ဘိုင်ဒင်-ရှီကျင့်ဖျင် ဆွေးနွေးမှုအပေါ် သုံးသပ်ချက်

 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါဟာ ဘိုင်ဒင် တာဝန်ယူပြီးတဲ့နောက်ပိုင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်လို့ အလွန်အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီပြောဆို ဆွေးနွေးမှုက အချိန် နှစ်နာရီတောင် ကြာတယ်ဆိုတော့ ကမ္ဘာ့ မဟာ အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ခေါင်းဆောင်တွေ အကြားမှာ ဖြစ်တောင့် ဖြစ်ခဲမို့ စိတ်ဝင်စားစရာ လည်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ 


သူတို့နှစ်ယောက်ရဲ့ ပြောဆိုမှုကို စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ကြည့်ရင်လည်း အတော်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပါ။ ဘိုင်ဒင် ဘက်က တရုတ်အပေါ် မကြေနပ်မှုတွေ စိုးရိမ်မှုတွေကို တစ်သီတစ်တန်းကြီး ထုတ်ဖော် ပြောဆိုခဲ့ချိန်မှာ ရှီကျင့်ဖျင်ကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရေး win-win ဆက်ဆံရေး ထူထောင်ဖို့ကိုပဲ ဦးတည်ပြောကြားသွားတာ ဖြစ်ပါတယ်။ 


တရုတ်နဲ့ ပတ်သက်တဲ့ ဘိုင်ဒင်ရဲ့ ရပ်တည်ချက်ကတော့ ထရမ့် လက်ထက်ကနဲ့ သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ ပြောနေကျအတိုင်း အမေရိကန်ရဲ့ အင်ဒို-ပဆိဖိတ်မဟာဗျူဟာကို စွဲကိုင်ပြီး ပွင့်လင်း လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်တဲ့ ဒေသဖြစ်ရေး၊ ကုန်သွယ်ရေးကိစ္စတွေမှာ တရုတ်ဘက်က တစ်ဘက်သတ် အသာစီးယူထားတဲ့ကိစ္စ၊ ဟောင်ကောင်၊တိုင်ဝမ်၊ ရှင်းကျန် ဒေသတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ စသည်ဖြင့် တရုတ်ဘက်က ကိစ္စတွေအပေါ် ထောက်ပြသွားပဲဖြစ်ပါတယ်။ 


ရှီကျင့်ဖျင်ဘက်ကလည်း ပြန်ဖြေနေကျအတိုင်း ဟောင်ကောင်၊တိုင်ဝမ်၊ရှင်းကျန်ကိစ္စတွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေအတွင်းမှာပဲ ကျရောက်နေတာဖြစ်တယ်လို့ ဆိုပြီး အမေရိကန်အနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ရင် သတိထားပြီး ချဉ်းကပ်ဖို့လိုတယ်လို့ တုန့်ပြန်တာတွေ့ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ တရုတ်နဲ့ထိပ်တိုက်ရင်ဆိုင်မယ့် လမ်းကြောင်းကိုရွေးချယ်မယ်ဆိုရင်တော့ နှစ်ဘက်စလုံးအတွက် disaster ကပ်ဘေးကြီးဆိုက်စေလိမ့်မယ် လို့လည်း သတိပေးလိုက်တာတွေ့ရပါတယ်။ 


ဒီခေါင်းဆောင်နှစ်ယောက်ရဲ့ စကားတွေကနေ နောက်ကွယ်မှာရှိနေတဲ့ သူတို့ရဲ့ စိတ်နေသဘောထားတွေကို အရိပ်အမြွက်လောက်တော့ ကောက်ယူကြည့်နိုင်မယ်ထင်ပါတယ်။ မှန်းဆရသလောက်တော့ သဘာဝတောရိုင်းဥပဒေသထဲမှာ အုပ်စုခေါင်းဆောင် စိန်ခေါ်ပွဲကို ကြည့်နေရ သလိုပါပဲ။ ကျွဲရိုင်းအုပ်တွေ၊ပြောင်အုပ်တွေမှာ အုပ်ချုပ်တဲ့ ခေါင်းဆောင်အထီးကြီး alfa-male က သူ့ကို ခွာရာတိုင်းလာမယ့် အထီး အကောင်ပျိုတွေကို ခေါင်းမထောင်နိုင်အောင် နှိမ်နင်းထားလေ့ရှိပါတယ်။ အထီး အငယ်တွေကလည်း အားမွေး ချိုသွေးပြီး ပြောင်ထီးခေါင်းကြီးကို တိုက်ခိုက်ဖြုတ်ချ ဗိုလ်လုပ်နိုင်ဖို့ အမြဲပြင်ဆင်နေစမြဲပါပဲ။ ပြောင်ထီးခေါင်းကြီးလည်း အသက်ကြီးပြီး အားနည်းလာချိန်မှာ နောက်ကတက်လာမယ့် အကောင်ပျိုကလည်း အားမာန်ပြည့်လာပြီဆိုရင် ဗိုလ်လုပွဲ စကြတော့တာပါပဲ။ နိုင်ငံတကာနိုင်ငံရေးမှာတော့ အင်အားကြီးနိုင်ငံချင်း ဒီလိုအခြေအနေထဲ မလွှဲမရှောင်သာ ရောက်လာကြတာကို သူစီးဒဒီးစ် ထောင်ချောက် Thucydides trap လို့ ခေါ်ကြပါတယ်။ 


အခုလည်း ကမ္ဘာ့နံပါတ်တစ် မဟာအင်အားကြီး အမရိကန်က ခွာရာတိုင်းလာတဲ့ တရုတ်အပေါ် စိုးရိမ်စိတ်တွေနဲ့ ဖိထားဖို့ကြိုးစားနေတဲ့ သဘောပါပဲ။ ရှီကျင့်ဖျင်ရဲ့ တုန့်ပြန်မှုကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေစေဖို့ win-win ပုံစံနဲ့ ဒီထောင်ချောက်ကနေ လွတ်အောင် ကြိုးပမ်းချင်ပုံပါပဲ။ ဒါကလည်း သူပြောပြောနေတဲ့ အင်အားကြီးနိုင်ငံချင်း ဆက်ဆံရေး ပုံစံသစ်ရဲ့ ဒီဇိုင်း ဖြစ်ပြီး ပဆိဖိတ်သမုဒ္ဒရာဟာ တရုတ်နဲ့ အမေရိကန် အင်အားကြီးနှစ်နိုင်ငံအတွက် (ခွဲဝေ စိုးမိုးဖို့)လုံလောက်ပါတယ်ဆိုတဲ့ အယူအဆကို အခြေခံတာဖြစ်ပါတယ်။ 


ဆိုလိုတာကတော့ ပဆိဖိတ်အနောက်ပိုင်း အာရှပဆိဖိတ်ကို တရုတ်ကထိန်းထားပြီး၊ ပဆိဖိတ်အရှေ့ခြမ်းကို အမေရိကန်က ထိန်းဖို့ နယ်မြေပိုင်းခြား ချင်တဲ့ သဘောပါပဲ။ ဒါပေမဲ့ အမေရိကန်က သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊တောင်ကိုရီးယား၊တိုင်ဝမ်တို့လို တရုတ်ကမ်းလွန်ဒေသတွေကို မျက်နှာလွှဲမသွားနိုင်သလို အရှေ့တောင်အာရှကိုလည်း မပစ်ပယ်နိုင်တဲ့အတွက် တရုတ်ကို ထိပ်တိုက်ဦးတည်တဲ့ အင်ဒိုပဆိဖိတ် မဟာဗျူဟာကိုပဲ ဆက်ပြီး ဆုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 


သို့သော်လည်း အခုအချိန်မှာ အမေရိကန်နဲ့ တရုတ်ဟာ တက်လူနဲ့ကျလူဖြစ်နေပြီး၊ တရုတ်ဘက်ကလည်း ကဏ္ဍအားလုံးမှာ အင်အားခိုင်မာလာပြီဆိုတော့ ထိပ်တိုက်တွေ့ရင် နှစ်ဘက်စလုံးနာသွားလိမ့်မယ်လို့ ခပ်တင်းတင်း ခပ်မာမာ ပြောလာခဲ့တာကို သတိထားမိပါတယ်။ 


တစ်ဘက်မှာတော့ ဘိုင်ဒင်အနေနဲ့ တရုတ်ကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ စိုးရိမ်မှုကြီးမားလာနေတာကိုတွေ့ရပါတယ်။ မကြာခင်က အထက်လွှတ်တော်အမတ်တစ်ချို့နဲ့ တွေ့ဆုံရာမှာ ဘိုင်ဒင်က တရုတ်နဲ့ပတ်သက်လို့ "သူတို့ဟာသယ်ယူပို့ဆောင်ရေးတို့ ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့လို အပိုင်းတွေနဲ့ တစ်ခြားကဏ္ဍပေါင်းများစွာမှာ ဒေါ်လာ ဘီလျံပေါင်း များစွာကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတယ်။ ကျုပ်တို့ကလည်း အရှိန်မြှင့်ပြီး လိုက်မှရတော့မယ်"လို့ ပြောသွားတာ တွေ့ရပါတယ်။ 


သူ့စကားထဲမှာ " ကျုပ်တို့ အခု မလှုပ်ရှားရင် တရုတ်တွေက ကျုပ်တို့ နေ့လယ်စာကို လာစားသွားကြလိမ့်မယ်" လို့ ထည့်ပြောသွားခဲ့တာက ဘိုင်ဒက်ရဲ့ စိုးရိမ်ပူပန်မှု အတိုင်းအတာကို ဖော်ပြနေပါတယ်။ သူ့ပြောတာကိုတွေ့တော့ "ဘိုင်ဒင် နိုင်ရင် တရုတ်စကားသာ သင်ထားကြပေတော့" လို့  ထရမ့်က ပြောခဲ့တာကို သတိရမိပါတယ်။ တစ်ကယ်တော့ သူတို့နှစ်ယောက်စလုံးမှာ တရုတ်က ကျော်တက်သွားမှာကို စိုးရိမ်မှုကတော့ အတူတူရှိကြတာပါပဲ။ ဒါကို ရင်ဆိုင် ကိုင်တွယ်ဖို့ နည်းလမ်းမှာပဲ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဘိုင်ဒင်ကတော့ ဒီမိုကရက်ပြီပြီ ပါဝါအပြော့ကို အဓိကထား သုံးစွဲသွားလိမ့်မယ်လို့ ယူဆရပါတယ်။ 


တရုတ်ဘက်ကတော့ အမေရိကန်တွေ အင်အားနည်းနေတာ၊ပြည်တွင်းရေးရှုပ်ထွေးနေတာနဲ့၊ ဘိုင်ဒင်က ထိပ်တိုက်တွေ့ဖို့ ဝန်လေးနိုင်တာတွေကို တွက်ဆပြီး သူတို့အတွက် အကဲဆတ်တဲ့ တိုင်ဝမ်လိုကိစ္စမျိုးတွေမှာ ခပ်မာမာ လှုပ်ရှားပြလာတာမျိုးတွေ တွေ့ရပါတယ်။ တိုင်ဝမ် လေကြောင်းရန် သတိပေးဇုံ အစပ်ကို တရုတ်တာဝေးဗုံးကြဲ လေယာဉ်တွေ အုပ်လိုက် ဖြတ်ပျံပြတာမျိုးတွေ လုပ်လာခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း ဒုံးပျံတင်ဖျက်သင်္ဘောကို တိုင်ဝမ်ရေလက်ကြားထဲ ဖြတ်ပြီး  ခုတ်မောင်းပြတာတို့၊အိန္ဒိယသမုဒ္ဒရာဘက်မှာ ရောက်နေတဲ့ လေယာဉ်တင်သင်္ဘော နီမစ်ဇ် ကို တိုင်ဝမ်ရေလက်ကြားဘက် အင်အားဖြည့် စေလွှတ်တာတို့ စတဲ့ အင်အားပြမှုတွေနဲ့တုန့်ပြန်လာခဲ့ပါတယ်။ ဒီကာလ အတွင်းမှာပဲ အခုလို သမ္မတနှစ်ဦး စကားပြောခဲ့ကြတာဖြစ်ပါတယ်။ 


ကြည့်ရတဲ့ အနေအထားကတော့ နှစ်ဘက်စလုံး ကိုယ်ပိုင် အဖွင့်နည်းဗျူဟာတွေနဲ့ နိုင်ငံရေး စစ်တုရင်ကွက်တွေကို စပြီးရွှေ့နေပုံ ရပါတယ်။ ဘာတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့၊ လာမယ့် ဆယ်စုနှစ်အတွင်းမှာတော့ ကမ္ဘာ့ မဟာဗျူဟာဗိုလ်လုပွဲရဲ့ အဆုံးအဖြတ်တိုက်ပွဲကာလကို မြင်တွေ့ရဖွယ်ရှိပြီး၊ စက်ကွင်းမလွတ်တဲ့ နိုင်ငံလေးတွေကတော့ ကျွဲနှစ်ကောင်အကြားမှာ မြေစာပင် မဖြစ်ရအောင် မနည်းကြိုးစားကြရဖွယ်ရှိကြောင်း သုံးသပ်ရပါတယ်။



Crd ...   ဆရာဦးကိုကိုလှိုင်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall