ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ



ဦးမင်းအောင်၊ အိုးဝေဂျာနယ် အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။

အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊ မည်သည့် အရာ ဝတ္ထုမျိုး မဆို အကြောင်း မရှိဘဲ ဖြစ်ပေါ်မလာနိုင် ။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထို နိယာမ တရားတိုင်းပင် ကျွန်တော်တို့သည် တောင်တွင်း ဆရာတော် သျှင်ဥက္ကဋ္ဌ ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။ 

ဆရာတော်သည် “ လူသေလူဖြစ် ” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည် အကြောင်း တရားပင် ဖြစ်လေ၏။ ဤ အကြောင်း တရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင် လည်း ကျောင်း အမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှ သည် မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယ ကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။
ကန်တော့ဆွမ်းနှင့် ခဲမိုး
ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည် ဆိုလျှင် အင်တိုက် အားတိုက် ကြိုတင် ၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများ ကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့ က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင် သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ် ၏ အကျိုးတရား များပေတည်း။
ရေးရသည့် အကြောင်းရင်း
အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌ အနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ် ” စာအုပ်ကို ရေးရသည် ဆိုသည့် အကြောင်း ရင်း တစ်ခု ရှိရပေဦးမည်။ ဤသို့ အကြောင်းရင်း တစ်ခု ရှိ၍သာလျှင် ဆရာတော်သည် လူသေလူဖြစ် စာအုပ်ကို ရေးခဲ့ခြင်း ဖြစ်ရမည် မဟုတ် ပါလော။ ထိုအကြောင်းရင်း တစ်ခု ရှိရဦးမည် ဆို သည် ကို မူလက သတိမမူမိခဲ့ကြ ။ ထည့်သွင်း၍လည်း မစဉ်းစားမိခဲ့ကြ ။ ဤလိုနှင့်သာ ကျွန်တော်တို့သည် လူသေ လူဖြစ် လှုပ်ရှားမှု ပြဿနာထဲတွင် သူလို ကိုယ်လိုပင် ရော၍ ပါနေခဲ့ကြရလေသည် ။
ကျွန်တော်သည် ဆရာကြီး ဒဂုန်ဦးလှဖေနှင့် လည်း ပုဂ္ဂိုလ်အရ ဆရာ တပည့်လို ရင်းနှီးနေသည် လည်း 
တစ်ကြောင်း။ ပြီးတော့ ဆရာတော် ကြွလာသည်ဟု ကြားရသည်လည်း တစ်ကြောင်းကြောင့် တစ်ညနေ
ဖက်တွင် ရောက်သွားခဲ့လေသည်။ ထိုအချိန်၌ ဆရာတော်သည် အသားဖြူဖြူ ခပ်ဝဝနှင့် ကော်ကိုင်း မျက်မှန် တပ် ထားသော သက်လတ်ပိုင်း ကျော်ကျော်လောက်ရှိ လူတစ်ယောက်အား “ လူသေလူဖြစ် ” အကြောင်း ရပ် များနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားလျက် ရှိနေ၏ ။ ထို့ကြောင့် ကျွန်တော်လည်း တိတ်ဆိတ် ငြိမ် သက် စွာ နားထောင်နေမိသည် ။
ဆရာတော်သည် အထောက်အထား အချက် အလက်များ ခိုင်လုံလောက်စွာဖြင့် အတော်ကြာအောင် ရှင်း လင်း မိန့်ကြားပြီး နောက် “ အင်း …. ဒီလူသေ - လူဖြစ် စာအုပ်ကို ဘာ့ကြောင့် ရေးရတယ်ဆိုတဲ့ ရာဇဝင်ကို ပြောပြရင် မင်းတို့ တော်တော် စိတ်ဝင်စား ကြလိမ့်မယ် ထင်တယ် ” ဟု မိန့်တော်မူလိုက်၏ ။ ထို့ကြောင့် ကျွန်တော် က “ မှန်ပါ- အမိန့်ရှိပါအုံး ဘုရား ” ဟု လျှောက်လိုက်ရာ၊ ဆရာတော်က အောက်ပါ နောက်ကြောင်း ရာဇဝင်ကလေးကို မိန့်ကြားတော် မူလိုက်ပါတော့သည်။
ဆွမ်းစားရင်း
ဆရာတော်သည် ၁၉၄၇ - ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ရောက်နေကာ ဗဟန်း ဖက်မှ ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏ ။ ထိုအချိန်တွင် ကျွန်တော်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က ဆရာတော်အား တာဝါလိန်းလမ်း ရှိ သူ၏ နေအိမ်သို့ ပင့်၍ ဆွမ်းကျွေး ခဲ့လေသည် ။ ဆရာတော် ဆွမ်းဘုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပ စကားများ နှီးနှောကြလေသည် ။


ဗိုလ်ချုပ် ၏ ရဲသွေးရဲမာန်
ဤသို့ နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ် လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ ၌ ကျည်ဆံနောက်ကျောက မှန်ပြီးသေရလျှင် ငရဲသို့ လားသည်။ ရှေ့တည့်တည့် မှ ရင်ညွှန့်ကို မှန်ပြီးသေရ မှ နတ်ပြည်သို့ ရောက်သည်ဟု အယူရှိကြ ကြောင်း။ 

ဂျပန် လူမျိုးများမှာလည်း ထိုနည်း အတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည် နတ်ပြည်သို့ ရောက်သည် ဟု အယူရှိ ကြကြောင်း ၊ ထို့ကြောင့် တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင် လည်း ယင်း တို့၏ စာပေများ အဘိဓမ္မာများ က အကြောင်း ယုတ္တိ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန် များ သွင်းပေးထားကြကြောင်း လျှောက်ထားလေ၏။
တစ်မျိုးသားလုံး အတွက်
ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း က အလားတူပင် ဗမာ့ တပ်မတော် သားများနှင့် ဗမာ တစ်မျိုးသားလုံး အ တွက် လည်း မိမိတို့ တိုင်းပြည်နှင့် လူမျိုး အတွက် တိုက်ပွဲဝင်ကြသည့် အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက် တရားသွင်း ပေးသည့် စာပေနှင့် အဘိဓမ္မာများ အထူးပင် လိုအပ်နေကြောင်း ၊ ထို့ကြောင့် ထို စာပေမျိုး အဘိဓမ္မာမျိုး ကို ဆရာတော် အနေနှင့် ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန် တန်ဘိုး ရှိမည် ဖြစ်ကြောင်း ဆက်လက် လျှောက်ထားသည်ဟု ဆိုပါသည်။
လူသေလူဖြစ် စာအုပ်နိဒါန်း စပြီ
ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “ လူသေ လူဖြစ် - လူဖြစ် လူသေ - တိုက် ကြ ဟေ ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော် ကလည်း ဆက်လက် ၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ ဥပါဒါနပစ္စယာ ဘဝေါ ” ဆိုသည့် အပိုဒ်ဖြင့် ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တစ်ဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက် လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို ၍ ထိုသဘောတရားကို ကျမ်း တစောင် အဖြစ် အပြီးရေးပေးပါရန် လျှောက်ထားတော့၏ ။ 

သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါ မဆိုလိုကြောင်း ၊ တောင်တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တစ်ဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့လေ၏ ။
ရေးဆဲတွင်
ပြီးနောက် ဆရာတော်လည်း ဂျွန် လကုန်လောက်တွင် တောင်တွင်းသို့ ဝါဆို အမှီ ပြန်ကြွသွားခဲ့သည်။ တောင် တွင်းသို့ ပြန် ရောက် သည့် အချိန်မှ စ၍လည်း ဆရာတော်သည် ဗိုလ်ချုပ် အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသား လေတော့သည်။ သို့သော် မျော်လင့် သလိုကား မဖြစ်ခဲ့ ၊ မမျှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည် ။ အကြောင်း ကတော့ ဂျူလိုင်လ ( ၁၉ ) ရက် နေ့သို့ေ၇ာက်သော အခါ၌ မသမာသူတို့က ဗိုလ်ချုပ် တို့အား လုပ်ကြံ လိုက်ကြ သောကြောင့် ပေတည်း ။

နှစ်ပေါင်းကြာလေမှ
ထို့ကြောင့် ဆရာတော်မှာ များစွာ စိတ်ထိခိုက် သွားခဲ့၏ ။ နိုင်ငံ၏ နောင်ရေး အတွက်တွေး ၍ ရင်မအေး နိုင်အောင်ဖြစ်သွား ခဲ့၏ ။ ရေးလက်စဖြစ်နေသော လူသေ လူဖြစ် ကျမ်း ကိုပင် ဆက်လက် ရေးလိုစိတ် မရှိတော့၊ ဆရာတော်၏ လက်သည် အင်အားများ ကုန်ခမ်း သွားသလို ဖြစ်ခဲ့ရလေသည်။ ကလောင်ကိုပင် ဆက်လက် မနှင်နိုင်တော့။ နောက်မှ တဖြေးဖြေး တရားနှင့် ဖြေ ကာပြန်ဆက်ခဲ့ရသည်။ ထို့ကြောင့် မူလက တစ်ဝါတွင်းနှင့် အပြီးရေးမည်ဟု အားခဲ၍ ထားခဲ့သော လူသေ လူဖြစ်ကျမ်း သည် ၁၉၅၀- ပြည့်နှစ်မှပင် နိဂုံး ကမ္ပတ် အဆုံးသတ်ခဲ့ ရလေတော့သည်။
ဤရာဇဝင် နောက်ကြောင်းကလေးကို ဆရာတော်က ကျွန်တော်တို့အား မိန့်ကြား ပြလေသည်။ ဤရာဇဝင် ကလေးကို ကြားရ တော့မှပင် ကျွန်တော်တို့လည်း အံ့သြကြရခြင်းနှင့် အတူ လူသေ လူဖြစ် ကျမ်းစာအုပ်ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းကို သိကြရတော့ သည်။
ဗိုလ်ချုပ် ၏ မျိုးချစ်စိတ်
တစ်ဖန် ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား လူသေ-လူဖြစ် ကျမ်းစာကို ရေးသားရန် လျှောက်ထား ခဲ့ သည်မှာလည်း အကြောင်းရင်းများ ရှိပြန်ပေ သေးသည်။ ဗိုလ်ချုပ်သည် နိုင်ငံကို ပြင်းပြစွာ ချစ်သည်။ မျိုးချစ် စိတ်ပြင်းပြသည်။ ထို့ကြောင့် ဒုက္ခ အမျိုးမျိုး ၊ ဆင်းရဲ အမျိုးမျိုး ခံကာ၊ တိုက်ပွဲများကို ဦးဆောင် ဆင်နွှဲခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေး အတွက် အမျိုးမျိုး ကြိုးပမ်းအားထုတ်ခဲ့လေသည်။
အထူးသဖြင့် နောင် လွတ်လပ်ရေး ရယူပြီးသော အခါ၌ မြန်မာနိုင်ငံအား သူတို့ သြဇာအောက်တွင် ထားလို  ကြသော တိုင်းတပါး သား နယ်ချဲ့ လက်သစ် များကို အမျိုးမျိုး ရန်စကျူးကျော်၍ ဒုက္ခပေးလာကြမည့်အရေးကို ဗိုလ်ချုပ်က ကြိုတင် တွက်ချက် ထားခဲ့သည်။ ထို့ကြောင့် မြန်မာ တစ်နိင်ငံလုံး မိမိတို့၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို တည်တန့်ခိုင် မြဲအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြရန် ရဲသွေး ရဲမာန်များ လိုအပ်သည်။ 

သို့အတွက် တစ်မျိုးသားလုံး ရဲရဲ တောက် အာဇာနည်တွေ ဖြစ်လာအောင် အတွေး အခေါ်သစ် အယူ အဆသစ်ယုံကြည်ချက် အသစ်များဖြင့် ဇာတ်သွင်း ပေးရမည်ဟု ဗိုလ်ချုပ်က သိမြင် နားလည်သည်။ ဤသည်တို့ ကား တဖက်မှ အကြောင်းရင်းများပေတည်း။
ကြီးမားသော ရည်မှန်းချက်
သို့သော် ကျွန်တော်တို့သည် ဤမျှ အထိ နိုင်ငံနှင့်လူမျိုး အတွက် ကြီးမားသော ရည်မှန်းချက် အစီအစဉ်ဖြင့် ရေးခဲ့သည်ဟု မထင်မိ၊ တစ်ကယ့် အမျိုးသား ခေါင်းဆောင်ကြီး တစ်ယောက်၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသည် ဟူ၍လည်း မရိပ်စားမိ။

ယခုတော့ ဆရာတော် ကိုယ်တိုင်က အကြောင်းရင်း ဇစ်မြစ် ကို ဖွင့်ဟမိန့်ကြားလိုက်လေသဖြင့် ကျွန်တော်တို့၏ အထင်များ လွဲခဲ့ ရလေပြီ။ လူသေ-လူဖြစ်ကျမ်း စာကား အကြောင်းမဲ့ ပေါ်ထွက်လာခဲ့သည် မဟုတ် 

ဆရာတော် သျှင်ဥက္ကဋ္ဌ ၏ စိတ်အလို ဆန္ဒ တစ်ခုတည်းဖြင့် ရေးသားခဲ့သည် မဟုတ်၊ 

ကျွန်တော်တို့ ၏ လွတ် လပ်ရေး ဗိသုကာကြီး လည်းဖြစ်၊ အမျိုးသား ခေါင်း ဆောင် ကြီးလည်းဖြစ်လေသော ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က နိုင်ငံ၏ နောင်ရေးအတွက် တစ်မျိုးသားလုံး၏ သူရ သတ္တိ များ ထာဝစဉ်ပြောင်မြောက်လာရေးအတွက် လျှောက်ထားတောင်းဆို ခဲ့သောကြောင့်သာ ထွက်ပေါ်လာရခြင်း ပေတကား ။ ရေးသား ထုတ်လုပ်လိုက်ရခြင်းပေတကား။ ။
ဦးမင်းအောင်၊ အိုးဝေဂျာနယ် 
အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။

The People's Library'




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall