
 သူဌေးသားနှင့် ထင်းခွေသမားသား တို့သည်လည်းကောင်း၊ အရာရှိ သားများနှင့် ကူလီ၏ သားသည် လည်း ကောင်း တစ်ခန်းတည်း အတူနေ၊ အတူအိပ်၊ အတူ စားကြရလျက် လယ်ပြင်ထဲတွင် အင်္ကျံ ကိုယ်တုန်းလုံး ချွတ်ကာ ပခုံးချင်း ယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံး တန်းတူ ညီတူ အလုပ်လုပ်ကြ ရလေသည်။
အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်းမရှိစေရ။ တစ်တန်းတည်း စား၍ တစ်တန်းတည်း အိပ်ကြရလေ သည်။ အင်္ဂလိပ်တို့ကို အားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီး ပန်ကြီး လုပ်ချင်တတ် လှသော ကျွန်ုပ်တို့ မြန်မာလူမျိုး လူငယ်များအတွက် ၎င်း စနစ်ထက်ကောင်းမွန်သော စနစ် တစ်ခုကို ကျွန်ုပ်တို့ စဉ်းစားစိတ်ကူး၍ မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည် ဟူသော စွပ်စွဲချက် သည်လည်း ပပျောက်သွားတန်ရာချေသည်။
● စွပ်စွဲချက်များ
 မြန်မာ လူမျိုးကို စွပ်စွဲသော အချက်များ အနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောက်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့် အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်း ဆိုသော အခြင်းအရာ မှာ အိမ်ရှင်ဖြစ်သောမြန်မာ များကို ဧည့်သည်ဖြစ်သော ကုလားများ၊ တရုတ်များနှင့် နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန် ရှိပေလိမ့်မည်။
သို့သော် တစ်မြို့တစ်ရွာသည်း တို့ မည်သည် အခြား သောမြို့ တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ် သော သဘောသည် ဓမ္မတာ အလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။
ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့် အခါ အလွန် ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သော သဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
 ကောက်ကျစ် စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်း စသော စွပ်စွဲချက်တို့မှာ အိန္ဒိယ တိုင်းသားများနှင့် ရောနှော ဆက်ဆံခြင်း အလွန် နည်းပါးသော သူတို့၏ စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတစ်ကာနှင့် ဆက်ဆံ ဖူးသူ တို့က မူကား မြန် မာ လူမျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟု ထုတ်ဖော်စွပ်စွဲခြင်းပြုကြမည် မဟုတ်ချေ။
စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုး ဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သော လူမျိုး ဟူ၍လည်းကောင်း လူ မျိုး သီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင့် တစ်မျိုး ပိန်မသာ လိန်မသာ မျှလောက်သာ ရှိနေကြပေလိမ့်မည်။
ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်း ဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌ မတည်ဘဲ လူတို့၏ အခြေအနေ အပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲ ဟူ၍ အလွန် နည်းပါးလှသော ပါရမီ လူမျိုးများ အနက်တွင် သူခိုးဓားပြ ဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
● ထူးခြားသော မြန်မာ့ဂုဏ်
 မြန်မာ လူမျိုး၏ ညံ့ဖျင်းသည် ဟူ၍ စွပ်စွဲခြင်း ခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ ကောင်းမြတ်သော ဂုဏ်အခြင်းအရာများ အကြောင်းကို ဖော်ထုတ်ရေးသားရပေ ဦးအံ့။
သင်ကြား၍ တတ် မြောက်လွယ်ခြင်း အရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့် မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါး ရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာ ဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာန မျိုးတွင်မူကား မြန်မာသည် ကမ္ဘာတွင် အလွန်ကျွမ်းကျင် လိမ္မာသော ဗိုလ်ကပြား ကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်း မဟုတ်) အသုံး ပြုခြင်းအားဖြင့် အင်္ဂလိပ်များကိုနိုင်ရသည်ဟု
ဝန်ခံပြောဆိုသည်ကိုကြားရဖူး၏။
 စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက် သည့်ဖြတ်ထိုးဉာဏ်ပေါ်သော အခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက် ရိုးလိုက် ချီ၍ မြန်မာ တစ်မျိုးတည်း၌သာ ရှိ သည် ဟူ၍ ကျွန်ုပ်တို့ ဆိုချင်၏။
အလွန်ပါးနပ်သော အခြားလူမျိုး တစ်ယောက် တစ်လေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ် သည် မှန်သော် လည်း လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည် ကား မြန်မာ တစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုးပါးလျှင် မြန်မာ အိပ်နေသလောက် ရှိသည်ဟု ဆိုချင်၏။
ဤကား မြန်မာ လူမျိုး၏ ထူးကဲသော အချက်ပေတည်း။ ဤ အခြင်းအရာကို ၀န်မခံ လိုသောမြန်မာ လူမျိုး တစ်ယောက်ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ ဆိုလို၏။
● မြန်မာ နှင့် ဒါနမှု
 ထို့ပြင် ပေးကမ်း စွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တိြု့ မန်မာလူမျိုး၌ ထူးကဲသော အချက်ကို မကြာ သေး မီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန် ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင်ရှိတော့၏။
ရန် ကုန်မြို့ကို   နိပွန် လေယာဉ်ပျံများက ရှေးဦးစွာ ဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည် တို့ဖြင့် အမြို့မြို့ အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ်သော ဆိပ်ကမ်း၊ အရပ်ရပ်သော ဘူ တာရုံ စသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက် ဖွယ် တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေ လှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍ မကုန်နိုင်၊ သောက်၍ မကုန်နိုင်အောင် ရှိနေတော့၏။
 တတ် နိုင်သူများက ထောပတ် ထမင်း၊ ဒံပေါက် ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း စသည်တို့ဖြင့် အထုတ်လိုက် ရက် ရောစွာပေးဝေကြရာ မကြွယ်ဝသူ အလှူရှင်များ ကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။
 တစ်ခုသော ဘူတာရုံတွင် အဘိုးကြီး တစ်ယောက်နှင့် အမယ်ကြီး တစ်ယောက် သည် မိမိတို့၏ အခင်းမှ လတ်လတ် ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန် လက္ခဏာရှိသည့် ပဲစားဥတွဲများ ကို လက်နှစ်ဖက်တွင် မနိုင့်တစ်နိုင် ဆွဲလျက် ကျွန်ုတို့ အနီးသို့ ချဉ်းကပ်ကာ…
“လမ်းစားဖို့ ယူသွားစမ်းပါ မောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီး ယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီး လင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။
 ကျွန်ုပ်တို့၏ မီးရထားတွဲပေါ်၌ တရုတ်၊ ကုလား စသည့် အခြားလူမျိုးများလည်းပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလို သဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။
ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသော အဖြစ်ကို အလွန်တစ်ရာ ၀မ်းမြောက် ဂုဏ်ယူလျက် “ ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏ မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့် ကုလား ခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ ဗမာတွေ အားကြီးစိတ်ကောင်း တယ်။ အားကြီး ကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။
“ရွှေဗမာတို့ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချ ရွတ်ဆိုလေ့ရှိသော မြန်မာ များအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာ ကို မြန်မာ ရှုတ်ချထိုက်သလော
 မြန်မာလူမျိုး၌ ညံ့ဖျင်းသော အချက်များရှိခြင်း၊ ကောင်းမြတ်သော အချက်များရှိခြင်းကို အပထား၍ မြန်မာ လူမျိုး အကြောင်းကို မြန်မာ အချင်းချင်းက မြိန်ရေ ရှက်ရေ ကဲ့ရဲ့ ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။
ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူသော စကားကို တိုင်းရေးပြည်မှုနှင့် ပတ်သက်သော နေရာတိုင်း သုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်း ဆိုသည်မှာ မိမိတို့၏မြန်မာပြည်နှင့် မြန်မာ လူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာ အမျိုးသား သည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာ အမျိုးသားတို့၏ အကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည် အကြောင်း ကို ရှုတ်ချပြောဆိုရာရောက်၏။
အကြင်သူတစ် ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။
ထိုသူသည် မိခင် လင်ငယ်နေသော အဖြစ် ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်းပြုချေမည်လော။ မိခင်မကောင်းသော အဖြစ်ကို လူသူလေးပါးတို့ ရှေ့၌ အခါအခွင့်သင့်တိုင်း ဖော်ထုတ် စွပ်စွဲခြင်းပြုချေ မည်လော။
င်စစ်သော်ကား မိမိ လူမျိုး၏ မကောင်းသော အဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သော အဖြစ်တို့ကို ဖော်ထုတ်ရှုတ် ချသော မြန်မာ အမျိုးသားသည် မိမိ၏ မွေးသမိခင် အကြောင်းကို ပရိသတ်ဗိုလ်ထု အလယ်တွင် ဖော်ထုတ်ရှုတ်ချသော သူနှင့် ခြားနားခြင်း မရှိချေ။
ဤ အခြင်းအရာနှင့် နှိုင်းစာသော် ‘ကိုယ့်ပေါင် ကိုယ်လှန်ထောင်း’ ခြင်းတည်း ဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင် အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသော အပြုအမူသည် ရှိမည်မဟုတ်ချေ။
 ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာ ကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ် ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန် မတူချေ။ မြန်မာ ကို မြန်မာ က ကဲ့ရဲ့ရှုတ်ချ ခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးက စ၍ ပြောလိုက်လျှင် အနီးရှိ လူများက
ဝိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။
 မြန်မာကို ကဲ့ရဲ့ ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့် အနက်တွင် တစ်ကြိမ် တစ်လေမှာ မျှ တစ်ဦး တစ်ယောက်သော သူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့် တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘက်မှ ခုခံပြောဆိုသူ မြန်မာ တစ်ယောက်တစ်လေမျှဖြစ်စေ ပေါ်ထွက် တတ်ပေရာ မြန်မာ ကို မြန်မာ က ရှုတ်ချကဲ့ရဲ့ရာတောင်မှ ခုခံချေပလိုသူ မြန်မာ တစ်ယောက်တစ်လေမျှ ထွက်ပြူဖော် မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန် နည်းလမ်း
 သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြနမာ၏ အကျိုးကို ထိခိုက်လျက် ရှိသောကြောင့် ခုခံ ကာကွယ်ရန် နည်းလမ်း ရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာ ကို မြန်မာ က အထင်အမြင်သေးသိမ် နေခဲ့လျှင် မြန်မာ အချင်းချင်း ဖက်စပ် လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ် ကုမ္ပဏီ အလုပ်ကြီးများ စသည်တို့ကို မြန်မာများသည် ဘယ်သော အခါတွင် စတင် လုပ်ကိုင်နိုင်ရန် ရှိအံ့နည်း။
မည်သူမဆို အလုပ်ကြီး တစ်ခုကို လုပ်ကိုင်သည့် အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်း ရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး ရှိထားဖို့ အ ရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။
 လူမျိုးကို မှီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင် ၎င်း စိတ်သဘောမျိုးရှိဖို့ အလားတူ အရေး ကြီး၏။ စင်စစ်မှာ သာလွန်၍ပင် အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ် ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ် ရေးစနစ်မျိုးကို ရရှိသည်ဖြစ်စေ အလုပ်ကြီး အကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှ ကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။
 ယခုအခါ နိပ္ပန် တို့ ရောက်လာခဲ့ကြသည် ။ ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည် ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများ အဖို့ အလုပ်ကြီး အကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာ ကို မြန်မာ က အထင်အမြင်သေးခဲ့လျှင် အလုပ် လုပ်ရန်ပင် ဖြစ်နိုင်မည် မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ် သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။
 ကျွန်ုပ်တို့ ဆိုလိုရင်းကား မွေးသမိခင် ၏ မကောင်းသော အချက်တစ်ခုကို သိထားသော သားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိ ကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော် ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။
 မြန်မာတို့ ညံ့ဖျင်းသည် ဆိုသောအချက်များမှ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာ စွပ်စွဲ နိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေး ရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏ အရှက်ကို ကာကွယ်သည့် အလားကဲ့သို့ ကျွန်ုပ်တို့ လူမျိုးကို ကျွန်ုပ်တို့ ကိုယ်တိုင် ရှုတ်ချအ ရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။
ဒုတိယ အချက်၌ ထိုကဲ့သို့ ရှုတ်ချ အရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့် လမ်းသင့် ဖော်ပြ၍ တောင်းပန် တားမြစ်အပ်ပေ၏။
 ဤစာကို ဖတ်ရှုရသော မိတ်ဆွေ အပေါင်းတို့သည် အထက်ဖော်ပြပါ အခြင်းအရာ များကို ကျေနပ်နှစ်ခြိုက် သဖြင့် အထက်ပါ နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသား သတိပေးရကျိုး နပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့် ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီ ဟူ၍ ယုံကြည်မျှော်လင့် မိပေတော့သတည်း။
 ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်
အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း
တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်
အိမ်​ နှင့် လောကီပညာ
365myanmar.com - Myanmar Online Shopping Mall