သီတင်းကျွတ် နှင့် ပဝါရဏာ ပွဲ



ရှေး အခေါ် ‘ သန်တူလ ’ ၊ ယခု အခေါ် ‘ သီတင်းကျွတ်လ ’ တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ‘ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။

တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ

ဤ သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တစ်ဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာ တရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’ သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော် မူလာချိန်မှာ သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစ အချိန် ဖြစ်သည်။


 မြို့သူမြို့သားတို့သည် ဆီမီး ထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲ ဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြ သည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ် 
ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော် မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည် မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ ကို ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့ တစ်ခမ်း တစ်နား ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓမ္မာ အခါတော် သဘင်

ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿီတ နတ်သားကို အမှူးထား၍ အားလုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်။ တစ်ဝါတွင်းလုံး ကျေးဇူး ဆပ်ဒေသနာ ဟောကြား၍ ဤ သီတင်းဝါလ ကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤ အထိမ်းအမှတ်ဖြင့် သီတင်းကျွတ် လပြည့်နေ့တွင် ပဋ္ဌာန်း အစရှိသော အဘိဓမ္မာ ခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆို ကာဖြင့် ‘ အဘိဓမ္မာ အခါတော်သဘင်’ ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့ အသံမှ အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွှင့်ပေးခဲ့သည်။

ဝါကျွတ် ပူဇော် ကန်တော့ပွဲ

‘ဝါကျွတ် ပူဇော်ကန်တော့ပွဲ’ မှာလည်း မြတ်ဗုဒ္ဓ ကို အားကျ အတုယူ၍ ဖြစ်ပေါ်လာသော အစဉ် အလာကောင်း တစ်ခု ဖြစ်သည်။ မှန်ပါသည် – ဗုဒ္ဓမြတ်စွာသည် တစ်ဝါတွင်းလုံး တာဝတိံသာ နတ်ပြည် သို့ ကြွရောက်တော် မူ၍ မယ်တော် မိနတ်အား နို့ဖိုး ဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပါပေ၏။ 


ဤမြတ်ဗုဒ္ဓ ၏ ကျေးဇူးရှင်တို့ အပေါ် ကျေးဇူးတရား သိ၍ ကျေးဇူးဆပ်တော်မူပုံ ကို စံထားကာ ဗုဒ္ဓဘာသာ ဝင် တို့သည် ဤသီတင်းကျွတ်လပြည့်အခါတော်နေ့၌ ရဟန်းသံဃာ တို့အား ပူဇော်ခြင်း၊ မိဘ ဆရာသမားနှင့် အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ‘ဝါကျွတ် ပူဇော်ကန်တော့ပွဲ’ ကို မြို့ တိုင်း ရွာတိုင်းမှာ ပြုလုပ်လေ့ရှိကြသည်။

ကထိန် သင်္ကန်းလှူဒါန်းပွဲ

ဗုဒ္ဓမြတ်စွာသည် ဝါတွင်း သုံးလ (ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှ သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့ ထိ) ဝါဆို ဝါကပ်တော် မူခဲ့ကြသော ရဟန်းတော်များအား ကထိန် သင်္ကန်း ခံယူခွင့်ကို အခွင့်ပြုတော်မူခဲ့ သည်။ 


ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သီတင်းကျွတ် လပြည့်မှ တန်ဆောင်မုန်းလပြည့် အထိ တစ်လ အတွင်း တွင် ကာလဒါန အဖြစ် ကထိန်သင်္ကန်း လှူဒါန်းခွင့် ရကြသည်။ ထို ကထိန်သင်္ကန်း အလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူတို့သည် သီတင်းကျွတ် လပြည့်နေ့တွင် ‘ကထိန်သင်္ကန်း လှူဒါန်းပွဲ’ကို သူ့ထက်ငါဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။


ပဝါရဏာပွဲ

အထက်ပါ ဘာသာ ယဉ်ကျေးမှု ပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသား တို့သည် နှစ် စဉ် မြင်တွေ့နေကြရသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ် ပွဲတော် အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရရှိနေကြမည် မလွဲပေ။


သို့သော် ‘ပဝါရဏာပွဲ’ အကြောင်း သိသူကား နည်းလှပေမည်။
အဘယ်ကြောင့် ဆိုသော် ဤသီတင်းကျွတ် ပဝါရဏာပွဲတော် ကား ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓ ချမှတ်ပေးခဲ့သော ကျင့်စဉ် လုပ်ထုံး လုပ်ရပ် ဖြစ်သောကြောင့်ပါပေတည်း။

‘ပဝါရဏာ’ မှာ ပါဠိစကား ဖြစ်သည်။ ‘ဖိတ်ကြားခြင်း’ ဟု အဓိပ္ပာယ်ရ၏။
‘မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ် ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ’ဟု ရဟန်းတော်အချင်းချင်း ဖိတ်ကြား ထားခြင်းကို ‘ပဝါရဏာ’ဟု ခေါ်ပါသည်။

ရဟန်းသံဃာတော်များ အချင်းချင်း ဤသို့ဖိတ်ကြားရန် ပညတ်တော် မူခဲ့ရခြင်း အကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။


ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ရဟန်း တော်တော် များများလည်း ကျောင်း တိုက် တစ်ခုတည်းမှာ စုပေါင်း ဝါကပ်ကြသည်။ ထို ရဟန်းတို့သည် ‘အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန် ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး’ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် 

ဆုံးဖြတ်ကြသည်။ ထို ဆုံးဖြတ်ချက်ကား – ‘အချင်းချင်း စကားမပြောရ၊ ဝစီပိတ် နေရမည် ’ ဟူ၏။

ဆွမ်းခံရာမှ အရင်ဆုံး ပြန်လည် ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေး အင်းပျဉ်၊ ခြေပွတ် အိုးခြမ်းတို့ကို ပြင်ဆင်ထားရမည်။


ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ သောက်ရေ သုံးရေ တည်ထားရမည်။


ဆွမ်းခံရာမှ နောက်ဆုံး ရောက်ရှိလာသူသည် စားကြွင်း စားကျန်များ ရှင်းလင်းရမည်။ နေရာ ထိုင်ခင်း သိမ်းဆည်း ရမည်။ သောက်ရေသုံးရေ အိုးများ နေထားတစ်ကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစ်စုံ တစ်ဦး က သောက်ရေသုံးရေအိုး တို့၌ ရေ မရှိသည်ကို တွေ့မြင်လျှင် ဖြည့်လောင်းရ မည်။ တစ်ဦးတည်း မနိုင်လျှင် လက် အမူအရာဖြင့် အခြား ရဟန်းတစ်ပါးပါး ကို ခေါ်၍ အကူအညီ ရယူရ မည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရ ဟူသော ဝစီပိတ် စည်းကမ်းချက်များဖြင့် တစ်ဝါတွင်းလုံး နေထိုင်ကြလေသည်။

ထို ရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံ သွားရောက် ဖူးမြော် ကန်တော့ကြလေသည်။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ဝမ်းပန်းတစ်သာ မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း – “ ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တစ်ဦးနှင့် တစ်ဦး ခိုက်ရန် ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား” ဟု မေးမြန်းတော် မူသည်။ ထိုအခါ ရဟန်းတော်များက တစ် ဝါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံ လျှောက်ထား၍ ချမ်းသာစွာ နေခဲ့ရပါကြောင်း ပြန်ပြောင်း လျှောက် တင်ကြလေ၏။

ဤတွင် ဗုဒ္ဓမြတ်စွာသည် ထို ရဟန်းတို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။
“ သင်တို့သည် ချမ်းချမ်း သာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်” ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ် အကျင့်သည် တောတွင်း တိရိစ္ဆာန် တို့၏ နေထိုင်နည်း သာ ဖြစ်သည်။ သိုးတွေရဲ့ နေထိုင်နည်းသာ ဖြစ်သည်။ ရန်သူ အချင်းချင်း တို့၏ အမူအကျင့် နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်နေလျှင် အချင်းချင်း မပြောနိုင် မဆိုနိုင်ကြ။) 


သင်တို့သည် အဘယ်ကြောင့် ‘အ,အ တို့၏ အကျင့်’၊ တိတ္ထိ တို့၏ ကျင့်စဉ်ကို ဆောက်တည် ကျင့်သုံးကြရသနည်း။ ဤ အကျင့်သည် သာသနာတော်ကို မကြည်ညိုသေး သူတို့အတွက် ကြည်ညိုလာရန် လည်းကောင်း၊ ကြည်ညိုပြီးသူတို့ အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါ တက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ “သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ‘ လူအ, အကျင့်’။ ‘ဝစီပိတ် အကျင့်’ကို ကျင့်သုံးက  ဒုက္ကဋ်အာပတ် သင့်စေ” ဟု သိက္ခာပုဒ် ပညတ်၍ ပိတ်ပင်တော် မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဝါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က၊ ကြားက၊ ယုံမှား သံသယဖြစ်က ရေငုံနှုတ်ပိတ် (ဝစီိပိတ်) မနေဘဲ အချင်းချင်း ပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း ရဟန်းတော်များ၏  ‘ ပဝါရဏာပွဲ’ သည် ပြုလုပ်မြဲ ဖြစ်လေသည်။

ထို့ကြောင့် ရှေး ပညာရှိတို့က – “မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပဝါရဏာ”ဟု မော်ကွန်းထိုး ခဲ့ကြခြင်း ဖြစ်ပေ၏။

ပဝါရဏာပွဲ ပြုလုပ်ပုံ အစီအစဉ်

ကျောင်းတိုက်ရှိ ရဟန်းသံဃာ အားလုံး သိမ်ထဲတွင် စုရုံး နေရာယူကြရသည်။ သံဃာ အားလုံး စုံသောအခါ သွက်လက် ချက်ချာသော ရဟန်းတစ်ပါးပါးက သံဃာ အားလုံးကို အသိပေး လျှောက်ထားရ၏။


“အရှင်ဘုရားတို့ .. သံဃာတော်သည် တပည့်တော် ၏ စကားကို နားစိုက်တော်မူပါ။ ယနေ့ ပဝါရဏာပြုရ မည့်နေ့ ဖြစ်ပါသည်။ သံဃာတော်များ ညီလျှင် ပဝါရဏာပြုကြပါစို့”။


ဤသို့ သံဃာ အားလုံးအား အသိပေးပြီးသောအခါ မထေရ်ကြီး (သံဃာပရိတ်သတ်တွင် အကြီးဆုံး ပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင် ပုဂ္ဂိုလ်)က စ၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီ မိုးလျက် သိမ် အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။

“ ငါ့ရှင်တို့ … မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိ အပြစ်ကို သိမြင်ရလျှင် ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားရလေသည်။


ထို့နောက် ဝါစဉ် အလိုက် သံဃာတော် အားလုံး အငယ်ဆုံး ရဟန်းအထိ လျှောက်ထားရလေ၏။
ဤကား ရဟန်းတော်များ သိမ်အတွင်း သဘောတူညီ စည်းဝေး၍ ပဝါရဏာပွဲပြုလုပ်ပုံ ဖြစ်ပါသည်။

ရဟန်းတော်များသည် အချင်းချင်း ဤသို့ ဖိတ်ကြားထားသဖြင့် တစ်စုံ တစ်ရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြခြင်းဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ကြပေသည်။

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤ ကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ခေတ်မှီဆဲဖြစ်သည်။ 


မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင် သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့် ကောင်းရေး’ အတွက် ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်း ပြောဆိုနိုင်ရေးကို အစဉ် တံခါးဖွင့်ပေးခဲ့ သည်။

ချွတ်ချော် မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော် မမူချေ။

မိမိမှာ ချွတ်ယွင်းချက် အပြစ် တစ်စုံ တစ်ရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်း မတွ ထောက်ပြနိုင်ရေး ကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်

ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားထားခြင်းဖြင့် –


(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့်ဆိုခွင့် ရှိခြင်း။
(၂) အာပတ္တိဝုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
(၃) ဝိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး သုံးမျိုး ဖြစ်ထွန်းရရှိနိုင်မည်ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

ဗုဒ္ဓမြတ်စွာ ၏ ဤ (ပဝါရဏာ) ကျင့်စဉ်သည် ပုဂ္ဂိုလ်အချင်းချင်းသာ မဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာ ကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။

လောကတွင် “ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ” မရှိနိုင်ချေ။ အမြော်အမြင်ရှိသူ ပညာရှင်တို့၏ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ ငါ့လှေ ငါထိုး ပဂိုးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်” ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီး ဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရ မည် မှာ မလွဲပေ။

ဤသို့ “ ငါတကော ကောနေသူများ” ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင် ဟန့်တားတော်မူခဲ့၏။

“အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင် သွားခြင်းဖြင့်သာ ငါဘုရား ၏ ပရိသတ်သည် ကြီးပွား ချမ်းသာနိုင်သည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန် ကင်း၍ ချမ်းသာခြင်း သုခ ရရှိနိုင်သည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။ (ဝိနည်း ပါဠိတော်)

တစ်ခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တစ်မဲ့ ဖြစ်၍ သင်္ကန်းစ တစ်ဖက် အောက်သို့

 လျှောကျနေလေ၏။ ထိုအခါ ရှင်သာမဏေငယ်လေး တစ်ပါးက – “အရှင်ဘုရား .. အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်”ဟု ထောက်ပြခဲ့သည်။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ‘မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား’ဟု အမှတ်တားတော် မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ဝတ်ပြီး “ ဆရာ .. ဒီအတိုင်း ဟုတ်ပါပြီ လား”ဟု တစ်လေး တစ်စား မိန့်ကြားတော်မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပဝါရဏာ) ကျင့် စဉ်ကြောင့် ရှင်ငယ်ကလေး ကပင် အမှားကို ထောက်ပြရဲခြင်း ထောက်ပြနိုင်ခြင်း ဖြစ်သည်။

ဤသို့ အချင်းချင်း ပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့်လည်း ‘ ထေရဝါဒ ရဟန်းတော်များ’ ကို ယနေ့

 မြင်တွေ့နေရသေးခြင်း ဖြစ်သည်။ တစ်ခြား တစ်ပါးသော ဘာသာဝင် တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ် တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက် တို့၏ ဒဏ်ကား မသေးငယ်လှ။

ခေတ် အဆက်ဆက် ထေရဝါဒ ရဟန်းတော်များ အလူးအလိမ့် ခံခဲ့ကြရသည်။ သို့သော် ရှိသမျှ အင်အား ၊ ရှိသမျှ စွမ်းအားဖြင့် ထေရဝါဒ ကျင့်စဉ်ကို ဗုဒ္ဓ အလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာ သာသနာသည် ယနေ့တိုင် ‘ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ’ဟု ဆိုရမလို ဖြစ်သည်။

“တစ်စုံတစ်ရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ။ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်” ဟူသော ဤ ဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့် ဝါဒ ကျင့် သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူလာခဲ့ကြပေသည်။


ဗုဒ္ဓ ချမှတ်တော်မူခဲ့သည့် ဤ ကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တစ်သွေမတိမ်း လိုက်နာကြမည် ဆိုပါလျှင် နိုင်လိုမင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။


အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ် ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤ ကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား ............................................  


– အရှင်မဟောသဓပဏ္ဍိတ
(လောကချမ်းသာ၊ အတွဲ-၄ အမှတ်-၄၊ ၁၉၉၄-ခုနှစ် အောက်တိုဘာ/နိုဝင်ဘာ မှ)

Tin Maung Hlaing


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall