ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး



ကျွန်တော့ သူငယ်ချင်း ခင်မောင်သန့် နဲ့ရှေးဟောင်း သမိုင်းသုတေသီများက ပျူခေတ်မြန်မာတွေဟာ  .. ကရင် နဲ့မွန်ပြည်နယ် တစ်ကြော ကျက်စားနိုင်ခဲ့ပုံ အထောက်အထားတွေ ရှာဖွေခဲ့ကြရင်းနဲ့ မမျှော်လင့်ဘဲကရင် သူတော်စင်ကြီး ဖိုးပိုက်ဆံ နဲ့ဆက်စပ်ပြီး သမိုင်းအချက် အလက်တွေ ဆက်စပ် ယူလိုက်တဲ့ အခါရွှေကျင်ကျောက်ကြီး အရှေ့ဖက် ဖာပွန်မြောက်ဖက် နယ်မှာ အလွန် ကြီးမားတဲ့ရွှေကြောကြီး တည်ရှိနေနိုင် တယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ဆွေးနွေးရင်းသိရှိလာရပါတယ်။ ရှေးဟောင်း သုတေသနဌာန ကလည်း ဒီဖြစ်စဉ်တွေကို လေ့လာနေပြီလို့သိရပါတယ်။ 

ဖိုးပိုက်ဆံ ဟာ ဖဒိုမြို့ကြီး ကို ထူထောင်နိုင်အောင်ဗြိတိသျှတွေကို ရွှေတွေ များစွာပေးခဲ့ ပါတယ်။ ဒါတွေဟာပျူခေတ် ကထဲက (ပျူတွေဟာ ရွှေရှိတဲ့ နားမှာပဲမြို့တည်ကြပါတယ်) ရှိခဲ့တဲ့ ရွှေကြောကြီးဖြစ်နိုင်တယ်လို့ ဆက်စပ်ယူလို့ရပါတယ်။ သူ့ဆောင်းပါးတွေကို မှတ်တမ်း အဖြစ်ဆက်စပ်နိုင်အောင်ပြန်လည် စု စည်းဖော်ပြလိုက်ပါတယ်။


စစ်တောင်းမြစ်ဝှမ်း နှလုံးသားမှ ကျောက်ခေတ် လူသားရှာပုံတော် (အပိုင်း၁)

သည်ဇတ်လမ်းကို စသူကတော့ ကျနော်တို့ က အမ်းတိတ်ကြီး ( Antique) လို့ခေါ်တဲ့ ရှေးဟောင်းသုတေ သန ဌာန က ညွှန်ကြားရေးမှုး သူငယ်ချင်းကြီး ဗိုလ်ညို က စခဲ့တာပါ ၊သူက တောင်ငူ က တော်ဝင်ကေတု မတီ ယဉ်ကျေးမှုပြတိုက်က ရှေးဟောင်း ပစ္စည်းတွေ သွားစစ်ရင်း အဲ့သည်မှာပြထားတဲ့ ကျောက်လက်နက်တစ်ချို့ကိုတွေ့သတဲ့ ။ 

ဒါနဲ့ ပြတိုက် တာဝန်ခံ ပါမောက္ခအငြိမ်းစား ဆရာမကြီးကို မေးတဲ့အခါမှာ ရွှေကျင်မြို့နားက ရတယ် သိရပါတယ်။ အဲ့သည့် ပစ္စည်းကို ရှာတွေ့တဲ့သူကိုလည်း ဆရာမကြီးက ခေါ်ပေးတယ်ဆိုပါတယ် ။ သူတို့ဆီ က ကြား ရတဲ့ သတင်းတွေအရ ရွှေကျင်ချောင်းဖျားမှာ သည်လို ပစ္စည်းတွေရှိသေးတယ်လို့သိခဲ့ရပါတယ် ။

သည်မှာ ဗိုလ်ညိုက အရမ်းစိတ်ဝင်စားသွားပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ပဲခူးတိုင်း အတွင်းမှာကျောက်ခေတ် က အသုံးအဆောင် လက်နက် ကရိယာတွေ မတွေ့ရသေးပါဘူး ။အထူးသဖြင့် သည် စစ်တောင်းမြစ်ဝှမ်းဒေသမှာ ကျောက်ခေတ်နှောင်းပိုင်းက လူတွေနေခဲ့မယ်လို့ ယူဆခဲ့ပေမဲ့ တိကျတဲ့ အထောက်အထားမရခဲ့ပါဘူး ။

အခုသတင်းအစအန ရလာပြီမို့ စစ်တောင်းမြစ်နှလုံးသားလို့တင်စားရမဲ့ ရွှေအလွန်ထွက်တယ်လို့ သတင် ကြီးတဲ့ ရွှေကျင်မြို့ ကိုကျောက်ခေတ်လူသား ရှာပုံတော်ဖွင့်ဖို့စီစဉ်ခဲ့ပါတော့တယ် ။








၁၈၅၉ မှာ ချားလ်ဒါဝင်က မျိုးစိတ် တို့၏ မူလအစ(The Origin of Spieces) ဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေလိုက်ပါတယ်၊ အဲ့ဒီ စာအုပ် ဟာ ကမ္ဘာ့ လူသား အားလုံးကို တုန်လှုပ်သွားစေပါတယ် ။

ဖန်ဆင်းခံ ဘ၀၊ မိုးကျေ၇ွှကိုယ် ဘ၀ ကနေ လူဆိုတာ အဆင့်နိမ့်တဲ့ ကျောရိုးရှိ သတ္တ၀ါ တစ်မျိုး ကနေ သဘာဝ ရဲ့ရွေးခြယ်မှု အရ တစ်ဖြေးဖြေးပြောင်းလဲ တိုးတက်လာတယ် ဆိုတဲ့ ဒါဝင် ရဲ့သီအိုရီကိုထောက်ခံသူတွေ ရှိသလို ကန့်ကွက် သူတွေ ကလည်း အနတဂ္ဂမ ပါဘဲ။ 

ဒါဝင် ရဲ့သီအိုရိ မထွက်ခင် ၁၈၅၆ ဂျာမဏီ မှာ နီယင်းဒါးသဲ (Neanderthal) အရိုးစုကို တွေ့ခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့သည် အချိန်ကရှေးဟောင်းသမားတွေ၊ မနုသဗေဒ သမားတွေရဲ့ကြားမှာ လူရဲ့ မူလဘူတ အစကိုငြင်းခုန်နေကြဆဲ့ပါဘဲ။ 

အဲ့သည့် အရိုးစုတွေ့ပြီး ၃နှစ် အကြာမှာ ဒါဝင်က သူ့ သီအိုရီကို ရဲရဲ ၀န့်ဝန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ နောက်ပိုင်းမှာလည်း ဒါဝင် ရဲ့ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေတွေ ထွက်ပေါ်လာခဲ့ပါတယ် ။

 ပရိုင်းမိတ် (Primates) လို့ခေါ်တဲ့ ကျောရိုးရှိ သတ္တ၀ါ ကနေ မျောက် ၊မျောက်ဝံ၊ လူ အဲ့သည်လို တိုးတက်ပြောင်းလဲလာတယ် ဆိုပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း၃၀ ကမ္ဘာဟောင်းမျောက်ကနေ လူ အဖြစ် ရအောင် ချီတက်ခဲ့ ရတဲ့ လူသားရဲ့ ခရီးရှည် ချီတက်ပွဲကြီးကနှစ်သန်းပေါင်းများစွာ ကြာခဲ့ပါပြီ ။ ဒါပေမဲ့ရှေးဟောင်း ပညာရှင်တွေက လူ နဲ့မျောက် ဘယ်အချိန်မှာ ကွဲကြွဲပားပြားဖြစ်သွားလည်း ဆိုတဲ့ အဖြေကို မထုတ်ပေးနိုင်ခဲ့ပါဘူး မှန်းဆချက် အမျိုးမျိုးနဲ့သာ အဖြေထုတ်နေရပါတယ် ။



အဲ့သည့် နေရာကို မနုသဒေပညာရှင်တွေက ပျောက်ဆုံးနေသော ကွင်းဆက် (Missing Link) လို့အ မည်ပေးခဲ့ပါတယ် ။ ဒါဝင်ရဲ့ သီအိုရီ ထွက်ပြီးနှစ်ပေါင်း ၁၁၅နှစ် အကြာ ၁၉၇၄ မှာ မနုသဗေဒ ပညာရှင် ဒွန် နယ်ဂျိုဟန်ဆင် က အီသီယိုပီးယားမှာ ထူးခြားတဲ့ ပရိုင်းမိတ် အရိုးစု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အရိုးစုက ၆၀%လောက် မရှိတော့ပါဘူး ။ 

ဦးခေါင်းခွံ ရဲ့အစိတ်အပိုင်းတွေ ကလည်းနည်းနည်းဘဲ ကျန်ပါတော့တယ်။ အရိုးစုဟာ ၃ပေခွဲ လောက်ပဲ အမြင့် ရှိပါတယ် ။ အရိုးအဆစ် အသွင် လက္ခဏာကြောင့် မိန်းမလို့ ယူဆခဲ့ကြပါတယ် ။

တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုတွေ့တဲ့ အချိန်က သုတေသန အဖွဲ့တွေ ရဲ့ တဲထဲ မှာ နံမည်ကျော် ဘီးတဲလ် အဖွဲ့ ရဲ့ မိုးပေါ်မှာ စိန်ပွင့်တွေ နဲ့လူစီ (Lucy in the sky with Diamond ) ဆိုတဲ့ သီချင်းဖွင့်ထားချိန်ပါ ။ ဒါနဲ့ ဘဲ သူတို့ဟာ အဲ့သည့် ပရိုင်းမိတ် အရိုးစုကို လူစီ လို့အမည်ပေးလိုက်ပါတယ် ။ လူစီဟာ လူ့ဖြစ်စဉ် သမိုင်း အတွက် အရေးကြီးပါတယ် ။ 

သူ့မှာ လူ လက္ခဏာ အပြည့်အ၀ပေါ်နေပါပြီ။ သူ့ ဒူးဆစ် နဲ့အရိုးတွေ အနေအထားအရ သူဟာ မတ်မတ်ရပ်လမ်းလျှောက်နေပါပြီ။ လူစီ ရဲ့သက်တန်းကို တွက်ချက်လိုက်တဲ့ အခါမှာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သန်းလောက်က လို့ စမ်းသပ်ရရှိခဲ့ပါတယ် ။





 ကျနော်တို့လူသားတွေဟာ လွန်ခဲ့တဲ့နှစ် တစ်သန်းလောက် ကထဲက ကမ္ဘာကြီးကို မောင်းနှင်လာခဲ့ကြ တယ် လို့ဆိုနိုင်ပါတယ် ။ ကမ္ဘာမှာ လူ ဘယ်ကစဖြစ်သလဲ ၊ လူအဖြစ်ကို ဦးတည်တဲ့ ပရိုင်းမိတ်ကိုကမ္ဘာ့ ဘယ်အရပ်မှာ အစောဆုံးတွေ့လည်း ဆိုတဲ့နေရာမှာ အယူအဆနှစ်ခုရှိခဲ့ပါတယ် ။

 ဒါကတော့ လူတွေဟာ အာဖရိက မှဖြစ်လာသည်၊ (Out of Africa Theory) ဆိုတဲ့ အယူအဆ နဲ့ လူဟာကမ္ဘာ့ အနှံအပြားမှာဖြစ်ပေါ်သည့် ( Mutiregional Hpothesis) အယူ အဆတွေဖြစ်ပါတယ်။ 

Duke University က မနုသဗေဒပညာရှင် အယ်လ်ဝင်ဆိုင်မွန် အာဖရိက မှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ က ပရိုင်း မိတ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ အာရှမှာ လည်း တရုပ်ပြည်က ပီကင်းလူ၊ ဂျာဗားကျွန်းက ဂျာဗားလူ ပရိုင်းမိတ်တွေ တွေ့ပေမဲ့သူတို့ရဲ့သက်တန်းက နှစ်၂ သန်း နီးပါးသာ ရှိတာမို့ အာဖရိက ပရိုင်းမိတ် သက်တန်း ကို မကျော်နိုင်ခဲ့ပါဘူး ။ ကျနော်တို့ဟာ အာဖရိကန်တွေနောက်မှ လူဖြစ်ခဲ့သူတွေ ဘဲဖြစ်နေ ခဲ့ရပါတယ် ။

၁၉၁၆ မှာ အိန္ဒိယ.ဘူမိ တိုင်းတာရေးဌာနက ပညာရှင် ဒေါက်တာကော့တာ၊ နဲ့အဖွဲ့ဟာ ပုံတောင်ဒေသ ကို ကွင်းဆင်းလေ့လာရင်း ကျောက်ဖြစ် ရုပ်ကြွင်းတွေ ရရှိခဲ့ပါတယ် ။ ပုံတောင်ဂျီးယား ကော့တာရိုင် လို့ အမည်ပေးခဲ့ကြပါတယ် ။ 

၁၉၂၃ မှာ အမေရိကန် သဘာဝ သမိုင်းပညာရှင်ဒေါက်တာ ကိုးလ်ဘတ် နဲ့အဖွဲ့ဟာ မုံ၇ွာ တစ်ဖက်ကမ်း ၊ပုလဲမြို့နယ် မိုးကောင်း ရွာအနီးမှာ ပရိုင်းမိတ် ရုပ်ကြွင်းတွေ ထပ်တွေ့တယ် ။ အဲ့ဒါကို မိုးကောင်းဂျင်းနှစ် လို့အမည်ပေးခဲ့တယ် ။

ဒါပေမဲ့ ၁၉၆၄-၆၆ အီဂျစ်မှာတွေ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃၀ က ပရိုင်းမိတ် ကို မကျော်နိုင်ပြန်ပါဘူး၊ ကျနော် တို့ အာရှသားတွေဟာ အာဖရိက ၊ဥရောပသားတွေထက် လူဖြစ်နောက်ကျနေဆဲပေါ့လေ။

 ၁၉၇၈၊ ဧပြီလ(၁၂) ရက် မှာတော့ မန္တလေး တက္ကသိုလ် ဘူမိဗေဒဌာနက ကထိက ဦးဘမော် နဲ့အဖွဲ့ဟာပုံတောင်ဒေသ၊ မိုးကောင်းရွာအနီး သံတောင်မှာ ပရိုင်းမိတ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဧပြီ၁၃ ရက်နေ့မှာ မိုးကောင်းဂျင်းနစ် အံသွားကို ထပ်တွေ့ခဲ့ရပါတယ် ။ 

ရုပ်ကြွင်းတွေဟာ နှစ်သန်းပေါင်း၄၀ ရှိပြီလို့ပညာရှင်တွေက တွက်ချက်ကြပါတယ် ။ သည်သတင်းကို ကမ္ဘာက သိသွားတဲ့ အခါ ပညာရှင်လောကမှာ တုန်လှုပ် သွာံးသလို၊ မီဒီယာလောကမှာလည်း စိတ်ဝင် စားဖွယ် သတင်း တစ်ခုဖြစ်ခဲ့ပါတယ် ၊၊ 

၁၉၇၉ မေလ၂၁ ရက် တိုင်းမဂ္ဂဇင်းမှာ --လူ၏ မူလဇစ်မြစ်မော်ကွန်းတိုင် ကို အာဖရိက မှ အရှေ့တောင် အာရှ သို့မြန်မာ့ ပရိုင်းမိတ်များက ပြောင်းလဲ စိုက်ထူလိုက်လေပြီ လို့ဆောင်းပါးရေး သားဖော်ပြခဲ့ပါ တယ်။ သည့် အပြင် ၁၉၇၉ မေ ၈ ရက်ထုတ် ၊The Boston Globe အမေရိကန် သတင်းစာကြီးမှာ ခေါင်းစည်း မဲကြီးတွေ နဲ့- လူ ၏ ဇာတိချက်မြုပ်နေရာ အာရှ မှာတွေ့ပြီ လို့ခေါင်းစဉ်တင်ပြီး သတင်း ဆောင်းပါး ဖော်ပြ ခဲ့ပါတယ်။




၁၉၇၉ သြဂုတ် လ ၅ ရက်နေ့ထုတ် Asia Week အပတ်စဉ် မဂ္ဂဇင်း မှာလည်း မြန်မာ့ မေးရိုးများ က လာရာ လမ်းကို ညွှန်ပြပြီ ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ၁၉၇၉ သြဂုတ်လ ၅ ရက်ထုတ် တိုင်းမဂ္ဂဇင်း ကလည်း ထပ်ပြီး #မြန်မာ့အရိုးများက အာဖရိက ဇစ်မြစ်ကို စိန်ခေါ်လိုက်ပြီ လို့ရေးသားခဲ့ပါတယ် ။ 

၁၉၇၉ နိုဝင်ဘာလထုတ် Nature မ၈္ဂဇင်းကလည်း ကမ္ဘာမှာတွေ့ခဲ့သမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းတွေ ထဲမှာ အစောဆုံး ဆိုတာ အတည်ပြုကြောင်းရေးသားခဲ့ပါတယ်၊ ဆရာ ဦးဘမော် အနေနဲ့၁၉၈၁ ဧပြီလ မှာ ထပ်ပြီးတော့ ကမ္ဘာ့ မနုသဗေဒ ရှေးဟောင်း အသိုက်အ၀ိုင်း ကိုတွေ့ရှိမှု အသစ်တစ်ခု နဲ့ထပ်မံ လှုပ်နိုး လိုက်ပါသေးတယ် ။

အဲ့ဒါကတော့ မုံ၇ွာခရိုင် ရွှေမြင်တင်တောင် နားက နွယ်ခွေရွာ ရဲ့အနောက်မြောက် တစ်မိုင်ခန့်အကွာ က ဒင်္ဂါးကုန်း ဆိုတဲ့ ယာကွက်ထဲမှာ ရှေးဦး လူလို့ပြောရမယ့် ပရိုင်းမိတ်မေးရိုး တစ်ခုကို ထပ်တွေ့ခြင်း ပါဘဲ။ အဲ့ဒါကို နွယ်ခွေပရိုင်းမိတ် (Burma Man) လို့အမည်ပေးခဲ့ပါတယ် ။ 

မုံရွာ ခရိုင် မုံရွေးကြေးမုံ နားက ကြာပိုင်ရွာ ဇာတိ ဆရာဦးဘမော် ဟာ မြန်မာ အတွက်သာမက၊ အာရှ အတွက်ပါ အရေးပါတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေပေးခဲ့သူပါ ။ သူ့ကျေးဇူးနဲ့မြန်မာ ဟာမြန်မာ က စတယ်လို့ ခပ်တင်းတင်း ဆိုနိုင်ခဲ့သလို ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု သမိုင်း၊ လူသား ရဲ့ဆင့်ကဲဖြစ်စဉ် သမိုင်းတွေမှာလည်း မြန်မာဟာ မဖြစ်မနေထည့်တွက်ချက်ရမယ့် အလေးထားရမယ့် တိုင်းပြည် အဖြစ် ထင်ရှား ခဲ့ရပါတယ် ။ 

တစ်ကယ်တော့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ သမိုင်း အထောက်အထားတွေ ရှာဖွေတယ် ဆိုတာ ပိုက်ဆံကိစ္စ ၊ စီးပွားရေးကိစ္စ မဟုတ်ပါဘူး ၊ပညာရပ်ကိစ္စဖြစ်ပါတယ် ၊နိုင်ငံရဲ့ကိစ္စဖြစ်ပါတယ်။ လူမျိုး ရဲ့ကိစ္စလည်းဖြစ် ပါတယ်။ ၊မြန်မာ ရဲ့ကိစ္စဖြစ်သလို ကမ္ဘာ့ရဲ့ကိစ္စလည်းဖြစ်ပါတယ်။ 

အခုတော့ ဆရာဦးဘမော် ကို လေးစား အားကျတဲ့ စိတ်နဲ့ သမိုင်းအထောက်အထား တွေ ရှာဖို့ကျနော် တို့ အုပ်စု ၁၁ ရက်နေ့ အာရုဏ်တက် မှာဘဲ ရွှေကျင်မြို့ကို ရောက်ခဲ့ရပါပြီ ။ KNU တပ်မဟာ ၃ နယ်မြေထဲ မကြာခင် ၀င်ရောက်တော့မှာပါ ။ 





အရင် မငြိမ်းချမ်းခင်က အဲ့သည်ခွင်ထဲ ၀င်ပြီးလို့အသက် နဲ့ပြန်ထွက် လာရင်တောင်ခြေ မပြတ် ကံကောင်း လို့ဆိုရမယ့် မိုင်းတွေပေါတဲ့ နံမည်ကျော်မြေပါ၊ အခုတော့ ငြိမ်းချမ်းရေး ရဲ့ရောင်နီတွေနဲ့ အတူအေးချမ်းနေ ပြီ ဆိုပါတယ် ။ 

စစ်တောင်းမြစ်ဝှမ်း ရဲ့နှလုံးသားမှာ ကျောက်ခေတ် လူသားရှာမယ့် ကျနော်တို့ ခရီးစဉ်အကြောင်း နောက်နေ့ အပိုင်း (၂) ဆက်လက်ဖော်ပြပါဦးမယ် ။


စစ်တောင်းမြစ်ဝှမ်း နှလုံးသားမှ ကျောက်ခေတ် လူသား ရှာပုံတော် (အပိုင်း၂)

မနက်(ရ) နာ၇ီ မထိုးခင်မှာဘဲ ရွှေကျင်မြို့ တံခါးဝ ကိုကျနော်တို့ကားတွေရောက်ခဲ့ ပါတယ် ။ မန္တလေး မင်းနေပြည် ဆန်ဆန် မုခ်ဦးပြသာဒ်တွေ နဲ့ တန်ဆာဆင်ထားတဲ့ ရွှေကျင်မြို့ အ၀င်တံခါးက ခန့်ညား လှပါ တယ် ။

 ရွှေကျင်မြို့ သမိုင်းကိုတော့ ကျနော် တိတိပပ မသိပါဘူး၊ အရှင်ဝိပုလ ရဲ့ ကရင်ရာဇ၀င် သမိုင်းသစ် စာအုပ် မှာတော့ ကရင်တွေဟာ ဗမာတွေလိုဘဲ မင်းနေပြည်တွေ ရှိခဲ့တယ် ။ ကရင် ဘုရင်တွေ အုပ်စိုးခဲ့ တယ်။ 

ကြေးခေတ်လောက်မှာ စစ်တောင်းမြစ် တစ်လျှောက် မြို့ရွာ ထူထောင်နေခဲ့တယ် ။ ကရင်တွေ ထီးနန်းစိုက်တဲ့ နယ်မြေကို ကရဏ္ဍကတိုင်း လို့ခေါ်ခဲ့တယ်လို့ ရေးခဲ့ဘူးတာ မှတ်မိနေပါသေးတယ် ။ ဒါပေမဲ့ အဲ့သည်စာအုပ်မှာ ကရင် ကမှ တစ်ခြား ပျူ ပအိုဝ့် က စတဲ့ လူမျိုးပေါင်းစုံကို ဆင်းသက်တယ် ဆိုတဲ့ အယူအဆကို စွဲကိုင်ရေးသား ထားတာပါ ။

အထောက်အထား မစုံလင်လို့သိပ်တော့ အားမကိုးရလောက်ပါဘူး ။ နောက် စာတစ်အုပ်ဖြစ်တဲ့ ဒေါက်တာနန်းလှိုင် ရဲ့ ကရင် ဆိုတဲ့ စာအုပ်မှာတော့ ၁၉၅၉ ခုနှစ်က ပါမောက္ခဂေါ်ဒန် အိပ်ချလုစ် မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်မှာ ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖော်ပြထား တာတွေ့ရ ပါ တယ် ။ 

အဲ့သည်ဆောင်းပါးမှာ AD 1238 က မြန်မာကျောက်စာ တစ်ချပ် မှာ ကရင် ဆိုတဲ့စကားလုံး စတင်တွေ့ ရတယ် ။ ကရင်တွေရဲ့ ဘူမိနက်သန်ဟာ တရုပ်နိုင်ငံ အနောက်တောင်ဖက် မှာလို့ တရုပ်ရှေး ကျမ်းတွေမှာ ပါဝင်တယ်။ စစ်တောင်းမြစ်ဝှမ်းတောင်ငူ-ရွှေကျင် ကနေ မြစ်ဝကျွန်းပေါ်ဒေသကို လမ်းကြောင်း တစ်ခု၊ ဖာပွန်- သံလွင် ကနေ တနင်္သာရီ ကို လမ်းကြောင်း တစ်ခု နဲ့အုပ်စု လိုက်ပြောင်းရွေ့ အခြေချ ခဲ့ကြတယ် ။ 

ကရင် နဲ့ဗမာ နီးစပ်ခဲ့ကြတယ် ။ ကရင် ဘာသာ စကားထဲက စာလုံးရေ ၃၀၀ကျော် မြန်မာ နဲ့တူတယ် ၊ဆိုပြီး သူရဲ့တွေ့ရှိချက်တွေကို တင်ပြခဲ့တာ ဖတ်ရပါတယ် ။ သည်တော့ ရွှေကျင်ဒေသ ဟာ ရှေး ကရင်တွေ စတင် အခြေချခဲ့တဲ့နေရာလို့ကျနော် မှတ်ယူခဲ့ပါတယ် ။ 

ဒါပေမဲ့ ရွှေကျင်မြို့ သမိုင်း ကို လေ့လာတဲ့ အခါမှာတော့မြို့ကို တည်ထောင်ခဲ့သူတွေဟာ မွန် အမျိုးသား ညီနောင် (၄) ယောက်လို့သိရပါတယ်၊ မွန်ညီနောင်လေးယောက်ဟာ မန်ထွန်းရွာ၊ ကမော့ထော်ရွာ၊ လဲရပ်ရွာ၊ ဆက်တစ်ရွာ စတဲ့ ရွာ ၄ ရွာကို စတင်ထူထောင်ခဲ့ကြပါတယ် ။

မူလ တည်ခါစ ဆက်တစ်ရွာ ဖြစ်ပေမဲ့ နောက် ပိုင်း ရွှေအမြောက်အများ ထွက်တာကို အစွဲပြုပြီး ရွှေကျင်ရွာ လို့အမည် တွင်ခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၁၆၀ (AD-1798) မှာတော့ ရွှေကျင်ရွာကို မြို့ အဖြစ် သတ် မှတ်ခဲ့ ပါတယ် ။ ရွှေကျင်မြို့ အ၀င် မုခ်ဦးကနေ ၀င်လာလို့ သိပ်မကြာခင် လမ်းတစ်ခုကို ချိုးကွေ့ လိုက် ပြီးတဲ့ အခါမှာတော့ ကျနော်တို့ စုရပ်ဖြစ်တဲ့ ရွှေကျွန်းကြီး ကုမဏီ ရုံးခန်းကို ရောက်ခဲ့ ပါတော့တယ် ။ 

အဲ့သည်မှာ လည်ကတုံး အဖြူဝတ်ထားတဲ့ တက်တက်ကြွကြွ မျက်နှာချိုချို နဲ့လူလတ်ပိုင်း အရွယ် လူ တစ် ဦးက ကျနော်တို့ကို ကြိုဆိုနုတ်ဆက်ပါတယ် ။ မိတ်ဆက်ကြတော့ သူဟာေ၇ွှကျွန်းကြီး ကုမဏီ ဥက္ကဌ ကိုကျော်မင်းနိုင် ဆိုတာ သိလိုက်ရပါတယ် ။ 

သူ့ ရုံးခန်းမှာဘဲ ကျနော်တို့ကို လက်ဖက်ရည် မုန့်တွေနဲ့ ဧည့်ခံပြီး ခရီးစဉ်ကို မေးပါတယ် ။ ကျနော် တို့ ကို လာကြိုခေါ်ပြီး လမ်းပြမဲ့သူလည်း ဆိုင်ကယ်နဲ့ရောက်လာတာမို့ ကိုကျော်မင်းနိုင် နဲ့နေရာ လမ်း ကြောင်းတွေ ကိုဆွေးနွေးကြပါတယ် ။ 

လမ်းပြက ရွှေကျင်ချောင်း ကနေ စက်လှေနဲ့ ဆန်တက်ပြီး သွားဖို့ စီစဉ်ထားကြောင်း စက်လှေ ဌားထားကြောင်းလည်း ဆိုပါတယ် ။ ကိုကျော်မင်းနိုင်က အဲ့သည့်နေရာ ဆို ကား နဲ့သွားရကြောင်း၊ သူ လည်း စိတ်ဝင် စားကြောင်း၊ သူကိုယ်တိုင် လိုက်ပို့မယ် ဆိုပါတယ် ။ ကျနော်တို့ အဖွဲ့ အင်အားတိုးပါပြီ ။ 

ကျနော်တို့ အဖွဲ့မှာ ပါတဲ့လူတွေ ကတော့-----ရွှေကျင်ဆေးရုံမှာ ဆေးရုံအုပ်ကြီး အဖြစ်နေသွားဖူးတဲ့ ဆရာကြီးဒေါက်တာမြသောင်း (သုတေသီ စာရေးဆရာကြီး သောင်းကေတု) အခုတော့ ပဲခူးတိုင်း အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၊ ဥက္ကဌ -အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ၊ ဥက္ကဌ မြန်မာ- တရုပ် လွှတ်တော်ရင်းနှီး ချစ်ကြည်ရေးအသင်း ၊

 နောက် တောင်ငူတော်ဝင် ကေတုမတီ ယဉ်ကျေးမှုပြတိုက် မှာပြတိုက်မှုး လုပ်နေတဲ့ ပါမောက္ခအငြိမ်းစား ဆရာမကြီး ဒေါက်တာ ဒေါ်မာမာဝေ နဲ့ သူ့ လက်ရုံး တပည့်မလေး တယောက်၊ 

CB Bank က ရှေးဟောင်း ၀ါသနာရှင် သုတေသီ ဦးမျိုးဆွေ နဲ့မိတ်ဆွေတစ်ဦး၊ ကျနော့် သူငယ်ချင်း ရှေးဟောင်း ညွှန်မှုး ဗိုလ်ညို နဲ့ရှေးဟောင်း သုတေသန က ပညာရှင် (၃) ယောက် တို့ဖြစ်ပါတယ် ။

 ခဏ အကြာမှာတော့ ဆိုင်ကယ် တစ်စီး နဲ့ရွှေကျင် က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် လှလှဝင်း ရောက်လာပါတယ်၊ အလုပ်များတဲ့ကြားကေ၇ွှကျင် သမိုင်းအတွက် အရေးကြီး လို့ ကျမ လည်း မဖြစ်မနေ လိုက်သင့်တယ် ထင်လို့လိုက်ပါမယ် ဆိုပါတယ် ။ 

ကျနော်တို့ အဖွဲ့လူစုံသထက် စုံလာပါပြီ။ မကြာခင်မှာဘဲ ကားတွေ စထွက်ပါပြီ ၊ရှေ့ဆုံးက HilluxViGO ပေါ်မှာကျနော်၊ ဗိုလ်ညို ၊ဒေါ်လှလှဝင်း ၊နယ်မြေခံ လမ်းပြကြီး ၊နဲ့ ကားမောင်းသူ ကတော့ ကုမ္ပဏီပိုင်ရှင် ကိုကျော်မင်းနိုင် ဘဲဖြစ်ပါတယ် ။




 နောက် Isuzu ကားပေါ်မှာတော့ ဦးမျိုးဆွေ က ကားမောင်းပြီး၊ ဆရာကြီး ဒေါက်တာမြသောင်း၊ ဆရာမကြီး ဒေါ်မာမာဝေ နဲ့ကျန်တဲ့လူတွေ ပါပါတယ် ၊ရွှေကျင် မြို့ထဲကနေ မိနစ်၂၀လောက် မောင်းတဲ့ အခါမှာတော့ရွှေကျင်ချောင်း ကိုဖြတ်ဖေါက် ထားတဲ့ သစ်သား တံတားကြီးကို ရောက်ပါတယ် ။ အဲ့သည်မှာ ခဏရပ်ပြီး ကိုကျော်မင်းနိုင်က ရှုခင်းတွေ လှတယ် ဓါတ်ပုံရိုက်ကြဖို့ ဆော်သြ ပါတယ် ။ အမှန် တစ်ကယ် လည်း လှပါတယ်။ 

ကျနော်တို့တွေ ဓါတ်ပုံရိုက်ပြီးတဲ့ အခါမှာတော့ ကားပေါ်တက်ပြီး ဆက်ထွက်ကြပါတယ်၊ သစ်သား တံတား ကြီးက ခိုင်ခန့် လွန်းပါတယ်၊ ထင်းကားကြီးတွေ သွားနေတာတောင် မလှုပ်မရွဲ့ တည် တည်ငြိမ် ပါဘဲ၊ သည် တံတားကို KNU ကဆောက်ပေးထားတာ လူထုက ကျပ်သိန်း ၇၀ လား ရံပုံငွေထည့်ခဲ့တယ် ဆိုပါ တယ် ။ 

ဘာဘဲဖြစ်ဖြစ် သည်တံတားကြောင့် လမ်းပန်းဆက်သွယ်ရေး အတော်အဆင်ပြေ သွား တာတော့ အမှန် ပါ ဘဲ တံတား တစ်ဖက် ထိပ်ကိုရောက်တဲ့ အခါမှာတော့ ကိုကျော်မင်းနိုင် ကကေအင်ယူ တပ်မဟာ (၃) နယ်မြေထဲ စ၀င်ပြီလို့ ဆိုပါတယ်။ စစ်သားစိတ် နဲ့သွေးတွေနွေးကနဲဖြစ်သွား၊ မျက်လုံးတွေပြူးကျယ် သွား ခဲ့ ပါသေးတယ် ။ ကိုယ့်ကိုယ်ကိုပြန် သတိပေးရတယ် ။မင်းလည်း စစ်သားမဟုတ်တော့၊ ခေတ်ကလည်း အရင်လို ဖောင်းဒုံး ဒိန်းဒိုင်းခေတ် မဟုတ်တော့ဘူး မောင်ခင်မောင်သန့် လို့လေ ။

အရင်ခေတ်တွေကဆို ရွှေကျင်မြို့ထဲ ကနေ သည်နေရာ အရောက် အတော် ပွဲကလာခဲ့ရမဲ့ အခြေအနေပါ၊ အခုတော့ကေအင်ယူ နယ်မြေဆိုပေမဲ့ ၀င်သွားတဲ့ အချိန်ကနေပြန်ထွက်တဲ့ အချိန်အထိ ယူနီဖောင်း ၀တ်ရော ၊သေနတ်ကိုင်ရော မတွေ့ခဲ့ရပါဘူး၊ ကိုကျော်မင်းနိုင် ကြိုတင် ဆက်သွယ်ပေးထား တာ လည်းဖြစ်နိုင် သလို ဂိတ်တွေ ဘာတွေ မထားတာလည်းဖြစ်နိုင် ပါတယ်၊ အဲသည့်ဖက်က လမ်းကမြေနီ လမ်းပါ၊ အတက်အဆင်း မတ်စောက်တဲ့နေရာတွေ ရှိပါတယ်၊ ကိုကျော်မင်းနိုင် ကတော့သွားနေကြမို့ ထင်ပါ ရဲ့ကျွမ်းကျွမ်း ကျင်ကျင်ပါဘဲ။ 



ကျနော့ဘေးက လိုက်လာတဲ့ ရွာခံ လမ်းပြကြီးကလည်း အတော်နှံစပ်ပါတယ် ၊တောင်ကုန်းလေး တစ်ခု တွေ့ လိုက်တာနဲ့သည်နေရာမှာ ဘယ်တုံးက ဘယ်လို တိုက်ပွဲတွေဖြစ်ခဲ့တာ ဘယ် သူ ကျခဲ့တာ၊ ဘယ်သူ ကတော့မိုင်းနင်း ခဲ့တာ အတော်ပြောနိုင်ပါတယ် ။ တနာရီလောက် မောင်းတဲ့ အခါမှာတော့ ကျိုက်ထီး ရိုးလေး စေတီ ဆိုတဲ့ ဆိုင်းဘုတ်နေရာကို ရောက်ပါတယ် ။

 ဆိုင်းဘုတ်ဘေးက တောင်ကုန်းလေးပေါ်မှာ တပ်စခန်း တစ်ခုကိုတွေ့ရပါတယ် ။ ဘာ တပ်စခန်းလည်း ဆိုတော့ ကေအင်ယူ စခန်း တပ်ခွဲမှုး ဗိုလ်တင်ရွှေ ဆိုလားရဲ့ စခန်းလို့ဆိုပါတယ် ။ ဒါပေမဲ့ ကရင် တပ် သားတွေ မတွေ့ရပါဘူး ။ စခန်း တံခါးကလည်း ကားဝင်လို့ရပါတယ်၊ အစောင့်လည်း မတွေ့ရပါဘူး၊ အထဲမှာတော့ ရှိနေနိုင်တာပေါ့၊ ဘာဘဲဖြစ်ဖြစ်အေးချမ်းတဲ့ သဘောပါဘဲ ။




ကျနော့ဘေးက လမ်းပြကြီးက အဲ့သည့် စခန်းက အရင် တပ်ကစခန်း ကေအင်ယူ အင်အားကြီးတုံးက ၀င် တိုက်တာ စခန်း ကျဘူးတယ်၊ ကျသွားတဲ့ ဗိုလ်ကြီးက ဗိုလ်မျိုးဇော်ဦး ကျနော်တို့နဲ့ ခင်တယ်လို့ ဆိုပါတယ် ။ ဘာဘဲဖြစ်ဖြစ် ကိုမျိုးဇော်ဦး ကို ရည်စူးပြီး စိတ်ထဲက မေတ္တာပို့ အမျှဝေလိုက်မိပါတယ် ၊သည်နေရာမှာ ကရင်-- မြန်မာ ညီအကိုတွေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပြီ ၊နောက်ထပ် ဘယ်သူမှ တိုက်ခိုက် သတ်ဖြတ်နေတော့မှာ မဟုတ်ဘူး ဆိုတာ တမလွန်က သူသိရင်ကျေနပ်နိုင်မယ် ထင်ပါတယ် ။ 

ကျိုက်ထီးရိုးလေးတောင်ပေါ်ရောက်တော့ အရမ်းလှတဲ့ရှုမြော်ခင်းကို တွေ့ရပါတယ်၊ ကျနော်တို့ ဓါတ်ပုံတွေ ရိုက်ကြတယ်။ ကိုကျော်မင်းနိုင် နဲ့ဒေသခံတွေက လွဲလို့၊ ဘယ်သူမှ မရောက်ဘူးပါဘူး၊ တစ်ချိန်က အနက်ရောင် နယ်မြေထဲက ဘုရားပါ၊ ဘုရားသမိုင်းတော့ မရခဲ့ပါဘူး ၊တောင်းထားတာ ရရင်ပြန်ရေး တင်ပေး ပါ့မယ် ။



အတော်မတ်တဲ့ ဘုရားပေါ်မှာ ရေပေါပေါများများ ရနေတော ထူးခြားလို့မေးမိပါတယ်၊ ဘုရားနောက်က တောင် အမြင့်ကြီးထိပ်မှာ နတ်ရေကန် ရှိတယ် ၃ပေ ပတ်လည်လောက် ကန်သေးသေးလေးဘဲ ဆိုတယ်၊ ဒါပေမဲ့ နွေ မိုး ဆောင်း ရေ မပြတ်ထွက်တယ့် ။ အဲ့ဒီက ပိုက်နဲ့သွယ်ထားပြီး ဘုရားကရေလှောင်ကန်တွေ မှာဖြည့်ထားတာလို့ပြောပါတယ် ။ 

ထူးခြားတာက အဲ့သည်ပိုက်တွေပေါ် မိန်းမဖြတ်လို့ မရဘူးဖြတ်မိရင် ရေ အလာရပ်သွားတယ်လည်း ဆိုပါ တယ် ။ ကန်တော့ပွဲ ပေးမှပြန်လာတယ် ဆိုပါတယ် တက်ကြည့်ခြင်ပေမဲ့ အတော်လည်းမတ် အချိန်လည်း မရလို့ မတက်ခဲ့ရပါဘူး၊ ဘုရားပေါ်ကနေကြည့်ရင် ရွှေကျင်ချောင်း နဲ့ချောင်းလက်တက်လေးတွေ ပေါင်းစုံနေ တဲ့ရွှေကျင် ဆည်ကြီး ကိုမြင်ရပါတယ် ။ 


လမ်းပြ ရွာခံကြီး ကို ခင်ဗျားကျောက်လက်နက်တွေ တွေ့တာ ဘယ်နားလည်း မေးတော့ ဆည်ရဲ့ အရှေ့ ဘက်ချောင်းဖျား နေရာကို လက်ညှိုးထိုးပြပါတယ် ။ အရင်က အဲသည့်နေရာမှာ ရွာရှိလို့ ရွာဟောင်း လို့ လည်းခေါ်ကြောင်းပြောပါတယ် ။ ဆည်ရေပြင်ကြီး ကိုကြည့်ရင်း ကျနော် ဆရာကြီးဒေါက်တာ သန်းထွန်း ပြော ခဲ့တဲ့ စကားလေးကို သွားအမှတ်ရပါတယ် ။

ကမ္ဘာမှာ ဘယ်လောက် စီးပွားရေးအရ အရေးကြီးတဲ့ အဆောက်အဦတွေ ဆောက်ဆောက် ရှေးဟောင်း မနုသဗေဒ ပညာရှင် ၊သမိုင်းပညာရှင်တွေက ဒီနေရာဟာ ပညာရပ် အရ တန်ဖိုးကြီးတယ် ဆိုလိုက်ရင် အားလုံးနောက်ဆုတ်ပေးရတယ် လုံးဝ မထိရဘူး၊ ကျနော်နွယ်ခွေ သွားတော့ (ပရိုင်းမိတ်တွေတွေ့တယ် ဆိုတာ သွားကြည့်တော့) ရေလှောင်တမံ ဆည်ကြီးဆောက်တော့မယ် ဆိုလို့ အဲ့ဒီ့နေရာကို နောက်ဆုံး အနေနဲ့ အပြေးအလွှား သွားကြည့်ရတာဗျ  လို့ ပြောခဲ့ပါတယ် ။ 

ဆရာကြီးပြောခဲ့တုန်းက ရယ်ရယ်မောမော ပြောခဲ့တယ်လို့ ဆရာ ဦးဘမော် တို့က မှတ်တမ်း တင်ခဲ့ပေမဲ့ ဆရာကြီး ရင်ထဲမှာ ဘယ်လောက် ထိခိုက်နေမလည်း ဆိုတာ ကျနော် မှန်းဆမိပါတယ် ။ ကျနော်တို့လည်း တန်ဖိုးမသိခင်က တန်ဖိုးရှိမှန်း မသိခဲ့တော့ ဖာသိ ဖာသာဖြစ်ခဲ့ရပါတယ် ။ 

အခုလည်း ဆည်ရေပြင် ကမ်းစပ်က ကျောက်ခေတ် လက်နက်တွေတွေ့တယ် ဆိုတော့ သည်ရေပြင်ကြီး အောက်မှာ ကမ္ဘာ့လူသား မျိုးနွယ် အစ ပရိုင်းမိတ် ရုပ်ကြွင်းတွေ ရှိနေမလား ၊ ပျူတွေ ရဲ့ရှေးဟောင်း မြို့လေး တစ်ခုဘဲ ရှိနေမလား၊ ကရင်တွေ မွန်တွေ ထီးနန်းစိုက်ခဲ့တဲ့ နန်းတော်ရာတွေများ ရှိမလား ကျနော်တို့ မသိတတ်တော့ပါဘူး ။ 

လူသားတွေဟာ သူ့ရဲ့ ရာဇ၀င်ကို သူ့လိုအင်တွေနဲ့ လဲခဲ့ပါပြီ၊ နှစ်သန်းပေါင်း လေး- ငါးဆယ် က ပရိုင်း မိတ် တစ်ခုထက်၊ မှိန်ကျင့်ကျင့် နဲ့ခွဲတမ်းချ လျှပ်စစ်မီး ရဖို့က ပိုအရေးကြီးနေပါတယ်၊ တိုးတက်မှု နဲ့အတူ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုတွေကို မြေမြုပ် ခဲ့ပါပြီ၊ရှေးဟောင်း ပညာရှင်တွေက တော့ကြိုးစား ပမ်းစား သေနေတဲ့ သမိုင်းကို ဖုတ်သွင်းပြီး ပြန်ထခိုင်းနေတာပါဘဲ ။

လွယ်တော့ မလွယ်လှပါဘူး၊ ကျနော် တွေးမိတာ ကတော့ ကျနော်တို့ရဲ့ နောင်လာ နောက်သားတွေကို ကလေး ဘ၀ထဲက ရှေးဟောင်းပစ္စည်းတွေ သမိုင်းတွေကို ချစ်တတ် ထိမ်းသိမ်းတတ်အောင် သင်ပေး ဖို့တော့ လိုနေပြီထင်ပါတယ် ။


စစ်တောင်းမြစ်ဝှမ်း ၏ နှလုံးသား မှ ကျောက်ခေတ် လူသား ရှာပုံတော် (အပိုင်း၃)
 
ကျနော်တို့ ကျိုက်ထီးရိုးလေး တောင်ပေါ်က ဆင်းလာတော့ နေ့လည် နေအပူက ကျိုက်ကျိုက် ဆူနေပါပြီ၊ ဘုရားသမိုင်း ကိုတော့ အပေါ်မှာ မသိခဲ့ရပါဘူး။ အောက်ရောက်မှ စာအုပ် ရှာပေးမယ်လို့ ကိုကျော်မင်းနိုင် ကပြောပါတယ်၊ (အောက်ရောက်တော့လည်း စာအုပ် ရှာမရခဲ့ပါဘူး၊ ဒါပေမဲ့ ကျနော့နောင်တော်ကြီး ဗိုလ်မှုး ကြီး စိုးသန်း (စာရေးဆရာ စိုးယူစိုး) က ရတနာပုံ သတင်းစာမှာ သူရေးထားတဲ့ ထူးခြားသောေ၇ွှကျင် နယ် က ကျိုက်ထီးရိုးလေး စေတီ ဆိုတဲ့ဆောင်းပါးဖတ်ကြည့်ဖို့ညွှန်းပါတယ် ။


 အကိုကြီးကလည်း ရွှေကျင်မှာ တပ်ရင်းမှုး နဲ့အကြာကြီးနေခဲ့သူပါ) အဲ့ဒီ့ဆောင်းပါးအရ ကျိုက်ထို က ကျိုက်ထီးရိုး စေတီ နဲ့ကျိုက်ထီးရိုးလေး စေတီရဲ့ သမိုင်းဟာ ဆက်စပ်နေပါတယ် ။ ကျိုက်ထီးရိုး ဆံတော် ရှင်စေတီတော်ကြီးရဲ့ မူလ ဒါယကာ တိသရသေ့ကြီး ဆီက ဆံတော်တွေ နဲ့ဘုရား တည်ဖို့ သိကြားမင်း က ကြိုးစား ခဲ့ပါတယ် ။ 

သူနဲ့အတူပါလာတဲ့ နတ်သမီး (၇)ဖော်ကို ရသေ့ကြီးရဲ့ ဦးခေါင်းတော်နဲ့တူတဲ့ကျောက်တုံးတွေ ရှာဖွေပြသဖို့ တာဝန်ပေးခဲ့ပါတယ် ။ နတ်သမီး(၇)ဖော်ဟာ ကျောက်တုံးကြီး ၇ တုံး ကို မြင့်မားတဲ့တောင် တစ်ခုစီပေါ်မှာတင်ပြခဲ့ပါတယ် ။ သိကြားမင်းဟာ ရသေ့ကြီးဦးခေါင်း နဲ့ချွတ်စွပ်တူတဲ့ ကျောက်တုံးကိုရွေးခြယ် လို့ ဆံတော်ကို ဌာပနာပြီးစေတီတော်တည်ပါတယ် ။ အဲ့ဒါကတော့ကျနော်တို့သွားသွား ဖူးမြော်နေရတဲ့ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးပါဘဲ။

ကျန်တဲ့တောင်စဉ်တောင်တန်းပေါ်က နတ်သမီး (၆)ဖော်ရဲ့ကျောက်တုံးကြီးတွေကိုလည်း သိကြားမင်း ကစေတီတော်တွေ တည်ထားခဲ့ပါတယ်။ သည်ကျိုက်ထီးရိုလေးစေတီက အဲ့သည် ကျန်တဲ့ ၆ ဆူ ထဲက တစ်ဆူပါဘဲ၊ ။ အခုကျနော်တို့ ဖူးခဲ့ရတဲ့ မူဆဲခို တောင်ပေါ်ကတစ်ဆူ၊ ရွှေကျင်နယ် ကူးဆိပ်ကျေး၇ွာ အရှေ့ဖက် ဝေဖြူတောင်မှာတစ်ဆူ၊ မဲဝိုင်တောင်ပေါ်မှာ တစ်ဆူ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တဲ့ ၃ဆူကိုတော့ အခုထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးဘူးလို့သိရပါတယ် ။

အရင်က မငြိမ်းချမ်းသေးတော့ တောချိုအုံကြားမှာ တိမ်မြုပ်နေတာဖြစ်ပါလိမ့်မယ် ။ အခုလို ငြိမ်းချမ်းလာတဲ့ကာလမှာတော့ မြန်မာ မွန်၊ ကရင် သာသနာ့ အာဇာနည်တွေ ရှာဖွေတွေ့ရှိနိုင်ပါစေလို့ဆုတောင်းမိပါ တယ် ။

အခု ကျိုက်ထီးရိုးလေးစေတီကိုတောင် လွန်ခဲ့တဲ့နှစ် ၅၀၀လောက်မှပြန်တွေ့တာလို့သမိုင်းက ဆိုပါတယ်။အဲ့ဒီ့အချိန်က မူဆဲခိုရွာမှာ ကျေး၇ွာလူကြီးလုပ်တဲ့ ဦးစောလယ်ကော်မူး တို့ဇနီးမောင်နှံဟာ ကျိုက်ထိုက ကျိုက် ထီးရိုးလေးစေတီကိုနှစ်စဉ်သွားပြီးဖူးမြော်ပါတယ် ။


သည်အချိန်တုံးက အခုလို ကားတွေဘာတွေမရှိတော့ခြေလျင်ဘဲ တောင်တက်ဖူးမြော်ရပါတယ် ။ အသက်  ကြီး လာတဲ့အခါမှာ ဦးစောလယ်ကော်မူး တို့မောင်နှံဟာတောင်ပေါ်ရောက်အောင် မတက်နိုင်တော့ပါဘူး၊လမ်းတ၀က်မှာဘဲ ညအိပ်လို့ စိတ်မှာရည်မှန်း ပူဇော်ခဲ့ရပါတယ် ။ 

ကျိုက်ထီးရိုး စေတီတော်ကြီးကို ရောက်အောင် မဖူးနိုင်တော့လို့စိတ်မကောင်းဖြစ်နေတဲ့ ဖထီး တို့လင်မယားဆီကို ညကာလမှာတော့ သူတော်စင် တစ်ဦးရောက်လာပါတယ် ။ အိမ်မက်လေလား ၀ိုးတ၀ါး ပေါ့၊ ဖထီး တို့အမိုး တို့ကို သူတော်စင်က သိပ်လည်း ၀မ်းနည်းမနေဖို့ဖျောင့်ဖျပြီး ဖထီးတို့နေထိုင်တဲ့ မူဆဲခိုတောင်ပေါ်မှာလည်း တန်ခိုးကြီးတဲ့ ကိုယ်ပွား ကျိုက်ထီးရိုးလေးစေတီ ရှိတဲ့ အကြောင်း၊ ဘယ်လိုသွား၊ ဘယ်လိုရှာ ညွှန်ကြားပေးခဲ့ပါတယ် ။ 

ဖထီး တို့မယုံတစ်ဝက် ယုံတ၀က်နဲ့ပြန်လာခဲ့ပါတယ် ။ ရွာရောက်တဲ့အခါမှာတော့ ရွာသူရွာသားတွေကို စည်းရုံးပြီး ချုံနွယ်သစ်ပင်တွေ ရှင်းရင်းတောနင်း ရှာဖွေကြပါတယ် ။ အဲ့သည်မှာ သည်ကျိုက်ထီးရိုးလေးစေတီကို ဖူးတွေ့ခဲ့ရတယ်ဆိုပါတယ် ။ ဘုရားကိုပြုပြင်တဲ့ အခါပေ၂၀၀၀ ကျော် အမြင့်မို့ ရေ အခက်အခဲ ရှိပါ တယ် ။ ဒီမှာတစ်ခါ အိမ်မက်ပေးပြန်ပါတယ်၊ ဘုရားစေတီတည်တဲ့နေရာ ထက်မြင့်တဲ့ တောင်ထိပ်မှာ နတ်ရေကန် ရှိတယ် နွေမိုးဆောင်း သုံးလို့ရတယ်ဆိုပါတယ်၊ ရှာတဲ့အခါတွေ့ပါတယ်၊ တစ်ကယ်လည်း ဥတုသုံးလီ ရေမခန်းပါဘူး ။ 

အခုထိ နတ်ရေကန်ထဲက ရေကိုသောက်ရင် အသက်ရှည် ကျန်းမာတယ်လို့ ဒေသခံတွေက ယုံကြည်နေကြ ပါတယ် (ကျနော်လည်း တစ်ဝသောက်ခဲ့ပါတယ်) ။ ကျိုက်ထီးရိုးလေးတောင်က ဆင်းလာပြီး ၁၅ မိနစ်လောက်မှာတော့ ကျနော့်ကားပေါ်က လမ်းပြဆရာကြီးက ကားကိုရပ်ခိုင်းပါတယ် ။ သည်နေရာဘဲလို့ပြောပါတယ် ။ အဲ့သည့်နေရာမှာ ကားတွေရပ်ပြီး လမ်းလျှောက်ရပါတော့တယ် ။ လမ်းမှာ ခုတ်ခံထား၇တဲ့ သစ်ပင် ကြီးတွေ၊ မီးသွေးဖုတ်တဲ့ ဖိုတွေနဲ့ခြောက်ခြောက်သွေ့သွေ့မြင်ကွင်းတွေက နေအပူနဲ့အတူ ရင်ကို ပူစေပါတယ် ။ 

အတော်လေးလျှောက်တော့ချောင်းစပ်ကိုရောက်ပါတယ် ။ အဲ့သည့်လမ်းမှာ လမ်းပြ ဆရာကြီးက ထူးခြားတဲ့ကျောက်တုံးနှစ်ခုကို ကောက်ပြပါတယ်၊ ဒါမျိုးတွေလည်း တွေ့တယ်တဲ့ ကျနော် အံသြ သွားပါတယ်၊ သူပြတဲ့ကျောက်က အမာခွံ အုပ်ထားတဲ့ သလင်းပုံဆောင်ခဲတွေပါ၊ (မင်မိုရီစတစ် ပျက်သွားလို့ ပုံမတင်ပြနိုင်တာခွင့်လွှတ်ပါ)၊ သည်လို ပုံဆောင်ခဲတွေကို မိုးကုတ်၊ မိုးမိတ်၊ စခန်းကြီးတစ်ဝိုက်မှာတွေ့ခဲ့ရဘူးပါတယ် ။

 နောက်တစ်ခါ ကျနော် တပ်စုမှုးဘ၀နဲ့ကေအိုင်အေ ရွှေလီမြစ်ကဖြတ်သွားဖြတ်လာကို သွားသွားပြီး ကင်း ပုန်းဝပ် စောင့်ရတဲ့ ရွှေလီမြစ်ဘေးက မုန်းခက်၊ တွန်ဟွန်း ၊ပြင်လုံ တစ်ဝိုက်မှာတွေ့ခဲ့ရဘူးပါတယ်၊ (နောက်တော့ ပတ္တမြားတွေ တွေ့လို့ပြင်လုံ ရတနာမြေတောင် သတ်မှတ်လိုက်သေးထင်ပါရဲ့) ။ 

ကျနော်နေတုံးကတော့ အိမ်ခြေ ၂၀တောင် မရှိတဲ့ရွာသေးသေးလေးပါ။ နောက်တစ်ခါ တပ်က ထွက်ပြီးမိုင်းရှုးတောင်ပေါ်မှာ ကျောက်သွားတူးတော့ လွိုင်ဆောင်ထောက်ကနေ ဆိုက်ခေါင်တောင်၊ အဲ့သည်ကနေ သံလွင်မြစ်ဖက် ဆင်းရင် ရွှေရော မိုင်းရှုးကျောက်ရော ထွက်တဲ့နေရာ ရောက်ပါတယ် ။ အဲ့သည်မှာ သည်လို သလင်း ပုံဆောင်ခဲ အကြီးတွေတွေ့ရပါတယ် ။ သည်တော့ သည် သလင်းပုံဆောင်ခဲ ရှိတဲ့နေရာဟာရွှေနဲ့ကျောက်မျက်ရတနာတွေ ရှိတတ်တယ်လို့ကောက်ချက်ချမိပါတယ် ။ 

ကျနော်က ဘူမိဗေဒ သမား မဟုတ်တော့သေခြာတော့ မပြောရဲပါဘူး၊ ကျနော်ကလော့ဂျစ် သမားပါ၊ ရွှေကျင် ကရွှေ အရမ်းထွက်ပါတယ် ။ ရွှေသိုက်လို့တောင်ခေါ်ရမယ် ထင်ပါတယ် ။ ဒါပေမဲ့ ကျနော်တို့သိတဲ့ရွှေသိုက်ကနှစ်မျိုးဘဲ ရှိပါတယ် အနည်ကျသိုက် နဲ့ပင်မသိုက်ပါ ။ 

အနည်ကျသိုက် ဆိုတာ ရွှေရှိရာ ရွှေစုဆိုသလို ရွှေ အတို အစတွေ ဟာ တဖြေးဖြေး အနည်ကျ စုပုံလာပြီးသိုက်လိုဖြစ်လာတာပါ ။ တစ်နေရာနဲ့ တစ်နရာ စုပုံပုံခြင်း မတူသလို သည်နေရာ ရှိရင်နောက်နေရာ ရှိရ မယ် လို့မသေခြာတဲ့ သိုက်မျိုးပါ၊ 

အခု ရွှေကျင်ချောင်းတွေမှာ၊ ကျနော်တို့ တူးဖူးတဲ့ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းဘေးက နန့်တောတို့က အနည်ကျသိုက်တွေပါ၊ ပင်မသိုက် ကျတော့ကျောက်လွှာကျောက်သားတွေထဲမှာကိုက ရွှေက သဘာဝအလျှောက် အရည်စီးကြောင်းတွေလို ကျောက်အိုးကျောက်ခွက်တွေထဲမှာ သန္ဒေတည်သလို အုံနဲ့ကျင်း နဲ့တွေ့ရတဲ့အမျိုးပါ ။ 

အခု ရမည်းသင်း မိုးထိ မိုးမိ ကလိုမျိုး၊ သပိတ်ကျင်းက လိပ်ကျတို့ ၊ချောင်းကြီးတို့လိုဟာမျိုးပါ၊ အခုပင်မ သိုက်တွေမှာတွေ့ရတတ်တဲ့ သလင်းပုံဆောင်ခဲတွေကို တွေ့ရတော့ ရွှေကျင်တစ်ဝိုက်မှာ တစ်ကယ့် ပင်မ သိုက် ကြီးတွေများ ရှိနေမလား စိတ်ဝင်စားစရာပါဘဲ ။ ဘူမိဗေဒသမားတွေ ဆက်ခေါင်းစားပေးကြပါလေ ။





ချောင်းကမ်းနဖူးက သတ်မှတ်နေရာရောက်တော့ ကျနော်တို့တွေ ကျောက်လက်နက်တွေ ရှာကြပါတယ်။ကျနော့ သူငယ်ချင်းရှေးဟောင်ကြီးနဲ့အုပ်စုကတော့ ၇ွံတွေ ဗွက်တွေကြား ဟိုကျောက်တုံးကောက်၊ သည်ကျောက်တုံးကောက်ပေါ့လေ၊ ဆရာမကြီးတို့ အဖွဲ့ကလည်း တစ်ခြား တစ်ဖက်မှာကောက်နေကြရင်း ကျနော့်သူငယ်ချင်း ကို ညွှန်မှုးရေ ဒီမှာ အများကြီးဘဲ လာကြည့်ပါဦးလို့ ၀မ်းသာအားရ ခေါ်နေတာကြားရပါတယ်။

ဆရာကြီး ဦးမြသောင်း ၊ ဆရာမကြီး ဒေါ်မာမာဝေ တို့လည်း ကလေးလေးတွေလိုဘဲ တက်တက် ကြွကြွ တစ်ပျော် တစ်ပါးကျောက်လက်နက်တွေ ကောက်ကြပါတယ်၊ အမှန်ကို ၀န်ခံ၇ရင် ကျနော်ကတော့ ကျောက် လက်နက် ဆိုတာ ဘယ်လို ကြည့်ရှုရွေးခြယ်ရမယ်ဆိုတာ မသိပါဘူး။ မြင်မြင်သမျှထဲက ထင်ရတဲ့ကျောက်တုံးတွေ ကောက်လိုက်၊ သူငယ်ချင်းကိုပြလိုက် မဟုတ်သေးဘူးပြောလိုက်ပြန်ချလိုက်နဲ့တစ်တုံးမှလည်း မ မှန်ခဲ့ပါဘူး။ 

နောက်ဆုံးကျောက်လက်နက်ရှာနေတဲ့ သူငယ်ချင်းတို့အုပ်စုနားက ခွာပြီးရွှေတူးနေတဲ့ ကလေးတွေနားသွားလိုက်ပါတော့တယ် ။ ကျနော် မကျွမ်းကျင်တဲ့ ကျောက်လက်နက်တွေ ရှာမဲ့အစား သည်ခလေးတွေဆီကကျနော် ကျွမ်းကျင်ရာ သတင်းတွေ တူးဆွ၊ အင်တာဗျူးတွေ လုပ်ရတာကမှ ဟန်ပေဦးမဟဲ့လို့ တွက်မိတာလည်းပါပါတယ်။

 ရွှေတူးတဲ့ ကလေးတွေက ၅ယောက်လောက်ဘဲ ရှိတာပါ၊ ကလေးတွေ ရွှေတူးရတာ အဆင်ပြေလား၊ ဘယ်လောက်များ ရကြသလည်းဆိုတော့၊ ထမင်းစားရုံလောက်ပါတဲ့ ။ သည်နေရာကလည်း သူများတွေ တူးပြီးသား မြေစာ အကျန်ထဲက ရသမျှ အင်ဝိုင်း လာလှည့်နေကြတာပါတဲ့ ။ သူတို့ က ကျနော်ကိုပြန်လာဗျုး တယ်၊ ဦးလေးတို့က ဘာလုပ်မလို့လည်း ၊ ရွှေတူးမလို့လာကြည့်တာလား၊ ရွှေတူးမလို့ဆိုရင်တော့ ဦးလေးတို့ မှားသွားပြီ၊ သည်နေရာက သူများတွေ မရလို့ ဆုတ်သွားတဲ့နေရာလို့ဆိုပါတယ် ။

ဦးလေးတို့ ရွှေမတူးပါဘူး ကျောက်လက်နက် လာရှာတာဆိုတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ နားမလည်ကြောင်းပြပါတယ်၊ ဒါနဲ့ရှေးဟောင်းပစ္စည်း အိုးခြမ်းကွဲတို့ ဘာတို့လာရှာတာပါပြောရတယ်၊ကောင်လေးတွေက ကျနော့်ဦးလေး တယောက်ကတော့ ရှေ့နားကချောင်းစပ်မှာ ရွှေတူးရင်းကြေးလင်ပန်း အစုတ်ကြီး တစ်ခု ရဘူးတယ် ။ အိမ်ရောက်တော့ အဒေါ်က ထုပြီး ပိသာချိန်နဲ့ရောင်းပစ်လိုက်တယ် ။

တစ်ချို့ကတော့ ဒါရှေးဟောင်းပစ္စည်းလို့ပြောတာဘဲ ကျနော့် အဒေါ်ကတော့ ဘယ်သိမလဲ ရောင်းပစ်လိုက်တာဘဲ၊ သည်ကလေးရဲ့ အပြောကို နားထောင်ရင်းကျောက်ခေတ် ၊ကြေးခေတ်၊ သံခေတ်တွေပြေးမြင်ယောင် မိသလို ပဲခူး ကမ္ဘောဇသာဒီ ရွှေနန်းတော်ထဲက ပြတိုက်မှာ မြင်ခဲ့ရတဲ့ ဟံသာဝတီခေတ် ကြေးလင်ပန်းအသုံးအဆောင်တွေလည်း ပြန်မြင်ယောင်မိပါတယ် ။

တန်ဖိုးဆိုတာ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ ကျောက်လက်နက်တွေ တွေ့တော့ ဆရာမကြီးဒေါက်တာဒေါ်မာမာဝေ ကပြောပါတယ် ။ ရွှေကျင်တစ်ဝိုက်မှာ လူတွေနေခဲ့တာေ၇ွှကျင်မြို့တွေ တည်ခဲ့တာ ကုန်းဘောင်ခေတ်လောက်ကိုဘဲ သမိုင်းတင်ခဲ့ရတာ အခုဆိုရင် အနှစ် ၈၀၀၀ လောက်ကထဲက ရွှေကျင်ဒေသမှာ လူတွေနေ ခဲ့တယ် ဆိုတာ သက်သေပြနိုင် တော့မယ်လို့ ၀မ်းသာအားရ ဆိုပါတယ်၊ ဒါဆရာမကြီးက၊ သည်နေရာမှာ ကျောက်ခေတ်သစ်ကထဲက လူတွေနေခဲ့တယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ 

ဆရာကြီးဒေါက်တာသန်းထွန်းက ကျောက်ခေတ် ကိုသည်လို (၃) ခေတ် ခွဲပါတယ် ။

၁။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀၀၀ ကနေ နှစ် ၁၂၀၀၀ ထိ ကျောက်ခေတ်ဟောင်း(Palaeolithic)
၂။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ ကနေ ၉၀၀၀ အထိ ကျောက်ခေတ်ဟောင်းနှောင်း ကာလ (late Palaeolithic)
၃။ လွန်ခဲ့တဲ့နှစ် ၉၀၀၀ ကနေ ၅၀၀၀ ထိ ကျောက်ခေတ်သစ် ကာလ (Neolithic) လို့ဖြစ်ပါတယ်။


ကျောက်လက်နက်တွေ ၀မ်းသာအားရကောက်နေတဲ့ ကျနော့ သူငယ်ချင်းကို ကြည့်ပြီး မြန်မာပြည်မှာ ကျောက်ခေတ် လက်နက်တွေ ဘယ်အချိန်ထဲက ဘယ်သူတွေ စုဆောင်းကောက်ယူခဲ့ကြသလည်းလို့ပြန်စဉ်းစားမိပါတယ် ။ 


ဟိုးအရင်က ကျောက်ချော လက်နက်တွေကို ကျနော်တို့ရှေးမြန်မာကြီးတွေက မိုးကြိုးသွား ဆိုပြီးစုဆောင်းခဲ့တာပါ သိဒ္ဒိဝင်တယ်။ ဆေးကုတယ် ဒါမျိုးလုပ်ခဲ့ကြပါတယ် ရှေးဟောင်း သုတေသန အမြင်နဲ့မှတ်တမ်း တင် စုဆောင်းတာတော့ အင်္ဂလိပ်တွေက စခဲ့တာပါ။ 

၁၈၆၅ မှာ ဗိုလ်ကြီး အေဂျီဒပ် ဆိုတဲ့ လူက ဗြိတိသျှပြတိုက်မှာမြန်မာပြည်မှ စုဆောင်းရရှိသော ကျောက် လက်နက် များ ဆိုပြီး လှုထားတာတွေ့ရပါတယ် ။ ၁၈၇၈ မှာလည်း အိန္ဒိယ ဘူမိဗေဒလေ့လာရေးဌာန က ဒဗလျှူ -သီအိုဘိုလ်ဒ် ဆိုတဲ့ လူက မြန်မာနိုင်ငံက ကျောက်ချော လက်နက်များ ဆိုပြီး အိန္ဒိယနိုင်ငံ ကလကတ္တားပြတိုက်ကို လှုဒါန်းခဲ့တာတွေ့ရပါတယ်။ တစ်ခြားနိုင်ငံခြားသားတွေလည်း ခေတ်အဆက်ဆက်မြန်မာ့ ကျောက်လက်နက်တွေကို ဖော်ထုတ်ခဲ့ပါ တယ်။ 

၁၉၃၇-၃၈ မှာတော့ အမေရိကန် ဘူမိဗေဒပညာရှင် Dr.H.de Tarra နဲ့ရှေးဟောင်း သုတေသန ပညာရှင် Dr. H.L.Mouvius တို့ ဦးဆောင်တဲ့ အရှေ့တောင်အာရှ အမေရိကန် စူးစမ်းရေးအဖွဲ့က အညာဒေသဧရာဝတီမြစ်ရိုးတစ်လျောက် သုတေသန လုပ်ပြီးမြန်မာ့ကျောက်ခေတ်ကို လေ့လာခဲ့ပါတယ်။ ကျောက်ခေတ်သုံးလက်နက်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

လွန်ခဲ့တဲ့နှစ်တစ်သန်းလောက်ကထဲက သည်ဒေသ မှာ လူသားတွေနေထိုင်ခဲ့ပြီလို့ဖော်ထုတ်နိုင်ခဲ့ပြီး၊ အခုထက်တိုင် ကမ္ဘာ့ မနုသဗေဒရှေးဟောင်းသမိုင်းမှာ မှတ်တမ်းဝင်တဲ့ အညာဒေသကို ရည်ညွှန်းတဲ့အညာ သား ယဉ်ကျေးမှုလို့ကင်ပွန်းတပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အတော်များများမှာ ကျောက်လက်နက်တွေတွေ့ရပေမဲ့ အခုကျနော်တို့ရောက်နေတဲ့ ရွှေကျင်အပါအ၀င် ပဲခူးတိုင်းအတွင်းမှာတော့ အထင်အရှား မတွေ့ ရသေးပါဘူး ။ ဒါဟာ သမိုင်းမှတ်တမ်းအသစ် တစ်ခုပါဘဲ။

ဒါကြောင့် ကျနော့သူငယ်ချင်းက အားထည့်ပြီး အဆင့်ဆင့် တင်ပြခဲ့ပါတယ်။ ပဲခူးတိုင်း ၀န်ကြီးချုပ်ကလည်းအားတက်သရော သွားရောက်လေ့လာစေခဲ့သလို ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီးကလည်း ဒါသမိုင်း အတွက် အရေးကြီးတယ် ကွင်းဆင်း စစ်ဆေးပါလို့ လမ်းညွှန် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ် ။ သည်လိုဘဲ ရှေးဟောင်းဌာနက ညွှန်ချုပ် နဲ့တာဝန်ရှိသူများကလည်း စီစဉ်စရာတွေ စီစဉ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြင်ပ ပညာရှင်တွေဖြစ်တဲ့ ဆရာကြီးဒေါက်တာမြသောင်း၊ ပါမောက္ခဒေါက်တာဒေါ်မာမာဝေ တို့လိုလူတွေကလည်း သိုင်းခဲ့ ၀ိုင်းခဲ့ကြပါတယ် ။ ကိုကျော်မင်းနိုင်လို ဒေသချစ်သူတွေနဲ့ တစ်ခြား ညီအကို မိတ်ဆွေ များကလည်း အားပေးခဲ့ကြပါတယ် ။ ဒါကြောင့် သည်ခရီးစဉ်လေးဟာ အောင်မြင်ပြီး ရည်မှန်းချက်ပေါက်ရောက်ခဲ့ပါတယ် ။ 

ပိုပြီး ၀မ်းသာစရာကောင်းတာက သည်နေ့ ၁၉-၅-၂၀၁၇ ရက်နေ့ ကျနော်တို့ကျောက်ခဲတွေ ကောက်ခဲ့တဲ့ ၈ ရက်မြောက်နေ့မှာဘဲ ကျနော့ သူငယ်ချင်း ရှေးဟောင်းကြီးက ဖုန်းဆက်ပါတယ်။ သူငယ်ချင်းရေ ငါတို့ကောက်လာတွေက သေခြာသွားပြီ၊ တို့ဆီက ကျောက်ခေတ် အိပ်စပတ် ပညာရှင်တွေက ကျောက်လက်နက်ဖြစ်တယ်ဆိုတာ ပဏာမ အတည်ပြုလိုက်ပြီ၊ အထက်ကို ဆက်တင်ထားတယ်၊ ပြီးရင် ဘူမိဗေဒပညာ ရှင်တွေ ၊မနုသဗေဒပညာရှင်တွေ နဲ့ တစ်ကယ့် အဖွဲ့တွေ ဖွဲပြီးထပ်သေခြာအောင် သွားပြီးလေ့လာကြဦး မယ် ။ နည်းပညာအထောက်အကူတွေလည်း ပါမယ်၊ လိုအပ်ရင် တူးဆွရှာကြလိမ့်မယ် ။ ၀မ်းသာစရာဘဲကွလို့ဆိုပါတယ်။ သည်တွေ့ရှိမှုက ဘာတွေ အကျိုးရမလဲ ချရေးကြည့်လိုက်တော့....

၁။ သည်ဒေသမှာ ကျောက်ခေတ်ကထဲက လူတွေနေခဲ့တယ် ၊
၂။ ကျောက်လက်နက်တွေ အစုလိုက် အပြုံလိုက်တွေ့တဲ့ အတွက် လူ တွေ အုပ်စုလိုက် ဖွဲ့စည်းနေထိုင်ခဲ့တဲ့နေရာဖြစ်မယ်၊
၃။ အရင်က သည်နေရာတွေဟာ ရေဖုံးလွှမ်းနေတဲ့ ပင်လယ်တိမ် ဒေသ ဖြစ်ခဲ့တယ် ဆိုတဲ့ သီအိုရီ အယူ အဆတွေ နဲ့လည်း လမ်းခွဲ ထွက်လိုက်နိုင်ပြီ။ 


သည်လို ကျောက်ခေတ်ကို ခြေရာခံမိမှတော့ သည်နေရာမှာ ကြေးခေတ်၊ သံခေတ် ၊ပြူခေတ်တွေ ဆက် တိုက် ထွန်းကားလာခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲတော့ဟုပင် ဆိုခြင်ပါသည် ။ 

စစ်တောင်းမြစ် နှလုံးသားမှာ ကျောက်ခေတ်လူသား ရှာခဲ့ပေမဲ့ ကျောက်လက်နက်တွေသာ တွေ့ခဲ့ရပါတယ်၊ဘာဘဲဖြစ်ဖြစ် သည်နေရာဟာ ကျောက်ခေတ်ကထဲက လူသားတွေ ပေါင်းစုအခြေချ နေထိုင်ခဲ့တဲ့ ဒေသဖြစ်တယ်ဆိုတာတော့ ခိုင်ခိုင်မာမာ ကဗျည်းတင်နိုင်တော့မှာဖြစ်ပါတယ်။




ဇတ်ရှိန် မြင့်တက်လာပြီဖြစ်သော စစ်တောင်းမြစ်ဝှမ်း ယဉ်ကျေးမှု


ကျန်ခဲ့တဲ့ ၁လ လောက်က ရွှေ ကျင်ချောင်းဖျား ဒေသမှာ ကျနော်တို့အုပ်စု ကျောက်ခေတ်လယ် လက်နက်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြောင်းရေးသားတင်ပြခဲ့ပါတယ် ။ အဲ့သည့်ဆောင်းပါးလေးကို ဖတ်ပြီးဖေ့ဘုတ် မိတ်ဆွေ ညီကလေး တယောက်က chat box က ဆက်သွယ်လာပါတယ်။ 


သူရွှေကျင်ချောင်းလက်တက် တစ်ခုမှာ ရွှေတူးရင်း အိုးတလုံး ရခဲ့တဲ့ အကြောင်းပါ ။ ကျနော်နဲ့သူ အတော် ရှည်ရှည်ဝေးဝေးဘဲ ပြောဖြစ်ခဲ့ကြပါတယ်။ ပြောတဲ့ အတိုင်းပြောပြပါရစေ ။ 

ကျနော်တို့ သွားခဲ့တဲ့ ကျိုက်ထီးရိုးလေးစေတီ မရောက်ခင်မှာ ချောင်းဖြတ်တံတားငယ်လေး တစ်ခုရှိပါတယ်၊အဲ့သည့် တံတားငယ်လေးတွေကနေ ဘယ်ဖက်ကို လမ်းခွဲ သွားရင်ကျောက်တောင်ကြီးနှစ်ခုက မြို့တံခါးလိုဖြစ်နေတဲ့ ကျောက်တံခါး ဆိုတဲ့နေရာကို ရောက်တယ်၊ ကြီးမားတဲ့ကျောက်တောင်ကြီးနှစ်ခုဟာ တစ်ချိန်ကမြို့ တံခါးကြီးလို့ဒေသခံ သက်ကြီး ၀ါကြီးတွေက ဒဏ္ဍာရီ သဖွယ်ပြောကြပါတယ်။ 

ရှေးတုံးကမြို့တော်ကြီး တစ်ခုလို့လည်း ဆိုကြပါတယ် ။ အဲ့သည်နားက ကုန်းတွေမှာ ရေတွင်းလို တွင်းလေးတွေလည်း တွေ့ရပါတယ်၊ အဲ့ဒီ့နေရာကို ကျောက်နဂါး လို့လည်းခေါ်ကြတယ်။ ကျောက်နဂါး ဆိုတဲ့ကျောက်တောင်ကြီးပေါ်မှာ ဘုရားလေး ရှိတယ် ။ သူအပေါ်ကို ကုတ်ကပ်တက်ရတယ် ။ 

ဘုရား အုတ်ခုံမှာ ကျောက်နဂါးသိုက် လို့ရေးထားတာတွေ့တယ်။ ကျောက်နဂါးဘုရား ရဲ့အောက်ကချောင်း ၀ဲပြင်ပေါ်မှာ တစ်ခါက သိုက်ဆရာတွေ သိုက်လာတူးဖူးတယ်၊ မိုးကြိုးပစ်ခံရတယ်၊ ငန်းမြွေတွေ အလိုက်ခံရတယ် ဆိုတယ်။ အခုထိလည်း ငန်းမြွေတွေ အရမ်းပေါတဲ့နေရာဖြစ်တယ်။ သူတို့က အဲ့သည့်ကျောက်နဂါးနားကချောင်းမှာ ရွှေမြောတိုက်ကြတယ်။ 

အဲ့သည့်ချောင်းက အရင်က အတော်ကျယ်ခဲ့မယ် ထင်ပါတယ်။ ဧရာဝတီမြစ်လို ကမ်းပါးဆင့်ကြီးတွေ ရှိ တယ်၊ အခုတော့ အတော်ကောနေပါပြီ၊ သူတို့ကချောင်းကို ပိတ်ပြီးမြောတိုက်တယ်။ ချောင်းအနက်ပေ ၃၀ လောက်အကွာမှာတော့ ကျောက်ဖျာကြီး ခံနေပြီး ဆက်တူးလို့ မရတော့ဘဲ အနေအထားကို ကြုံပြီး သူတို့ အဲ့သည့်နေရာက အရှုံးကြီး ရှုံးခဲ့ရပါတယ် ။ 

အဲ့သည့်ကျောက်ဖျာကြီးကို မမြင်ရခင် အပေါ်မှာ ၅ပေလောက် ထူတဲ့ သဲဖြူကြောကိုတွေ့ရပါတယ်။ အဲ့ သည့် သဲဖြူကြောကို ရေနဲ့ထိုးပြီး သူတို့မြောတိုက်ပါတယ် ။ အဲ့သည့်အချိန်မှာ သဲဖြူကြောထဲမှာ ဖြူဖြူလုံးလုံးကြီးတစ်ခုပေါ်လာပါတယ် ။ အစကတော့ အဲ့သည့်ဖြူဖြူ လုံးလုံးကြီးကို ဘာဥကြီးလည်းပေါ့ ၊နောက်ပြေးကောက်ကြည့်တော့မှ အိုးတစ်လုံးဖြစ်နေပါတယ်။ 

ရွှေအိုး မှတ်လို့အထဲကို အရည်ဖျော်လိုက်တော့ အမဲရောင်ပြာတွေ ထွက်လာပါတယ်၊ အထဲမှာ တစ်ခြားဘာမှ မပါပါဘူး။ ရွှေတူးတဲ့လူတွေ အနေနဲ့ရွှေက လွဲရင်ဘာမှ မမက်ကျပါဘူး ။ သမိုင်းတွေရှေးဟောင်းတွေလည်းမသိပါဘူး ။ ဒီအိုးလေးကိုလည်းဘယ်သူမှမမက် ဂရုမစိုက်ကျပါဘူး ။ ကျနော့ကို ဆက်တဲ့သူနဲ့ သူ့ ညီလေး တယောက်သာ ထူးဆန်းတယ် ထင်လို့သိမ်းထားတယ် ဆိုပါတယ် ။

ထူးဆန်းတယ်ထင်တာက အိုးရဲ့ အသားပါ ၊မြေသားလည်း မဟုတ် မှုန့်ညက်ဖြူဖွေးနေတဲ့ အသားနဲ့လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုက အိုးကို စတွေ့ခါစက အသားကရေထဲမှာ ပျော့သလိုလိုဖြစ်ပြီး ကုန်းပေါ်ရောက်တဲ့အခါ မာသွားတယ် ဆိုပါတယ်။ ဒါနဲ့ သူလည်း သည်အိုးလေးကို ဘာမှန်းမသိ သိမ်းထားလိုက်ပါတယ်တဲ့ ။ 

သူတို့လည်းနောက်ပိုင်း တခြားနေရာကို ရွှေ့ပြောင်း တူးခဲ့ပါတယ် ။ သည်အိုးလေးက သူ့ကို ကံကောင်းစေ တယ်လို့ထင်လို့ သိမ်းထားခဲ့ပါတယ်တဲ့။ နောက်ပိုင်း ကေအင်ယူတပ်မဟာ ၁/၃၊၅ ဘက်တွေမှာရွှေတူးခဲ့ပါတယ် ။ အခုတော့ အိမ်ထောင်ကျလို့ ကရင်ပြည်နယ်ကမြို့လေး တစ်မြို့မှာ အခြေချနေပြီဆိုပါတယ်။

သူ့စီက အိုးပုံလေးတွေပို့လိုက်ပါတယ် ။ အတိုင်းအတာလေးတွေလည်း ပါပါတယ် ။ သုတေသီတွေလေ့လာနိုင်အောင်လည်း ကျနော်တင်ပြထားပါတယ် ။ အိုးပုံလေးတွေကို ကျနော်စီမှာရှိတဲ့ ဆရာကြီးတွေရေးထားတဲ့ရှေးဟောင်းပညာရှင်တွေ သုတေသီတွေရေးထားတဲ့ ပျူ အရိုးအိုး ပုံတွေထဲမှာ ရှာကြည့်တော့ မတွေ့ ပါဘူး ၊တောင်ငူခေတ်၊ ဟံသာဝတီခေတ် အိုးတွေနဲ့လည်း ဒီဇိုင်းမတူပါဘူး ။ 





ပျူထက်များ စောမလား ပညာရှင်တွေ သုတေသီတွေ ဝေဖန်ပိုင်းခြားကြဖို့ပါ။ ဆရာကြီးဒေါက်တာ သန်းထွန်း ရဲ့၁၉၉၆ ဇူလိုင်လ ကလျှာ မ၈္ဂဇင်းမှာ ရေးခဲ့တဲ့မြန်မာ့ အိုးဒီဇိုင်း သမိုင်းဆောင်းပါးမှာ ပဒတ်လှိုင်ဂူ (ပြဒါးလင်းဂူ) မှာတွေ့တဲ့ အိုးကွဲ ဆိုရင်လွန်ခဲ့တဲ့ အနှစ် တစ်သောင်း တစ်ထောင်လောက်က အသုံးပြုတဲ့ အိုးကွဲလို့တောင်ပြောနိုင်စရာရှိပါတယ်လို့ရေးခဲ့ဘူးပါတယ်။ 

ပြဒါးလင်းဂူ ကို ကျနော် တပ်စုမှုး ဘ၀ ၁၉၈၆ ကင်းတားဆည် လုံခြုံရေး အပြင်စည်း တာဝန်ကျ စဉ်ကခဏခဏရောက်ဖူးပါတယ် ။ အဲ့သည့်အချိန်က လူသူ အရောက်အပေါက် နည်းပြီး တရားကျင့်တဲ့ ရဟန်းသူတော်စင်တွေသာ တွေ့ခဲ့ရပါတယ်။ သောက်ရေ အခက်အခဲ ဖြစ်လွန်းလို့ဂူပေါက်ဝမှာ ကျနော်တို့မြေရေအိုးတွေ ကင်းတားဈေးထဲက၀ယ် ရဲဘော်တွေနဲ့တစ်ကူး တစ်ကသယ်ပြီး ထားပေးခဲ့ဘူးပါတယ်။

အဲ့သည့်ဖက်ရောက်တိုင်းလည်း အောက်ဖက်ရေထွက်ကနေ ရေသယ်လို့ ကုသိုလ်ပြုပေးခဲ့ဘူးပါတယ်။ အဲ့သည့်တုံးကတော့ ကျနော်တို့လည်း ရွှေတူးတဲ့ သူတွေက ရွှေဘဲ အဓိကဖြစ်သလိုကျနော်တို့စစ်သားတွေကလည်းလုံခြုံရေးဘဲ အဓိကဖြစ်တာကြောင့် ရှေးဟောင်းတွေ သမိုင်းတွေ မသိပါဘူး။ 





ပွင့်ပွင့်လင်းလင်း ဆို၇ရင် ထိမ်းသိမ်းရကောင်းမှန်းလည်း မသိပါဘူး။ ပြဒါးလင်းဂူထဲမှာတောင် ချက်ပြုတ်စားသောက်လိုက်ပါသေးတယ်။ နောက်ပိုင်း တပ်ကထွက်မှ သည်လို ဂူထဲမှာ ချက်ပြုတ်စားသောက်ရင် ထွက်လာတဲ့ မီးခိုးတွေက ဂူဝ နံရံမှာ ရေးထားတဲ့ကျောက်ခေတ် ပန်းချီတွေကို ထိခိုက်နိုင်တယ်ဆိုတာ သိရတာပါ။

တစ်ကယ်တော့ ကျနော်တို့ တပ်မတော် အရာရှိတွေ၊ စစ်သည်တွေကိုလည်း ရှေးသောင်း သုတေသနပညာရပ် သင်ပေးသင့်တယ်လို့ ထင်ပါတယ်။ ကျနော်ဆို ရွှေလီချိုင့်ဝှမ်းခွင်မှာ တပ်စုမှုး၊ တပ်ခွဲမှုး ဘ၀တွေနဲ့ အကြာကြီး လှည့်ပတ်သွားလာခဲ့ရပါတယ် ။ အဲ့သည့်တုံးက ဗကပ ကေအိုင်အေ ပလောင်တွေ နဲ့ပြေးတမ်းလိုက်တမ်းနောင်ဂျိန်ချခန်းတွေ ကစားခဲ့ရတာပေါ့။ တောကြိုအုံကြားမှာ တပ်စုတစ်စုနဲ့ခြုံခိုဖြတ်တိုက်ဖို့သွားရင်းဘုရားပျက် အကြီးကြီးတွေ တွေ့ခဲ့ရတာတွေ၊ သီရိဓမ္မာမင်းကြီး တည်ခဲ့တယ် ဆိုတဲ့ ရှေးဘုရားကြီးတွေရုပ်ထု အကျိုးအပဲ့တွေ အများကြီးတွေ့ခဲ့ရတာပါ။ 

နောက်ဆုံး တိုက်ကင်းလှည့်ရင်းတောင် ခဏထိုင်နားတဲ့ ကုန်းမို့မို့လေးမှာ ထိုင်တော့ တင်ပါးအောက်ခိုးလိုး ခုလုနဲ့ဖြစ်တော့ ဘက်နက်နဲ့တူးကြည့်တော့ ရုပ်ပွားတော် ဥာဏ်တော် ၁တောင်လောက် တွေ့တဲ့ အကြောင်း ၊ရေဘူးထဲက ရေနဲ့ရေဆေး သပါယ်ပြီး နီးရာ ဘုန်းကြီးကျောင်းမှာတင်လှု ပူဇော်ခဲ့တဲ့ အကြောင်းတွေ ရေးခဲ့ဘူးပါတယ်။ 



နောက်ဆုံး ဖေ့ဘုတ်ဆယ်လီကြီး ကိုရဲကျော်သူရတို့ တပ် ခြုံခိုတိုက်ခံရပြီး ၁၃ယောက်လားမသိ ကျကုန်တဲ့ပွဲမှာ ကျနော်တို့ စစ်ကူပေး ကယ်ထုတ်ခဲ့ရတဲ့ နံမည်ကြီး ထားချက်ဘုရား ဆိုလည်း ဘုရား အလောင်း (၄) ဘ၀ တိုင်တိုင် ကျင်လည်ခဲ့ရာတောင် ကုန်းဖြစ်ပါတယ်၊ ထားချက်ဘုရား ရဲ့ မူလ ဒါယကာ အာသောက မင်းကြီးဘဲဖြစ်ပြီး ရှေးဟောင်း အုတ်ချပ်အကြီးကြီးတွေနဲ့ကျောက်စာ အကျိုးအပဲ့တွေ ရှိပါတယ် ။ 

တပ်က ထွက်ပြီး ခလ၇ ၉၅ ကနောင်တော် ညီတော်တွေပြန်ဆုံကြတဲ့ ၁၉၉၈ လောက်မှာအဲ့သည့်အချိန်ကပလောင်ကလည်း ငြိမ်းချမ်းရေးယူနေပြီဆိုတော့ ညီအကိုတွေ ဖိုးဝှီး ကားတစီးနဲ့ဆွေမျိုးသားခြင်းတွေလို ချစ် ခင်ခဲ့ရတဲ့ အဲ့သည်ဒေသကိုပြန်သွားလည်ကြဖို့တိုင်ပင်မိသေးတယ်။ ပလေယင်ဖက်ကို တာဝန်ယူပေးမဲ့သူလည်းရှိသမို့ပေါ့လေ။

အခုတော့ အဲ့သည့်အချိန်ထက် တောင်ဆိုးနေတော့ သည်တသက် ရွှေလီချိုင့်ဝှမ်းခွင်ကို ပြန်ရောက်နိုင် ဖို့တော့ မမြော်လင့်နိုင်တော့ပါဘူး ။ ငယ်ငယ်တုံးက စစ်သားဘ၀ရောက်တဲ့အချိန်က သမိုင်း ဗဟုသုတရှေးဟောင်းဗဟုသုတနုံနဲခဲ့မိတာကိုဘဲ ၀မ်းနည်းမိပါတယ်။ ဖြစ်နိုင်ရင် ကျနော်တို့ တပ်မတော်သားတွေကို လေ့ကျင့် သင်ကြားပေးတဲ့ ပညာရပ်တွေမှာ ရှေးဟောင်းသုတေသနပညာကိုပါ ထည့်သွင်းသင်ကြားပေးဖို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြလိုပါတယ်။

ဒါမှ တပ်မတော်သားတွေ သွားရင်းလာရင်း သမိုင်း အထောက်အထားတွေ ထိမ်းသိမ်းနိုင်မှာဖြစ်ပြီး သမိုင်းလိမ်တွေကို ချေဖျက်နိုင်မှာဖြစ်ပါတယ်။ မြန်မာက စဉ့်အိုးခြမ်းတွေ ထိုင်းကသိမ်းကျူံးဝယ်.ယူပြီး ထိုင်းမှာ ထွန်း ကားခဲ့တဲ့ စဥ့်သမိုင်းတွေနဲ့လုပ်စားနေတာ ဆရာဈာန်သစ်အောင် ရဲ့ စာမျက်နှာမှာ ထင်ပါရဲ့ဖတ်ခဲ့ရဘူးပါတယ်။ တစ်ကယ်တော့ ကျနော် ခဏခဏ ရေးခဲ့ဘူးပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိမှာပါ တန်ဖိုး သိအောင်ဆိုတာလည်း လေ့လာမှ သင်ယူမှဖြစ်မှာပါ။

အခုဖေ့ဘုတ် ညီလေး ရထားတဲ့ အိုးဆိုတာလည်း သေးသေးလေးပါ။ အိုးတစ်လုံး အနေနဲ့တန်ဖိုးမရှိပါဘူး၊တစ်ချို့ရှေးဟောင်းပစ္စည်း စုဆောင်းသူ တစ်ချို့ဆီမှာလည်း ပျူအရိုးအိုးတွေ ၀ယ်လို့ရတယ် ဆိုပါတယ်။ ဒါပေမဲ့ သည်ဒေသရဲ့တန်ဖိုးနဲ့တွက်ရင်တော့ တန်ဖိုးရှိမယ်လို့ ကျနော်ထင်ပါတယ်။ ဆရာ တမ္မ၀တီ ဦးဝင်းမောင် ရဲ့ဆရာကြီး ဦးမောင်မောင်တင် ရဲ့မွေးနေ့အမှတ်တရ စာတမ်း စာအုပ်မှာ မြန်မာနိုင်ငံ အတွင်း ရှိမြစ်ဝှမ်း အသီးသီး တို့၏ ယဉ်ကျေးမှုဒေသများ ဆိုတဲ့ စာတမ်း ပါပါတယ်။

ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း ၊မူးမြစ်ဝှမ်း ၊စမုံမြစ်ဝှမ်း မြစ်ငယ်မြစ်ဝှမ်း ၊မြစ်သာမြစ်ဝှမ်း၊ ကစ္ဆပနဒီမြစ်ဝှမ်း၊ အင်းလေး ဘီလူးချောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်း၊ တို့နဲ့ အတူ စစ်တောင်းမြစ်ဝှမ်းဒေသ ကိုလည်း ဆရာကြီးက ထည့်သွင်းထားပါတယ်။

ဆရာကြီးက ကြေးခေတ် သံခေတ် ထွန်းကားရာ ဒေသရှေးဟောင်း မွန်ယဉ်ကျေးမှု ထွန်းကားရာဒေသ လို့ဖော်ပြခဲ့ပါတယ်။ တစ်လျောက်လုံးလည်း သည်လို သိခဲ့ရပါတယ်။ တလောက မထင်မှတ်ဘဲ ကျောက် လက်နက်တွေ တွေ့လို့ ရှေးဟောင်းက သူငယ်ချင်းကခေါ်လို့၊ ပညာရှင်တွေ နဲ့ အတူ ကျနော်တို့ သွား ခဲ့ကြောင်း ၊ရှေးဟောင်းက ကျောက်ခေတ် အထူးပညာရှင်တွေက ပဏာမ အတည်ပြုထားကြောင်း ထပ်ပြီးတူးတာ ဆွတာကအစ လေ့လာကြဦးမယ်ဖြစ်ကြောင်း ကျနော်ရေးသားတင်ပြခဲ့ပြီးပါပြီ။

အခုကျနော်တို့ကျောက်ခေတ် နဲ့ဆက်စပ်ပြီး ပျူခေတ်ပါ သည်နေရာမှာ ထွန်းကားခဲ့ကြောင်း အထောက် အထားတွေ တွေ့နေပါပြီ၊ သည်အိုးလေးရတဲ့ ညီလေး မပြောခင် ရွှေကျင်မှာကထဲက သည်သတင်းရပါ တယ် ၊ရွှေ အကြီးအကျယ် တူးခဲ့တဲ့ လူတယောက်က သူရွှေတူးတုံးက ကုလားဘုရား နတ်ရုပ် အကျိုး အပဲ့တွေတွေ့ဖူးကြောင်း သူတို့လည်း ဘာမှန်း မသိတော့သည်လိုဘဲ ပုံထားလိုက်ကြောင်းပြောပါတယ်။

အဲ့သည့်နေရာကိုမေးတော့ သူကပြောပြပါတယ်။ ကျနော်တို့က ပုံသဏ္ဍန်ကို သေခြာမေးတဲ့ အခါမှာတော့ပျူခေတ်က ဗိသနိုးနတ်ရုပ် နဲ့တူတာတွေ့ရပါတယ်။ နောက် တစ်ခြား စိတ်ဝင်စားစရာ လှိုင်ဂူ တစ်ခု အကြောင်းလည်း သူပြောပါတယ် ။ ကျနော်နဲ့အိုးပိုင်ရှင် ညီလေး ချက်ဘောက်က စကားပြောတဲ့အခါ သည်နတ်ရုပ် အကြောင်းပြောမိပါတယ်။

သည်အခါ သူလည်းတွေ့ဘူးကြောင်း အဲ့သည့်နေရာမှာလည်း ရွှေတူးဘူးကြောင်း သူတို့လည်း သည်လိုတောကြီး မျက်မည်းထဲ ဘာကြောင့် ကုလားဘုရားနတ်ရုပ်တွေ ရောက်နေသလည်း စဉ်းစားမရခဲ့ကြာင်း အခုမှ ပျူ နတ်ရုပ်တွေလို့သိရကြောင်းပြောပါတယ်။ နောက်သူက စိတ်ဝင်စားစရာတစ်ခုပြောပါတယ်။ 

အဲ့သည့်နားမှာ ကုလား မရှိဘဲ ကုလားသင်းချိုင်း ဆိုတာရှိနေကြောင်း၊ သူတို့ရွှေတူးတုံးက အရိုးတွေတောင်တွေ့ကြောင်း တစ်ချို့က အရိုးတွေဆို အင်ကြင်းကျောက်လို့တောင်ဖြစ်နေကြောင်း ရွှေသမား ကတော့လပ်ကီး မကောင်းမှာ စိုးလို့လွှင့်ပစ်ကြကြောင်း၊ တစ်ချို့ အရိုးတွေဆို ကျနော်တို့ထက်တောင် အဆစ်အမြစ်ကြီးတယ် ထင်ရကြောင်းပြောပါတယ် ။ ကျနော် တုန်လှုပ်သွားပါတယ်။ ဒါလည်း ပျူသချိုင်းရာများလား ဆိုပြီးတော့ပေါ့။

ဒါနဲ့ကျနော့ဆီမှာရှိတဲ့ ရွှေကျင်ဒေသက တစ်လက်မ တစ်မိုင်စကေး စစ်သုံးမြေပုံ ၄ ချပ်ကို ကွန်ပြူတာထဲမှာဆက်စပ်ကြည့်လိုက်ပါတယ်။ တပ်ထဲမှာတုံးကလိုဘဲ ကွန်တိုတကွက်ခြင်း အလိုက် ရှာလိုက်ပါတယ်။ ရွှေကျင် က ရွှေတူးသမားကြီးပြောတဲ့နေရာရော၊ အိုးပိုင် ရှင်ညီလေးပြောတဲ့နေရာတွေရော မြေပုံပေါ်မှာတွေ့ပါ တယ်၊ မင်းကွာ သည်လောက် GPS တွေ googlemap တွေ ဖုန်းထဲမှာကြည့်လို့ရနေတဲ့ဟာကို အပင်ပန်း ခံပြီးများ စစ်သုံးမြေပုံ အဟောင်းကြီး တစ်ပင်တစ်ပန်း ရှာကြည့်နေရသေးတယ်ပြောကြမှာပါ။

ဒါပေမဲ့ စစ်သုံးမြေပုံ ဆိုတာ ဟိုးအရင်1896-1906 အင်္ဂလိပ်ခေတ်ကထဲက ပြုစုထားတဲ့မြေပုံပါ၊ အခုခေတ်မြေပြင်ပေါ်မှာ ပျောက်ကွယ်သွားခဲ့တဲ့ ဘုရားစေတီတွေ တောင်တွေ တောတွေ အင်းအိုင်တွေက အစတွေ့နိုင် ပါတယ်၊ ဒါကြောင့်ကျနော်ဟာ ဒေသတစ်ခုကို လေ့လာရင် GPS တွေ Google Map တွေ အပြင် စစ်သုံးမြေ ပုံတွေကို အားကိုးမိတာပါ။ မြန်မာတပြည်လုံးက စစ်သုံးမြေပုံတွေ ကျနော့ ကွန်ပြူတာထဲမှာ ရှိပါ တယ်။ 

တစ်ဆက် တစ်စပ်ထဲ ရွှေကျင်နယ်မှာ ထင်ရှားခဲ့တဲ့ ဖိုးပိုက်ဆံ အကြောင်းကို ကျနော်စာရေးခဲ့တဲ့ အခါမှာ ကရင်ပြည်နယ်က မိတ်ဆွေကြီး ကိုအောင်ထွန်း နဲ့ မိတ်ဆွေတစ်ချို့ က ကျနော်မသိတဲ့ ဖိုးပိုက်ဆံ သာ သနာပြုသွားတဲ့ သက်ကယ်တောင် နဲ့လေချွန်တောင် ပုံကိုမြေပုံပေါ် တင်ပြီး ပို့ပေးလာပါတယ် ။ (သူလည်းကျနော့လို စစ်သားဟောင်းပါ) နောက်ပြီး အဲ့သည့်နေရာဟာ မိုးထိ မိုးမိလို ရွှေကြောကြီး ရှိတဲ့ မူလ သိုက်၊ဖိုးပိုက်ဆံ က ရွှေကြောကြီးပေါ် တက်ထိုင်သွားတာဘဲလို့ပြောလာပါတယ်။ 

ရွှေကို ကျနော် တပ်ကထွက်တုံးက တူးခဲ့ဘူးပါတယ်။ ရွှေက တန်ဖိုး ရှိပါတယ် ။ ဒါပေမဲ့ အခုတော့ရွှေထက်သမိုင်းက ပိုတန်ဖိုးရှိတယ်မြင်လာပါတယ် ။ မိတ်ဆွေတွေကပြောကြတယ် ရွှေတူးမလား ကူညီမယ်တဲ့ အခုတော့ေ၇ွှတူးဖို့ထက် ရွှေပုတီးေ၇ွှလက်ကောက် ရွှေရုပ်ထုတွေ နဲ့ရွှေနိုင်ငံကြီး တစ်ခုကိုရွှေတောင်ကြီးနားမှာ ထူထောင်သွားမယ် လို့ယူဆရတဲ့ ရွှေကိုချစ်တဲ့ ပျူတွေ ရဲ့စစ်တောင်းမြစ်ဝှမ်း ယဉ်ကျေးမှုကိုဘဲ စိတ် ၀င်စားနေမိပါတယ်။

မိုးကုန်ရင်တော့ ကျနော်တို့ ရွှေကျင်မှာပြန်ဆုံကြဦးမှာပါ။ မြေပုံတွေနေရာတွေတော့ သူငယ်ချင်းရှေးဟောင်းညွှန်မှုးကြီးဆီ တင်ပြပြီးပါပြီ။ အပြင်ကိုတော့ မတင်ပြနိုင်သေးပါဘုး။ အိုးပိုင်ရှင် ညီလေးပြောတဲ့ကျောက် နဂါး ကိုတော့ ရွှေကျင်ဒေသ ရွှေတူးဖော်ရေး အခြေအနေကို နိုင်ငံတစ်ကာ NGO တစ်ခုက ပြုစုပေးထားတဲ့စာတမ်းမှာတွေ့ရတဲ့မြေပုံလေးနဲ့တင်ပြပေးထားပါတယ်။

အဲ့သည်မှာသေခြာကြည့်ရင်ကျောက်နဂါး ဆိုတာတွေ့မှာပါ ။သည်စစ်တောင်းမြစ်ဝှမ်း.ယဉ်ကျေးမှု ရှာပုံတော်ကနေ ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့ ပျုတွေ ဘယ်ရောက်ကုန်သလည်း စာအုပ်ကိုဖြည့်စွက်ပေးနိုင်မယ် ထင်ပါတယ်။

 နောက် ကရင်တွေ၊ မွန်တွေ ရဲ့ရှေးကျတဲ့ သမိုင်းကိုလည်း ပိုပြီးပြည့်ပြည့် စုံစုံဖြစ်လာမယ် လို့ယုံကြည်ပါ တယ် ။

ဇတ်ရှိန်တော့တက်နေပါပြီ----------။

ခင်မောင်သန့်
၅-၆-၂၀၁၇



လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ နှစ် ကထဲက ဗုဒ္ဒဘာသာဝင်များကို မီးမောင်း ထိုးပြခဲ့သော ကရင် သူတော် စင် ဘိုးပိုက်ဆံ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရွှေကျင်မြို့မှာ ကျောက်ခေတ် လက်နက်တွေ သွားရှာခဲ့ပုံတော့ ကျနော်ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ရွှေကျင်ကို ရောက်တော့ ကျနော် ဖတ်ဖူး မှတ်ဘူး ခဲ့တဲ့ ကရင် သူတော်စင်ကြီးဘိုးပိုက်ဆံ အကြောင်း မေးမိပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက ကျနော်တို့အ၇ွယ် လူလတ်ပိုင်းတွေ က အစ ဘိုးပိုက်ဆံ ဘာလည်း ဘယ်သူလည်း မသိတော့ပါဘူး။


ဟိုးအဝေးက တောင်ကြီးကို လက်ညှိး ထိုးပြပြီး အဲ့သည့် ဗိုက်ကြီးသည်မ တောင်ပေါ်မှာ ဘိုးပိုက်ဆံ တည်ခဲ့တဲ့ ဘုရားရှိတယ်ပြောတာဘဲ ၊ ကျနော်တို့တော့ မရောက်ဖူးဘူးလို့ ဆိုပါတယ်။ အတော်များများ လူငယ်တွေ ကတော့ မသိတော့ပါဘူး ၊ကြားတော့ကြားဘူးတယ် ဘဲ ၀ိုးတ၀ါး ဆိုကြပါတယ်။

တစ်ကယ်တော့ ဘိုးပိုက်ဆံ ဟာ ကျနော်တို့ ဗုဒ္ဒဘာသာ သာသနာ့ သမိုင်းမှာ ထင်၇ှားခဲ့တဲ့ ရသေ့ကြီး ဦးခန္တီ (၁၈၆၇-၁၉၄၉) နဲ့ အတူ ခေတ်ပြိုင် ထင်ရှားခဲ့တဲ့၊ ရသေ့ကြီးလိုဘဲ လူသာမန်တွေ လုပ်နိုင်ခဲတဲ့ အလှုအတန်းတွေပြုလုပ်ခဲ့သူပါ ၊မေ့ပြစ်ဖို့ကောင်းတဲ့သူတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့မေ့သွားကြပါပြီ။

ဒါပေမဲ့ တစ်ခု အားတက်ရတာက ကျနော်တို့အဖွဲ့မှာ ဦးဆောင်ပါဝင်လာတဲ့ သမိုင်းသုတေသီ ဆရာကြီးဒေါက်တာမြသောင်း (စာရေးဆရာ -သောင်းကေတု) က ကျနော့စီမှာ ဘိုးပိုက်ဆံပုံ ရှိတယ်၊ ကျနော်ပေးမယ် လို့ပြောပါတယ်။ ကျောက်ခေတ် လက်နက် ကိစ္စနဲ့အလုပ်များနေလို့ ဖိုးပိုက်ဆံ အကြောင်း ဆရာကြီးနဲ့ မဆက်ဖြစ်ခဲ့ပါဘူး။ ရွှေကျင်မြို့မှာ ကိစ္စတွေပြီးတော့ အသီးသီးလမ်းခွဲခဲ့ကြပါတယ်။ ကျနော်နဲ့ ကျနော့သူငယ်ချင်း ကတော့ လာတုံးက လမ်းဟောင်းက လာတယ်၊ပြန်ရင် အမြန်လမ်းကပြန်ကြရအောင် ဆိုပြီးညောင်လေးပင်မြိုကနေ အမြန်လမ်းကိုတက်ခဲ့ပါတော့တယ်။

အဲ့သည့်လမ်းက အမြန်လမ်း မိုင်တိုင် ၈၇ လောက်ကို ရောက်ပါတယ်။ လမ်းတ၀က် မှာတော့ဖဒိုမြို့ကကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ့ရပါတယ်။ မြို့ထဲ ၀င်လာတော့ လမ်းနံမည်တွေ ကို ဖိုးပိုက်ဆံ (၁)လမ်း၊ (၂) လမ်း စသည်ဖြင့် အမည်ပေးထားတာတွေ့ရပါတယ်။ ကျနော့အဖို့တော့ ရေငတ်တုံး ရေတွင်းထဲ ကျရသလိုပါဘဲ။ 

မြို့လယ်ရောက်တော့ ခရိယာန် ဘုရားကျောင်းလိုလို၊ ဗုဒ္ဒဘာသာဘုန်းကြီးကျောင်းကြီးလို ၀င်းကြီးတစ်ခုကိုလမ်းဘေးမှာတွေ့လို့ သူငယ်ချင်းကို ကားခဏ ရပ်ခိုင်းရပါတယ်။ ကားပေါ်က ဆင်းပြီး အနားက ဆိုင် ကယ် တက္ကဆီ သမားတွေကို ဒါ ဘိုးပိုက်ဆံကျောင်းလား ဆိုတော့ ဟုတ်တယ်တဲ့ ။ 

ဒါနဲ့ကျောင်းထဲ ၀င်မလို့ကြည့်တော့ တံခါး ပိတ်ထားတာတွေ့ရပါတယ်။ အထဲမှာတော့ ဘုံမြင့်ဆောင် တစ်ခုနဲ့  ရုပ်တု တစ်ခုကိုလှမ်းမြင်ရပါတယ် ။ ဘိုးပိုက်ဆံ ရုပ်ထုဘဲ ထင်ပါတယ်။ မှောင်ခါနီးနေတော့ ဘိုးပိုက်ဆံကျောင်းကို အပြင်ကဘဲ ဓါတ်ပုံရိုက်ခဲ့ ရပါတော့တယ်၊ (အဲ့သည့် ဓါတ်ပုံတွေလည်း မင်မိုရီစတစ် ပိုး ကိုက်နေလို့ မတင်ပြနိုင်သေးတာ ခွင့်လွှတ်ပါ) 

ကရင် မေတ္တာဗြဟ္မစိုရ် အသင်းတော် ဆိုလား ဆိုင်းဘုတ်တင်ထားတာ သိပ်မမှတ်မိတော့ပါဘူး။ နောက်တစ်ခေါက်မှ သေချာ ၀င်လေ့လာပြီးမှ ရေးတော့မယ်လို့တွေးထားပြီး ပြန်ထွက်လာခဲ့ပါတယ်၊ ဖိုးပိုက်ဆံ ထူထောင်ခဲ့တဲ့ ဖဒိုမြို့က အထွက် သိပ်မကြာခင်မှာဘဲ အမြန်လမ်းပေါ်ရောက်ခဲ့ပါတော့တယ်။





ဘိုးပိုက်ဆံ ကို မြန်မာသက္ကရာဇ် ၁၂၁၅ မှာ ကရင်ပြည်နယ် ၊ ဖာပွန်တောင်တန်းပေါ်က နာခိုခီး ရွာမှာမွေးခဲ့ပါတယ်၊ အဖ စောရွှေရင်အေး နဲ့ အမိ နော်နယိုစေး တို့ ကမွေးတဲ့ မွေးချင်း ၅ယောက် အနက် က တတိယမြောက်သားပါ။ ငယ်အမည်က စောဆာဖိုးဝါး ပါ ၊ဘိုးပိုက်ဆံ က မွေးလာတဲ့ အချိန်ကထဲက တစ်ခြားတောင်ပေါ် ကရင်တွေ လို ခန္ဒာကိုယ် က တောင့်တောင့် တင်းတင်း သန်မာမှု မရှိဘဲ သေးသေး သွယ်သွယ်ပျော့ပျော့ပြောင်းပြောင်း ဖြစ်ပါတယ်။


 နေတာ ထိုင်တာ ကလည်းနှုးညံ့ သိမ်မွေ့ ပါတယ် ။ အရွယ်လေးရလာတော့ စားဝတ်နေရေး အတွက် ဆင်ပိုင်ရှင် (သစ်ခေါင်း) စောသက်ပေါ  ရဲ့ဆင်တဲမှာ ထမင်းချက် ၀င်လုပ်ပါတယ် ၊ တစ်နေ့တော့ တစ်ခြား သူတွေ နဲ့တောထဲ လိုက်သွားရင်း တောထဲက အလေ့ကျပေါက်နေတဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးပါတယ်။ အဲ့သည်လို ခူးနေတုံး မလှမ်းမကမ်းမှာ ဆင်ဖြူတစ်ကောင်ကိုလှမ်းမြင်မိပါတယ်။

တစ်ခြားလူတွေကို ခေါ်ပြပေမယ့် ဘယ်သူမှ ဆင်ဖြူကို မမြင်ရပါဘူး။ ဖိုးပိုက်ဆံ တစ်ယာက်ထဲ သာမြင်နေ ရပါတယ်။ ခဏနေတော့ ဆင်ဖြူ ပျောက်သွားပါတယ်။ ဆင်တဲပြန်ရောက်တဲ့အခါမှာတော့ သစ်ခေါင်းစောသက်ပေါ ကို အံသြစရာ သည်အဖြစ်ကိုပြောပြ မိပါတယ်။ အလုပ်ရျင်စောသက်ပေါ က ဒါဟာကောင်းတဲ့ နိမိတ်ဘဲ၊ မင်း အချိန်တန်ရင် ကရင် အမျိုးသားတွေ အကျိုးနဲ့ အများအကျိုးကို ဦးစီး ဦးဆောင်ပြုရမဲ့ နိမိတ် ဘဲလို့ဆိုပါတယ်။

 သည့်နောက်တော့ မိဘများက ဘိုးပိုက်ဆံကို တစ်ရွာထဲက နော်ဝါး (မဖြူ) ဆိုတဲ့ မိန်းကလေး နဲ့အိမ်ထောင် ချထားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘိုးပိုက်ဆံရဲ့ အိမ်ထောင်ရေး ကံမကောင်းခဲ့ပါဘူး။ နော်ဝါး နဲ့လက်ဆက်ပြီး တစ်နှစ်ကျော်အကြာ သားဦးလေး မွေးပြီးခါစမှာဘဲ နော်ဝါး ကွယ်လွန်သွားခဲ့ပါတယ်။ 

ဘိုးပိုက်ဆံဟာ လူ့ဘ၀ရဲ့ မမြဲတဲ့ တရားကိုမျက်မြင်တွေ့လိုက်တဲ့ အခါမှာတော့ တရာသံဝေဂ အတော် ရသွားပါတယ်။ ဒါနဲ့ မိဘများထံ သားဦးလေးကို အပ်နှံပြီးတောင်ပေါ်ကနေ မြေပြန့်ကို ဆင်းလာပါတော့ တယ်။ သည်လိုနဲ့ရွှေကျင်ကို ရောက်လာပါတော့တယ် ။

 ရွှေကျင်က ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ တည်းခိုနေထိုင်ရင်း ဗုဒ္ဒဘာသာကို စိတ်ဝင်စားလာပါတယ်။ လေ့လာလာပါတယ်။ ဗုဒ္ဒ စာပေတွေကို သင်ယူခဲ့ပါတယ်။ နောက်တော့ မူလ နတ်ကိုးကွယ်ရာ ဘာသာ ကနေ ဗုဒ္ဒဘာသာဝင် တစ်ဦး ဖြစ်လာပါတယ် ။

 ပါရမီ ဓါတ်ခံ ရင့်သန်တဲ့ ဘိုးပိုက်ဆံ ဟာ သတ်သတ်လွတ် စားတယ်၊ ငါးပါးသီလ စောင့်ထိန်းတယ်။  သမထ ကျင့်စဉ်တွေ နဲ့အဓိဌာန် ၀င်တယ်။ စိတ်အဆင့်ဆင့် မြင့်တက်ပြောင်းလဲလာတဲ့ ဘိုးပိုက်ဆံ ဟာ ၁၈၆၆ မှာတော့ မူလ အဆင်တန်ဆာ လူဝတ်ကို စွန့်ပယ်လို့ သူတော်စင် တို့ရဲ့ အဆင်တန်ဆာ ၀တ်ဖြူ စင်ကြယ်ကိုသာ ပြောင်းလဲ ၀တ်ဆင်ခဲ့ပါတယ်။

 ဖိုးပိုက်ဆံ ဟာ ၀တ်ဖြူစင်ကြယ် နဲ့ ဘဲေ၇ွှကျင် နဲ့ကျောက်ကြီးကြားက လေချွန်တောင် နဲ့သက်ကယ်တောင် တွေပေါ် ထွက်ပြီး အဓိဌာန်ဝင် ကျင့်စဉ်တွေ ကျင့်ခဲ့ပါတယ်။ အဲ့သည့် ကာလက အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းပြီးစ အခြေအနေပါ ။ တိုင်းပြည် မတည်မငြိမ်တဲ့ အချိန်၊ လူဆိုး လူမိုက် တောပုန်း ဒါးပြတွေပေါများပြီး တောကြောင်တွေ လက်ခမောင်းခတ်နေတဲ့ အချိန်ပါ။ 

အဲ့သည့်တောင်တွေမှာ အခြေပြုပြီးတော့ ဘိုးပိုက်ဆံက လူအခြင်းခြင်း မေတ္တာတရား ပွားများကြဖို့ဟောပြော လှုံဆော်ခဲ့ပါတယ်။ ကရင်ဗြဟ္မစိုရ် အဖွဲ့ ကို တည်ထောင်လိုက်ပါတယ်။  တစ်ဖြေးဖြေး လေချွန်တောင်နဲ့ သက်ကယ်တောင် က သူတော်စင် ဘိုးပိုက်ဆံ ရဲ့ ဂုဏ်သတင်းက ကျော်ဇောလာပါတယ်။ ကရင် အမျိုးသားတွေ အများအပြားလည်း ဘိုးပိုက်ဆံ ကို ဆည်းကပ် လာခဲ့ကြပါတယ်။

အဲ့သည့် တောင်မှာ အဓိဌာန်စေတီတစ်ဆူ တည်ပြီး ကျောင်းတစ်ကျောင်း ကို တည်ပါတယ်၊ သည်အချိန်ကထဲက မူလ အမည် စောဆာဖိုးဝါး ပျောက်ပြီး ဘိုးပိုက်ဆံ လို့ကျော်ကြားခဲ့ရပါတယ်၊ (သည်နေရာမှာ မူလစာရေးသူ-မောင်စင်ကြယ် ရဲ့အာဘော် အတိုင်းရေးပြပါရစေ---ထိုသို့ရွှေကျင်မြို့နယ်အတွင်း ဘိုးပိုက်ဆံ ကို အကြောင်းပြုကာ လူသူ အရောက်အပေါက် နည်းသော လေချွန်တောင်နှင့် သက်ကယ်တောင်ပေါ်တွင်လူသူ တိုးမပေါက်အောင် စည်ကားနေခြင်း အတွက် ဆန့်ကျင်ဘက်တွင် ရှိနေသော နယ်ချဲ့ အုပ်ချုပ်ရေး စံနစ်အတွက် လည်းကောင်း ၊ရွှေကျင်မြို့ပေါ်တွင် စတင်သန္ဒေတည် အညွန့်ထွက်ခါစ ခရိယာန်သာသနာပြု ဂိုဏ်း အတွက်လည်းကောင်း စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်လာပါသည်------) 

နောက်ဆုံးတော့ ဗြိတိသျှအစိုးရကို ပုန်ကန်ဖို့ လူစူနေတဲ့သူ ၊မြန်မာ ကရင်တွေ ရဲ့ ဗုဒ္ဒရာဇာ မင်းလောင်း ဆိုပြီး နံမည်ထွင်နေတဲ့ ဘိုးပိုက်ဆံကို မော်လမြိုင် အရေးပိုင် အမိန့်နဲ့ ဖမ်းဆီးလိုက်ပါတယ်။ မော်လမြိုင် အချုပ်ထောင်မှာ ရိုက်နှက် စစ်ဆေးခဲ့ပါတယ် ။  နောက်တော့ အထောက်အထားမခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့.......

၁။ လူစုလူဝေးနှင့် စည်းဝေးဟောပြောခြင်းကိုမပြုရ၊
၂။ ငွေကြေးကောက်ခံခြင်းမပြုရ လို့ကန့်သတ်ခဲ့ပါတယ်။


 မော်လမြိုင် အချုပ်က ထွက်လာတော့ ဘိုးပိုက်ဆံ က သက်ကယ်တောင်ကိုပြန်လာပါတယ်။ ဘိုးပိုက်ဆံ ရိုက်နှက် ခံရတယ်ကြားတော့ ကြည်ညိုသူတွေက မခံမရပ်နိုင်ဖြစ်ပြီး အစိုးရကို လက်တုန့်ပြန်ဖို့ ဆိုကြပါ တယ်။ ဘိုးပိုက်ဆံက တားပါတယ်။ ဒေါသကို ချုပ်တည်းပြီုး မေတ္တာနဲ့အောင်နိုင်ဖို့ နားချပါတယ်။ ဒါပေမဲ့ဘိုးပိုက်ဆံရင်မှာတော့ သူ့ကို မှီခိုဆည်းကပ်နေတဲ့ တပည့် သာဝကတွေ အတွက် ပူပင်သောကတွေရောက်နေခဲ့ပါပြီ။




အရေးပိုင်ရဲ့ ခံဝန်ချုပ်နဲ့နေနေရတဲ့ သူ့ဘ၀၊ အမျိုးမျိုး အနှောက်အယှက်တွေကြုံနေရတဲ့ သူ့အခြေအနေ အတွက်လည်း သူစဉ်းစားနေပါပြီ။ သည် သက်ကယ်တောင်နဲ့လေချွန်တောင်ပေါ်မှာ နောက်ဆုံးနေထိုင် တဲ့ အထိမ်းအမှတ်နဲ့ တောင်ပေါ်မှာ ထမင်းခြောက်စေတီ လို့ အမည်တွင်တဲ့ စေတီတစ်ဆူ အဓိဌာန်ပြု တည် ပါတယ်။ ခွန်နှစ်ရက် ခွန်နှစ်လီ ထမင်းရည်ချောင်းစီး အလှုကြီးပေးပါတယ်၊ သည်ပွဲဟာ ဘိုးပိုက်ဆံ ဗုဒ္ဒဘာသာဝင် တစ်ယာက် အဖြစ်နဲ့ဆောင်၇ွက်ခဲ့တဲ့ နောက်ဆုံး ဒါနခန်းပါဘဲ။

၁၈၈၂ မှာဗြိတိသျှ အုပ်ချုပ်ရေးပိုင်း နဲ့ရွှေကျင် ခရိယာန်သာသနာဂိုဏ်း ရဲ့တွန်းကန်မှုကို တောင့် မခံနိုင်တော့တဲ့ (မူရင်းစာရေးသူရေးသည့်အတိုင်း) ဘိုးပိုက်ဆံ နဲ့နောက်လိုက်တွေဟာ တောင်ပေါ်က ဆင်းလာပြီးေ၇ွှကျင်က ခရိယာန် သာသနာဂိုဏ်း ရဲ့ အရိပ်အောက် ခိုဝင် လိုက်ရပါတော့တယ်။ နောက်ပြီးတော့ဗြိတိသျှအာဏာပိုင်တွေဆီမှာ သူ့နဲ့နောက်လိုက်တွေ နေထိုင်ဖို့ နေရာတောင်းဆိုခဲ့ပါတယ်။ နိုင်ငံခြား ခရိယာန်သာသနာပြု အဖွဲ့၇ဲ့ အကူအညီနဲ့ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် အနောက်ဖက် ခုနှစ်မိုင် အကွာ မှာမြေ ဧကပေါင်း ၁၅၀၀၀ ရရှိခဲ့ပါတယ်။

အင်္ဂလိပ်အစိုးရကလည်း သူ့ဘာသာကို ခိုဝင်လာတဲ့ ဘိုးပိုက်ဆံ ကို လိုလို လားလားဘဲ ကူညီခဲ့ပါတယ်၊ အဲ့သည့်နေရာမှာ ဖိုးပိုက်ဆံ က ဖဒိုပလော (ခေါ်) ဖဒို၇ွာကြီး ကို တည်ထောင်ခဲ့ပါတယ်။ တောင်ပေါ်မှာ ခိုကိုးရာမဲ့ ဆင်းရဲမွဲတေနေတဲ့ ကရင်အမျိုးသားတွေကို ဖဒိုရွာ ကို ဆင်းလာကြဖို့ ၊ ထွန်ယက် စားသောက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

 သွေးချင်းတို့ လာကြ-လာကြ၊ သားချင်းတို့လာကြ -လာကြ ဆိုတဲ့ ဘိုးပိုက်ဆံ ရဲ့ ဖိတ်ခေါ်သံဟာ ကရင်ပြည်နယ် ဖာပွန်တောင်တန်းဒေသမှာ ပျံလွင့်ခဲ့ပါတယ်။ ဘိုးပိုက်ဆံ ဘာသာပြောင်းတယ် လို့ကျေညာခဲ့ပေမဲ့ ခရိယာန်သာသနာ အာဏာပိုင်တွေက အပြည့်အ၀ ယုံကြည်မှုမရှိသးပါဘူး။

 ဒါကြောင့် ၁၈၈၉ မှာ ဘိုးပိုက်ဆံ ကို နှစ်ခြင်း မင်္ဂလာပြုပေးအပ်ခဲ့ပါတယ်။ ၁၉၀၇ မှာတော့ နှစ်ခြင်းသာသနာပြု အဖွဲ့က ဆရာတစ်ဦးက ဖဒိုက လယ်သမားတွေ အတွက် လယ်ထွန်စက်တွေ နိုင်ငံခြားက ၀ယ်ယူ တင်သွင်းပေးမယ် ဆိုပြီး ဘိုးပိုက်ဆံ စီက ငွေတွေ တောင်းပါတယ်။ ငွေတွေယူသွားပြီး လယ်ထွန်စက်တွေလည်း မပို့လူလည်းပြန်မလာ ဆက်သွယ်လို့လည်း မရဖြစ်ခဲ့ပါတယ်။

သက်ဆိုင်ရာ သာသနာပြုအဖွဲ့က ဖြေရှင်းမပေးတဲ့အပြင်၊ အင်္ဂလိပ်အစိုးရကလည်း ဂရုမစိုက်ခဲ့ပါဘူး၊ သူ့ ရွာ သူ၇ွာသားတွေအတွက် ရည်မှန်းချက် ကြီးကြီး ထားခဲ့မိတဲ့ ဘိုးပိုက်ဆံဟာ အလွန် စိတ်ထိခိုက်သွားပါ တယ်။ ဒါကြောင့် အဲ့သည့် သာသနာပြုအဖွဲ့နဲ့လမ်းခွဲပြီး ရေမနေ၊ကုန်းပေါ်တက် ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကရင်အမျိုးသားများ ကိုယ်ပိုင် မေတ္တာ ကို အခြေခံသော လွတ်လပ်သော ကရင်နှစ်ခြင်း အသင်းတော်(Karen Baptist Free Mission) ကို ခွဲထွက် ထူထောင်ခဲ့ပါတယ်။ 

ဘိုးပိုက်ဆံ ရဲ့ အယူဝါဒမှာ ဗုဒ္ဒဘာသာ ရော ခရိယာန် ရော အလေးအမြတ်ထားကြတဲ့ မေတ္တာ ဗြဟ္မစိုရ်တရားပါဘဲ။ ဘိုးပိုက်ဆံ ခရိယာန်ဘ၀မှာ လှုခဲ့တာတွေကတော့ အတော်များပါတယ် ။ 

မှတ်မိသမျှပြောရရင်............
၁။ ကရင် ခရိယာန်အစ ကိုသာဖြူ က ဆိုရမဲ့ ပုသိမ် က ကိုသာဖြူတိုင်တရာကျောင်း ကဲ့သို့တိုင် အလုံးပေါင်း ၁၃၁ လုံး ပါဝင်တဲ့ ၀တ်ကျောင်းတော်ကို ဖဒို မှာတည်ဆောက်ပေးခဲ့ပါတယ်၊
၂။ ၁၈၈၉ မှာဘဲ ရန်ကုန် အလုံက အထက(၁) အနီးမှာ ဖဒို နဲ့ေ၇ွှကျင် နဲ့ တစ်ခြား နယ်စွန် နယ်ဖျားက  ကရင် ကလေးတွေ အတွက် ဘော်ဒါဆောင် တစ်ခု၊ သာသနာ ဆရာများ နေအိမ်တစ်လုံး
၃။ ၁၈၉၈ ဥက္ကံဘူတာ အနီးမြေ ၃ ဧက မှာ ဧရာမ ဇရပ်ကြီး တစ်ဆောင်၊ ၁၉၀၁ မှာ အဲ့သည့်မြေကွက်မှာ ကျောင်းကြီး တစ်ကျောင်း
၎။ ဟင်္သာတမြို့ ဘူတာ အနောက်ဖက်မှာ ဇရပ်တစ်ဆောင်
၅။ ဓနုဖြူမြို့မှာ ဇရပ် တစ်ဆာင် (ရေးရရင် ကုန်မှာ မဟုတ်တော့လို့သည်နေရာမှာဘဲဖြတ်လိုက်ပါရစေ) 

အများကြီးမှ အများကြီးပါ၊ ရသေ့ကြီး ဦးခန္တီ လို မြန်မာပြည်မှာ ဒါနကုသိုလ် အကြီးအကျယ်ပြုလုပ်ခဲ့တဲ့ သူတော်စင် ပုဂ္ဂိုလ်ကြီးဘဲလို့သာ အကျဉ်းချုပ် ဆိုလိုက်ပါရစေ။ 

တစ်ချို့ကတော့ သိဒ္ဒိမြောက် ၀ိဇ္ဖာကြီးလို့တောင် ဆိုကြပါတယ်။ ခရိယာန် သိဒ္ဒိရှင်ကြီးပေါ့၊ ဘိုးပိုက်ဆံ ရဲ့ ဘ၀ နိဂုံးက လည်းဆန်းကြယ်ပါတယ်။ 

၁၉၁၂ ခု အသက် ၇၀ အရွယ်ပြည့်ပြီး တစ်ည မှာတော့ ဖဒို၇ွာကျောင်းတော်ကြီးက အစအန မရဘဲထူးဆန်းစွာပျောက်ဆုံးသွားခြင်းဘဲဖြစ်ပါတယ်။ ဖဒို ၇ွာသူ ရွာသားတွေ နဲ့ဘိုးပိုက်ဆံကို ယုံကြည် ကိုးကွယ်သူတွေကတော့ တစ်နေ့ကြရင် ဘိုးပိုက်ဆံပြန်လာမယ် လို့အခုတိုင် တသသပြောနေကြဆဲပါ။

ဘိုးပိုက်ဆံ ရဲ့ဘ၀ အကြောင်းကိုလေ့လာရင် ကျနော်တို့ ဗုဒ္ဒဘာသာတွေ အတွက်သင်ခန်းစာ ယူစရာတွေအများကြီးပါ။ သည်နေရာမှာ ခရိယာန်ဘာသာကို ပြစ်တင်ခြင်တာ မဟုတ်ပါဘူး။ သူသူ ကိုယ်ကိုယ် ကိုယ်ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို ကြီးထွားစေခြင်တာ ဓမ္မတာပါဘဲ။  ကြိုးပမ်းကြမှာ ဓမ္မတာပါဘဲ။


အုပ်ချုပ်သူ အစိုးရ ဆိုတာလည်း သူတို့ ကိုးကွယ်ရာဘာသာကို အကာကွယ်ပေး မှာ အသေအခြာပါဘဲ။ဒါကြောင့်လည်း 3M-4M သီအိုရီတွေ ပေါ်လာတာ ဘဲဖြစ်ပါတယ်။  ဒါကို အပြစ်တင်လို့မရပါဘူး။  ကျနော်တို့ကို ဘိုးပိုက်ဆံ က ဘာတွေ ညွှန်ပြသွားလည်းဆိုရင်.........

ကျနော်တို့ ဟာ ကျနော်တို့ ဘာသာတရား ကို အသက် နဲ့ထပ်တူ ချစ်မြတ်နိုးဖို့လိုတယ် ။ 


သည်လို ချစ်မြတ်နိုးနိုင်ဖို့ ငယ်စဉ်တောင်ကြေး ကလေးဘ၀ထဲက ဗုဒ္ဒဘာသာ အကြောင်းကို မိရိုးဖလာအသိထက် ပိုသိနေအောင် အသိအမြင်ပေးမွေးမြူဖို့လိုမယ်။

ပြီးတော့ စားဝတ်နေရေး ပြည့်စုံဖို့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး ဘာသာခြားတွေထက် ကြွယ်ဝပြည့်စုံတဲ့ လူတွေများလာဖို့ လိုတယ်။ အဲ့သည့် လူတွေကလည်း ဘာသာ သာသနာ တိုးတက်ဖို့ ဘိုးပိုက်ဆံ တို့ လို ထိထိရောက်ရောက် လှုဖို့တန်းဖို့လိုတယ်။ ငွေလိုတယ် ။ အာဏာလိုတယ် ။ 

ဒါမှ မဟုတ်ရင်တော့ ကျနော်တို့ဟာ ဘိုးပိုက်ဆံလို လက်လွှတ် ဆုံးရှုံးရမဲ့ သူတွေ များနေဦးမှာပါဘဲ။
သူတပါးကို ပြီုင်မယ်ဆိုရင် ကိုယ်က အရင် ခိုင်မာနေဖို့လိုပါတယ်။

လေးစားစွာဖြင့်.....

ခင်မောင်သန့်
၂၆-၅-၂၀၁၇


ဘိုးပိုက်ဆံ ဓါတ်ပုံ များကို ဆရာကြီးဒေါက်တာမြသောင်း (သောင်းကေတု) စာမျက်နှာမှ ကူးယူပါသည်။
အချက်အလက် အချို့ကို ဆရာမောင်စင်ကြယ် ရဲ့မြန်မာပြည်ချစ် ကရင် အမျိုးသားခေါင်းဆောင်များ စာအုပ်မှ မှီငြမ်းပါသည်။



#မြန်မာ့စစ်သွေး



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall