မိန်းမသားများ နဲ့ အဖြူ ဋီကာ


အဖြူ ဆင်းတိုင်း စိုးရိမ်​စရာ မလို​ပေမယ့်  စိုးရိမ်​စရာ မရှိလို့ ပစ်​ထားလိုလဲ မရပြန်​ပါဘူး။ သာမန်အဖြူ ဆင်း တာ လား၊ သာမန် မဟုတ်ပဲ အဖြူ ဆင်းတာလား ခွဲခြားသိဖို့လိုပါတယ်။ သာမန်​ မှာ ရာသီမေ​ပေါ် ခင်​​လေးဖြစ်​ဖြစ်​ ၊ ကိုယ်​၀န်​​ဆောင်​ တာပဲဖြစ်​ဖြစ်​ အဖြူ ဆင်းတတ်​ကြပါတယ်​။ 

ဒါဆို ဘယ်အခါမှာ သာမန် မဟုတ်တာကို သတိပြူသင့်ပါသလဲ? အဆင်းများတာ၊ ယားတာ၊ နာတာ၊ နဲ့ အနံ့ နံတာ တို့ဆို ဒီလို ဆင်းတာဟာ သာမန် မဟုတ်တော့ပါဘူး။

 
 
ကိုယ့်ကြောင့်လား၊ သူ့ကြောင့်လား?

တစ်ချို့မိန်းကလေးတွေက သူတို့ အဖြူ ဆင်းတာက သာမန် မဟုတ်ဘူးဆိုတာ သတိထားမိ လာတဲ့အခါ ကိုယ့် ချစ်သူ လင်ယောက်ျားတွေ ကို မျက်ထောင့်နီကြီးတွေ နဲ့ ကြည့်တတ်ကြပြန်ပါတယ်။ တစ်ကယ်တော့ မိမိကြောင့်လည်းဖြစ်နိုင်သလို၊ သူတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်သူ့ကြောင့်ဖြစ်တယ် ခွဲခြား လို့ လည်း ရပါတယ်နော်။ နောက် အပိုဒ်တွေမှာ ရေးသွားပေးမှာပါ။

 


သာမန် မဟုတ်ပဲ အဖြူဆင်းစေတဲ့ အခြေအနေလေးတွေ
Bacterial Vaginosis

 ကိုယ် အိပ်ရေးပျက်လို့သော်လည်းကောင်း၊ အားနည်း လို့သော်လည်းကောင်း၊ အသန့် လွန်ပြီး ဆေးလွန်း လို့သော်လည်းကောင်း မိန်းမ ကိုယ်ထဲမှာဖြစ်တဲ့ pH မညီ မမျှဖြစ်တဲ့အခါ lactobacillus လို့ခေါ်တဲ့ bacteria လေးတွေ နည်း သွားပါတယ်။  


lactobacillus လေးတွေ ရှိတဲ့အခါ ပုံမှန်အေးဆေးနေတဲ့ bacteria လေးတွေက ထိန်းကွပ်မယ့်သူ လည်း မရှိရော ပွါးလာပြီး ချိုကြွတာပေါ့နော်။ သူ့မှာ ပြတဲ့ လက္ခဏာ က အဖြူ မတရား ဆင်းတာပါ။ ကြားဖူးမှာပေါ့၊ တစ်ချို့တွေ pad တောင် ခံရတယ်၊ ဘာညာ။ ဒါပေမယ့် ယားတာတို့၊ နာပြီး စပ်ဖြင်းဖြင်း ဖြစ်တာတို့ မရှိပါ ဘူး။ ဘာလုပ်ရမလဲ? ကောင်းကောင်း အနားယူ၊ ဒိန်ချဉ်လေး၊ အားဆေးလေး  သောက် ပျောက်။ ဒီလိုမှ မပျောက် ပဲနေရင် metronidazole သောက်လို့ရပါတယ်။
Vaginal Candidiasis (yeast infection)

မိန်းမကိုယ် မှိုစွဲရောဂါလို့ခေါ်ကြပါတယ်။ လာပြတဲ့ အမျိုးသမီးတွေက အဖြူ ဆင်းတာထက် မနေနိုင် မထိုင်နိုင်အောင် ယားလာလို့ လာပြတတ်ကြပါတယ်။ အဖြူ ဆင်းတဲ့အခါ ဒိန်ခဲဖတ်လေးတွေလောက်ပါပဲ။ မှိုစွဲရောဂါ ဆိုတော့ ကိုယ်များ ညစ်ပတ် လို့လား အတွေးဝင်တတ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ 


မှို ဆိုတဲ့ သဘာဝက ပိုနွေး စိုစွတ်တဲ့ နေရာ ကို ကြိုက်ပါတယ်။ မြန်မာပြည် မှာ မိုးလည်းရွာ၊ ရာသီဥတုလေး လည်း ပူ၊ ချွေးလေးထွက်၊ ခေတ် နဲ့ညီအောင် skinny jeans လေးဝတ်ပြန်၊ ဗိုက်ချပ်အောင် နိုင်လွန်အောက် ခံလေးက ဝတ်ဆိုတော့ အကြိုက်တွေ့ကြတာပါ။ 

မိန်းမ ကိုယ်ထဲ ထည့်တဲ့ clotrimazole tablet လေးတွေ ၆ ရက်စာ ထည့် ရင်ပျောက်ပါ တယ်။ ပျောက်သော်ငြား နေ ထိုင်တာလေး မပြောင်းဘူး ဆို ပြန်ဖြစ်နေဦးမှာပါ။ ဝတ်တဲ့ အခါ လေဝင်လေ ထွက်ကောင်းတဲ့ ချည်ထည် မျိုး ရွေးဝတ်၊ ရေဆေးပြီးတဲ့ အခါ ခြောက်အောင် သုတ်တာမျိုး လုပ်ပေးသင့် ပါ တယ်။ အကယ်၍ တစ်နှစ် ထဲမှာ ခနခနဖြစ်လာပြီ ဆိုရင်တော့ ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးသင့်ပါတယ်။
Trichomoniasis vaginalis

သူ့ဖြစ်ရင် ယားတာနဲ့ အဖြူ ဆင်းတာ အပြင်၊ မိန်းမကိုယ် ဟာ (မကုတ်ပေမယ့်) နီ၊ ရောင်ပြီး စပ်နေတတ် ပါ တယ်။  ခင်ပွန်း နဲ့အတူနေတဲ့ အခါလည်း အဆင်မပြေတော့ပါဘူး။ အဖြူ ဆင်းတာက အရည် ကျဲကျဲနဲ့ အကြည်ရောင်၊ အစိမ်းဖန့်၊အဝါဖန့်ဖန့်ရှိတတ်ပါတယ်။


 လက္ခဏာတွေ က ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ် တာမို့ မကြာခဏ လစ်လျူ ရှုထားတဲ့ အခါ နှစ်နဲ့ချီဖြစ် လာတတ်ပါတယ်။ ဘယ်သူ့ကြောင့် ထင်ပါသလဲ? ချစ်ချစ် ကို ပြန်မေးကြည့်ပါ။ ကိုယ့်မှာ trichomoniasis ရှိနေရင်၊ မရှိတဲ့ သူထက် HIV ကူးနိုင်ခြေပိုများပါတယ်။ 

ကုမယ်ဆို သောက်တာနဲ့ ပျောက်ပါတယ်။ ကိုယ်တင် မဟုတ်ပဲ ကိုယ့် ခင်ပွန်းပါ တွဲ သောက်မှ အမြစ်ပြတ် မှာဖြစ်လို့ သေချာ ဆွေးနွေးကြည့်ဖို့လိုပါတယ်။ နို့မို့ဆို ကိုယ်က ပျောက်အောင် ကုလိုက်၊ သူ့ဆီက ပြန် ကူး လိုက်ဖြစ်နေမှာပါ။




Gonorrhea / Chlamydia

Gonorrhea (ဆီးပူညောင်းကျ) နဲ့ Chlamydia က ဖြစ်စေတဲ့ အကောင်ချင်း၊ ရောဂါ  သဘာဝချင်း မတူကြပေ မယ့် ဖြစ်တဲ့ လက္ခဏာ နဲ့ ပေးတဲ့ ဒုက္ခတွေ က မိန်းမတွေမှာ အတူတူ ပါပဲ။ သူတို့လည်း ချစ်လှစွာသော ဆီ က ကူးတာပါပဲ။ ဖြစ်တဲ့ မိန်းမသားတွေရဲ့ ၅၀%လောက်ကပဲ လက္ခဏာပြတာပါ။ 


တစ်ချို့တွေဆီမှာ ရောဂါ လက္ခဏာ မပြပေမယ့်လည်း နောက်ဆက်တွဲ ဆိုးကျိုး က အတူတူပါပဲ။ ကလေး မရနိုင်တာတို့၊ သားအိမ် အပြင် ကိုယ်ဝန် တည်တာတို့ (ပြွန်မှာ သန္ဒေတည်ပြီး ပေါက် ထွက်ရင် သေ တတ် ပါတယ်)၊ ကာလတာရှည် ခါးကိုက် တာတို့ဖြစ်တတ်ပါတယ်။ 

အဖြူ ဆင်းတာနဲ့အတူတူ၊ ဆီးစပ်တွေ၊ ခါးတွေ အောင့်မယ်၊ အတူနေတဲ့ အခါ နာကျင်မယ်၊ ဆီးအောင့်မယ် ဆို သူတို့ကို စဉ်းစားသင့်ပါတယ်။ အရှေ့ကပြောခဲ့သလိုပဲ ကိုယ် ကိုယ်တိုင်ရော၊ ကိုယ့် partner ရောကို ကုသပါမှ သံသရာ ကို အပြီးဖြတ်နိုင်မှာဖြစ်ပါတယ်။
 အဖြူဋီကာ လည်း တော်တော် ရှည်နေပြီမို့ ဒီလောက်နဲ့ အတောသတ်လို့ရပြီ ထင်ပါရဲ့နော်။ ဒါလေး ရေးရတဲ့ ရည်ရွယ်ချက်လေးက မစိုးရိမ်သင့်တာ မစိုးရိမ်ဖို့ရယ်၊ ကိုယ်တိုင် လုပ်မိတဲ့ အမှားလေးတွေ ရှိရင် ပြုပြင်နိုင်ဖို့ရယ်၊ မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာတဲ့အခါကိုယ်ရော ကိုယ့်ချစ်ချစ်ရော တက်ညီ လက်ညီ ရှိဖို့ရယ်ပါ။ 


အဖြူ ဆင်းတာနဲ့ ကြုံတဲ့ အခါ ဒီဆောင်းပါးလေး က ပျိုမေတို့အတွက် အထောက်အကူပေးလိမ့်မယ် လို့ ထင်ပါတယ်။
သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။




Also find us on Facebook for regular updates
www.facebook.com/thanakharmay



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)

သင်္ဘောသီးပင် စိုက်ပျိုးနည်း

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာသလဲ

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ငါးမျက်စေ့ (သို့) အသားမာ (Corn)

ရှင်စောပု ဘုရင်မကြီး သုံးခဲ့သော ခေါင်းဆောင်းတော်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall