သင့် စိတ်ထဲမှာ အမှိုက် လာသွန်ခြင်း




တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီး တစ်ခုကို ပုခုံးမှာ ထမ်းပြီး အိမ်ထဲ ဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာ မပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်းက ကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲ ဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။ 
“ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီ အမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူး ဆိုရင်တော့ မင်း ကိုငါ သတ်ပစ်မယ် ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။
အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ်စ မကျန်အောင် သေချာကောက်ပြီး ထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စ တစ်ခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့ အမှိုက်ထုပ်ကြီး ထမ်းပြီး ပြန်ထွက်သွားတယ်။ 
ကြမ်းပေါ်မှာ အမှိုက်သရိုက် အစအနလေး တစ်စက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့ စိတ်အခြေအနေကတော့ အရင်လို မဟုတ်တော့ပါဘူး။ ဒီအကြောင်းကို တစ်နူံ့နူံ့နဲ့ ပြန် စဉ်း စားပြီး ဒေါသ ထွက်နေလိမ့်မယ်။ နောက်တစ်နေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူး တယောက်ဟာ သင့် အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ သွန်ချ သွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။
ဒီအဖြစ်မျိုးကြုံဖူးသလားလို့ မေးရင် အားလုံးက မကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို နေ့စဉ် အမှိုက် လာသွန်နေတာတွေကိုတော့ သင် သတိထားမိမှာ မဟုတ်ပါဘူး။ 
ဘယ်လို အမှိုက်မျိုးတွေလဲ။ သင့်ကို သူများ အကြောင်း အတင်း အဖျင်းတွေ၊ အရေမရ အဖတ်မရ အကျိုးမဲ့တဲ့ စကားတွေ လာပြောကြလိမ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့ စာတွေဖတ်မယ်။ ညစ်ညမ်းပြီး မကြည့်သင့် မကြည့် အပ်တာတွေကြည့်မယ်။ ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ် လာပုံနေတဲ့အမှိုက်တွေပါ။
ဒါပေမဲ့ စိတ်ထဲမှာ အမှိုက်လာသွန်တာဟာ အိမ်ထဲမှာ အမှိုက် လာသွန်တာနဲ့ မတူပါဘူး။ ပိုဆိုး ပါတယ်။ အိမ် ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင် သွားပေမဲ့ သင့်စိတ်ထဲက အမှိုက် ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။ ဘာကြောင့်လဲ။

သင့်ကို လူတစ်ယောက်က တစ်ခြား လူတစ်ယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နားထောင်လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။ ဒါပေမဲ့ သူထားခဲ့တဲ့ အမှိုက်ဟာ သင့်ခေါင်းထဲမှာကျန်ခဲ့ပြီ။ ဘယ်လိုကျန်ခဲ့သလဲ။ အဲဒီလူပြန်သွားပေမဲ့ သင့်စိတ်ထဲမှာ ဆက်တွေးနေမိလိမ့်မယ်။ 
သူပြောတာ ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။ အဲဒီလူက သိတ်မိုက်တာကိုး။ သူ့ မိန်းမနဲ့ ကလေးတွေတော့ ဒုက္ခရောက်တော့မှာပဲ စသည်ဖြင့် သင့်စိတ်က ဆင့်ကဲ ဆင့်ကဲ ဆက်တွေးနေတော့မယ်။ ဒါကတစ်ကြိမ် ပဲ ရှိသေးတယ်။ နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ တောင်လိုပုံနေလောက်ပြီ။
ဒီတော့ စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ ပြည့်နေတဲ့ လူတယောက်ရဲ့ စိတ်ဟာ ကြည်လင်ပါအုံးမလား။ အကြံသစ်ဉာဏ်သစ်တွေ ထွက်နိုင်ပါ့အုံးမလား။ အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။
သင့် မိသားစုနဲ့ကော ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါ့မလား။ ကျောင်းက စာတွေကိုကော အာရုံစူးစိုက် သင်ယူနိုင်ပါ့မလာ။ သေချာစဉ်းစားကြည့်ပါ။
ဒါတွေ မဖြစ်ချင်ဘူးဆိုရင် သင့်စိတ်ထဲကို အမှိုက် လာသွန်တာတွေကို လက်မခံပါနဲ့။ အမှိုက်သွန်မဲ့ လူတွေကို ဝေးဝေးရှောင်ပါ။
အချိန်ပြည့် ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေ စိတ်ကူးပေါ်သလို ရေးချင်ရာတွေ ရေးထားတာကို ဖတ်နေတာလဲ မိမိ စိတ်ထဲကို အမှိုက်တွေ ထဲ့နေတယ်ဆိုတာကိုလဲ သဘောပေါက်စေချင်ပါတယ်။
(ဗဟုသုတရအောင်၊ သတင်း သိရအောင် ဖတ်တာကိုမဆိုလိုပါ)။
Credit – တောသားလေးရဲ့”စာပေရွာ” | Facebook

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall