ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ



'' အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား"
''နိမ့်တယ် ထင်ရင် နိမ့်ပါတယ် ၊ မနိမ့်ဘူး ထင်ရင် မနိမ့်ပါဘူး '' ။

ဘာကြောင့်လဲ ဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ဘဲ ''ထင်'' ဆိုတဲ့
ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ် လို့ ထင်တာပါ... ။

ပိတ်စ တစ်ခုပဲဖြစ်တဲ့ ထဘီ လို နူးညံ့တဲ့ ပိတ်စတစ်ခုဟာ သင့်ကို ဘယ်လို များ ဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ် ဆိုတာက သင် ထင်သလို မဟုတ်ပြန်ဘူး။

''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကို
ရောက်သွားတယ်။
စိတ်အလိုမကျဖြစ်စေတယ်... 
စိတ်ကိုနောက်ကျိစေတယ် ၊ 

အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ''

''ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား''

''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက် ဝင်ဖို့တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ 
ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့  မယူဆပါဘူး။ 

ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလ သမာဓိ ပညာ ဟာ ဒီ ထဘီ
တန်းကြောင့် ကျဆင်းစရာ မရှိပါဘူး ''




'' သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.''

''သင်္ကန်းက မြင့်မြတ်တာ မဟုတ်ဘဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က 
မြင့်မြတ်နေတာပါ'ဒကာ"။

'' ဘာရည်ရွယ်ချက်မို့လို့လဲ ဘုရား ''

''ရောင့်ရဲ ခြိုးခြံလိုခြင်း''

'' တပည့်တော် ကြားဖူးတာက  မိန်းမဟာ ဘုန်းကံ နိမ့်တဲ့ အတွက် မိန်းမ
 အောက်ပိုင်း ဝတ်တဲ့  ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဖူးထား ပါတယ်ဘုရား''

''ဘုန်း ဆိုတာကို ရှင်းမှ ရတော့မယ် ဒကာ ၊
ဘုန်း ဆိုတာ အကျိုး သဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။
အားသာချက်လည်းဖြစ်တယ် ဒကာ။ အကျိုးသဘောတရားပေါ့။
ဒါဟာ အကြောင်းတရား လုပ်ဆောင်ချက်ကို မူတည်ပြီး  အကျိုးတရား ဘုန်းကံရယ်လို့ ဖြစ်လာတယ်။

အလေးမခြင်း အကြောင်းဟာ 
သန်မာခြင်း အကျိုးကိုရမယ်။
သန်မာခြင်းဟာ ဘုန်းပဲ။

ဖော်ရွေပျူ ငှာခြင်း အကြောင်းဟာ 
လူချစ် လူခင် များခြင်း အကျိုးကိုရမယ်။ 
ဒီ လူချစ်လူခင် များခြင်းဟာ ဘုန်းပဲ။

ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့် 
ဘယ်အကျိုးများ ထိခိုက်စေသလဲ။
ဒကာတွေးကြည့်ပါ။

ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီ ဆိုရင်တော့ အနံ့အသက်ဆိုး တဲ့ ဝေဒနာကို ရချင်ရမှာပေါ့''

''ဘုန်းဘုန်း ခုနကပြောတယ် 
နိမ့်တယ် ထင်ရင် နိမ့်တယ်ဆို''

''ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာ မဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန် အကြောင်းကြောင့်ပဲ။

စိတ်မသက်မသာ ခံစားရတယ်မဟုတ်လား... ဒါ သက်တောင့်သက်သာစိတ် 
ပျက်စီးသွားခြင်းပေါ့... စိတ် သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား''

''ကောင်းပါတယ်ဘုရား''

'' မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ 
ဘုန်းနိမ့်ခြင်းပါပဲ''

'' ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား ... အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ''

'' ဗုဒ္ဓ က ကာလာမသုတ် ကိုဟောတယ် ရှေးကပြောတဲ့ စကားမို့လို့လည်း 
အမှန် မယူလေနဲ့တဲ့"

'' ရှေးထုံးက ပယ်သင့်သလားဘုရား''

''ပယ်သင့်ခြင်း မပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာ မမူ တည်ပါဘူး အမှန် အမှားပေါ်သာ မူတည်ပါတယ် မှန်ရင်ယူမယ် မှားရင် ပယ်
မယ် ။

အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဥာဏ်ရည်ရှိတယ် ၊ ဆင်ခြင်နိုင်စွမ်းလည်းရှိ
တယ် သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်း အစမျိုး ကျ
ဆင်းနိုင်ပါသလဲ''

''မရှင်းတာတွေ မေးဦးမယ်ဘုရား''

''မေးပါ ဒကာ''

''တပည့်တော် တစ်နေ့ကားစီးတော့  ဘုန်းကြီးတစ်ပါးဘေးမှာ ထိုင်ဖြစ်တယ် 
အဖွားအို တစ်ယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊ ဘုန်းကြီးဘေးမို့ မထိုင်ရဲဘူးတဲ့ ဘုရား''

ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့ အယူအဆကို မှန်တယ် လို့ အရှင်ဘုရားမြင်မိလား''

''ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ  ထိုင်ခြင်းက ပိုသက်သာတယ် ဒကာ ထခြင်း ဟာ ပို အားစိုက်ရတယ် ။ ဒီလိုဆိုတော့ အင်အား နည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်....ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်...။

အကယ်၍ အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒ ပိုထိန်းရသူကို ဦးစားပေး မယ်... ကား အလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင် ဣနြေ္ဒ ထိပါတယ် ။

သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ 
ရုပ်ပျက်တယ် ။

ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက် အရွယ်ကြောင့်
အင်အားနည်းသူကို ဦးစားပေးပြီးရင် ဣနြေ္ဒဆောင် ရဟန်းသံဃာ ကိုလည်း
ဦးစားပေးသင့်ပါတယ်'' ။

'' ရဟန်းထက် ပိုဦးစားပေးရတာ  ရှိတဲ့သဘောပေါ့''

'' အကြောင်းအရာပေါ် မူတည်ပြီး ဗုဒ္ဓ ထက်ကို ပိုဦးစားပေးရတာတွေ ရှိပါ တယ်...။ အားလုံးဟာ ဆင်ခြင်တုံ တရားနဲ့ တွေးရင် အဖြေ ထွက်ပါတယ် ဒကာ'' ။

''ဘုန်းကြီး ပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာ နဲ့ မူကွဲနေသလိုပဲ''

'' ကွဲဖို့လည်း ကြိုးစားခြင်း မဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်း မဟုတ်ပါ ဒကာ ။ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ ရယ်လို့ မခေါ်ပါဘူး... ဘာကိုမှ စွဲနေလို့ မရဘူးဒကာ ။

ဘုန်းဘုန်း တို့က ထေရဝါဒ ဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ် ခံထားရတယ်...။

ဒကာက ဘုန်းဘုန်း လို့ခေါ်တယ် ။ ဒီ ပညတ်တွေကို အသည်းအသန် 
ငြင်းဆန်ဖို့ မလိုလို့ ဒီအတိုင်း  လက်ခံထားတယ်... ။

ဇာတက ဝတ္ထုတွေ ဇာတ်ကြီး ဆယ်ဘွဲ့တွေသင်ကြားရတယ်...။

'' ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့ လာပြောလို့မရဘူး အကြောင်းအရာ ကိုတော့ တူညီစွာသင်ခဲ့ရတယ် ။ သဘောတရားကိုတော့ တစ်ဦး တစ်ယောက် ချင်းစီ ရဲ့ ဆင်ခြင်တုံ တရားနဲ့ ယူပါတယ်...

မဟာဇနက တစ်ကယ်လက်ပစ် ကူးခဲ့ မကူးခဲ့ ဆိုတာကို ဘုန်းကြီးမတွေးဘူး ။
ဘာ message  ပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်...
'' မသေမချင်း အလျှော့မပေးနဲ့ '' ဆိုတဲ့ message....

ဝမ်းဝအောင် စားတယ်... ခါးဝတ် ကို ရေ မဝင်အောင် ဆီသုတ်တယ် ။ခါးဝတ် ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ် ။
မေခလာ နဲ့ တွေ့တာ မတွေ့တာနောက်ထား...။

သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲ မဟုတ်လား ။ survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်...။

သုတ္တံတွေဟာ ဥပမာ ဆောင်ပြီး ဟောတဲ့ တရားပါ ။ အီစွပ် ပုံပြင်တွေဟာ 
တစ်ကယ့်ဖြစ်ရပ် မဟုတ်သည့်တိုင် ယူစရာ message တွေရှိရဲ့မဟုတ်လား ဒကာ '' ။

'' ဗုဒ္ဓဘာသာဘုန်းကြီး တစ်ပါးက မဟာဇနက ဇာတ်ကို တစ်ကယ်ဖြစ်ခဲ့ 
မဖြစ်ခဲ့ မတွေးဘူး ဆိုတော့ ဒီစကား တာဝန်မကြီးဘူးလား ဘုရား''

'' ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကို ယုံရမယ် ဆိုတဲ့ 
တာဝန် ရှိမနေဘူး ဒကာ ။

ယုံခြင်း မယုံခြင်းဟာ မိမိ အခွင့်အရေး .... 
ယု့ခြင်း၏ ကောင်းကျိုးလဲ မိမိ စံ ။
ယုံခြင်း၏ ဆိုးကျိုးလည်း မိမိခံ ။
ဒါမျှတပါတယ်...

လေ့လာကြည့်ပါ ။
ကိုယ် ယုံတာကို သူများလည်း ယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ။
ကိုယ်ကြည်ညိုရာကို သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသား တွေမြင်ရမယ် ။  ဒါဟာ အနုမာန သဘောလည်းဖြစ်မယ်။

ကိုယ့် ဘာသာဝင်ကို များစေချင်တဲ့ လောဘ လည်းဖြစ်မယ်။
ဒါမှမဟုတ် ကောင်းရာသို့ အကြံပြု  လိုတဲ့ မေတ္တာလည်းဖြစ်မယ်...။

အတ္တာဟိ အတ္တနောနာထော
သင်ဘယ်လို ယူမလဲ ဘယ်လို ဆင်ခြင်မလဲ။
ဒါသင့်အပေါ်ပဲ မူတည်တယ် ''

''တင်ပါ့ဘုရား''
နားလည်ပါပြီ ဘုရား... ။
သာဓု သာဓု သာဓု.......... ။



Si Thu
#credit  .... ပြန်လည်မျှဝေသည်

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall