သညာ မုဆိုး




ကျယ်ပြော ရှည်လျားလှစွာ တစ်ငြိမ့်ငြိမ့် စီးဆင်းနေသည့် ဧရာမြစ်ပြင်သည် ကိုညိုဒင့် ဘ၀ကို သင်ကြားပြ ဌာန်း ခဲ့ပေသည်။ အမှန် ဆိုရလျှင် ဤမြစ်ကြီးကပဲ ဘ၀ သင်္ခန်းစာများကို သင်ကြားပေးခဲ့သည် မဟုတ်ပါ။ သူ သိမှီ ခဲ့သည့် အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ မြစ်ရိုးတစ်လျှောက် ကျင်လည် ကျက်စား ၀မ်းးစာရှာခဲ့ကြသည့် ဆွေရင်းမျိုးချာများ၊ သွေးမတော် သားမစပ်သော်ငြား တစ်အူတုံဆင်း ပမာ ငါးရှာ ဖါးရှာ ထင်းရှာ ကွင်းရှာ သေတူ ရှင်တွဲများ။ 

ဧရာမြစ်ကြောင်းကြီးကဲ့သို့  သူ့ ဘ၀က ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြောင့်ဖြောင့်တန်းတန်း အကွေ့ အကောက် ညီညွတ်စွာ မစီးဆင်းနိုင်ခဲ့။ လေးလံနှေးကွေးတိုးတိတ်သော လှော်တက် ခတ်သံများဖြင့် စီးမျော ကျင်လည် နေသည့် သူ့ဘ၀တစ်လျှောက်လုံး ကို ဧရာမြစ်ပြင်က ထမ်းပိုးထားခဲ့ရသည် မဟုတ်လား။

ကျောက်ဆောင် အငူစွန်းမှာထိုင်ရင်း သွယ်တန်း ချထားသည့် ငါးတန်းကြိုးနှင့် လှေဝမ်းတွင်းသို့  ကိုညိုဒင် မျက်လုံး တစ်ချက် ဝှေ့ ကြည့်လိုက်သည်။ လှေဦးဖျား၌ အိပ်မောကျနေသည့် သားဖြစ်သူ ရွှေဘ ကတော့ နှစ်နှစ်ချိုက်ချိုက်။ အနောက်ဘက်ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်၏။ နေစောင်းတော့မည်။ ငါးတန်းရုတ်ပြီး ပြန်ချိန်သင့်ပြီ။

မိန်းမဖြစ်သူ မိလုံးလည်း မျှော်လောက်ပြီ။ မနက်ဈေးခင်း ငါးဗန်းနှင့် အရောင်း မထွက်နိုင်လည်း ဟင်းစားလေး ရရင် တော်ပါပြီတော် ဆိုတဲ့ အချိုးနှင့် မျက်နှာပေးက မခံချိ မခံသာနိုင်လှသည်။ ကိုညိုဒင် ကျောက်ဆောင် အငူပေါ်မှ လှေဝမ်းထဲ ဆင်းပြီး ငါးတန်းကို ဆ၍ တစ်လံကွာ တစ်လံကွာ ဖြေးဖြေးခြင်း ဆွဲမတင်နေသည်။ 

ငြိပါလာသော ငါးကို တန်းချိတ်မှဖြုတ်၍ လှေဝမ်းထဲသို့ ပစ်ထည့်လိုက်၏။ သားဖြစ်သူရွှေဘ က လှေလူးခါ လှုပ်ရမ်းသွား၍လားမသိ၊ ကိုယ်ကို လွန့် ၍ ထထိုင်သည်။ ” ငါး ကြီးကြီး ရလား ဘညို ”။ ကိုညိုဒင့် အဖြေက ကျယ်လောင် ပြင်းထန်သည်။ “ ငါ ထရိုက်လိုက်ရ။ ” 

ကိုညိုဒင့် ဒေါသက အရှိန်မသေ။ လှေကို ခပ်ပြင်းပြင်း လှော်ခတ်လိုက်သည်။ လှိုင်းထသွားသည့် ရေပြင် သည် ကိုညိုဒင့် အသံကြောင့် လှုပ်ခါ ပွက်ထသွား၏။ “ ဟေ့ကောင် ရေပက်ထုတ်စမ်း၊ ဘာ ကြောင်တောင်တောင် လုပ်နေတာလဲ ”။ လှေဝမ်းထဲမှ တစ်ထွာသာသာ ငါးဇင်ရိုင်း သုံးကောင်နှင့် ငါးမြွေတစ်ကောင်က လှေနံရံ၌ ကပ်ခွေနေသည်ကို ကြည့်ပြီး လုံးတင်နှင့် စကားများရအုန်းမှာပဲဟု တွေးတောရင်း ရွှေဘ ကို မဲမိ 
ပြန်သည်။

“ ဟေ့ကောင် ကြောင်ချီး ရေပက်ထုတ်ပါဆို အပျော်လှေစီးထွက်လာတယ် မှတ်နေလား ”။ ရွှေဘ မကြား ဟန်ပြုပြီး ပက်ခွက်ကို သူ့ အဖေ ကိုညိုဒင့် ကို ထောင်ပြလိုက်သည်။





“ ကိုညိုဒင် ကိုညိုဒင် ကျုပ်ခေါ်တာရော ကြားရဲ့ လား” ။ “ ကြားတယ်ဟာ ဘာပြဿနာရှာအုန်းမှာလဲပြော”။ “ ဒါပဲ မျက်နှာချင်း မဆိုင်လိုက်နဲ့ ၊ တော့်ကို ကျုပ်က ပြဿနာရှာဖို့  ခေါ်နေပြောနေတယ်လို့ ပဲ တော်ထင် တယ် မဟုတ်လား”။

“မိလုံး ငါပြောနေတယ်နော်၊ ဘာကိစ္စလဲပြော”။
မလုံး ထမင်းအိုးငှဲ့ ရင်း မျက်စောင်းတစ်ချက် ထိုးချွန်လိုက်၏။ ကိုညိုဒင် တဲပြင်ထွက်၍ နှစ်တဲကျော်မှ ငပျော့ကို လှမ်းအော်သည်။ “ ငပျော့ရေ တစ်လုံး ဆွဲလာစမ်းကွာ၊ ထုံးစံပဲ၊ မှတ်လိုက်”။

ငပျော့ ဒယီး ဒယိုင်နှင့် တောအရက် တစ်လုံး လာပို့ သည်။ “ အရင် တစ်လုံးဘိုး ကျန်သေးတယ်နော် ကိုညို ”။ “ သောက်စကား မရှည်နဲ့  ရေ ရှိရင် ငါး ရှိတယ်၊ မြစ် ရှိရင် ငါ ရှိတယ်၊ မင်း ရှိရင် အရက် ရှိတယ်၊ မင်းသောက်ကြွေးက ငါ့ ငါးတကောင်ဘိုး မရှိဘူး၊ ညိုဒင် ဆိုတဲ့ကောင်က ၀ မရှိဘဲ ၀ိ မလုပ်ဘူး၊ ကတိ တစ်လုံးကို အရက် တစ်လုံးနဲ့  မလဲဘူးကွ၊ မင်းနားလည်းထားငပျော့”။ ဆန် မရှိ သောက်စားကြီးသည့် ကဇော်အိုးကြီးကများလို့  စိတ်ထဲက မြည်တွန်တောက်တီး ရင်း ငပျော့ ကျောခိုင်းကာ တဲပြင်ကို လေးလေးနွဲ့ နွဲ့  ထွက်ခဲ့ပြီး ထွီခနဲ တံတွေးတစ်ချက် ထွေးပစ်လိုက်သည်။

“ကိုညိုဒင် တော့်သားကို သေစာ ရှင်စာလေး ဖတ်တတ်ရေးတတ်အောင် ကျောင်းလေးဘာလေး အပ်ဖို့  စဉ်းစား မိရဲ့ လား။ ”“ ငါသိတယ်၊ ငါ့ကို ဆရာလာ မလုပ်နဲ့  ။”“ ဆရာလုပ်နေတာမဟုတ်ဘူး၊ တော့်သားက တစ်န့ တစ်န့  ရွာရိုးကိုးပေါက်၊ မြစ်ရိုးတလျှောက် အလေလိုက်နေတာနဲ့ ပြီးနေတာပဲ။ ထမင်းစားဖို့ တောင် တစ်ကျော်ကျော် လိုက်အော်ခေါ်နေရတယ်။” ရွှေဘ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် တဲနောက်ပေါက်က လစ်ထွက်သွားသည်။

“ ငါသိတယ်၊ နင် လျှာမရှည်နဲ့ ၊ မနေ့ ကပဲ ရုပ်ရှင်ဈေးမှာ ကျောင်းဆရာလေး မောင်မြခိုင် နဲ့ တွေ့ လို့  မေးမြန်းကြည့်ပြီးပြီ၊ ပိုက်ဆံလေး ဘာလေးတော့ ရှာထားပေါ့ ကိုညိုဒင် တဲ့။” “တော်သိထားဖို့ က ရှေ့ လ ဆို အခါရောက်ပြီ၊ မိုးကျတော့မယ်၊ ကုန်းပေါ်ပြန်တက်ရင် ကုန်းပေါ်က အိမ်အမိုးကိုလည်း ပြင်ရအုန်းမယ်၊ တော့်သား ကျောင်းစရိတ်နဲ့  ဟိုဟာ ဒီဟာနဲ့ ၊ မနှစ်ကလည်း ဟိုလို ဒီလိုနဲ့  ကျောင်း မအပ်လိုက်ရဘူးမို့ လား။” 

“ကျောင်းဖွင့်ဖို့ က လိုပါသေးတယ်ကွာ၊ ဒီမယ်မိလုံး မင်းနဲ့ ငါ ညားလာတာ ဆယ်နှစ်ကျော်ပြီ၊ ရွှေဘတောင် ခြောက်နှစ်ရှိပြီ မဟုတ်လား၊ မင်းတို့ သားအမိ ဘယ်တုန်းကများ ထမင်းရည် သောက်ခဲ့ရတာရှိလဲ၊ ပွဲလမ်းသဘင် မသွားရတာရှိလဲ၊ တစ်ခါ တစ်ရံတော့လည်း အိမ်ဆိုတာ ကသီလင်တ ရှိတဲ့အခါလည်း ရှိမှာပဲ၊ ငါ့ လက် ငါ့တက်နဲ့  ဟော့ဒီ့မြစ်ထဲမှာ ငွေထွက်အောင် ငါရှာနိုင်တယ်”။

မလုံး ငြိမ်သက်သွားသည်။ ထမင်းအိုးပေါ်သို့  ယောက်မကို ပစ်တင်လိုက်သဖြင် ခွမ်းကနဲ မြည်ဟည်းသံ ထွက်သွားသည်။ ကိုညိုဒင် တစ်ချက် ငဲ့စောင်းကြည့်လိုက်ပြီး အရက်ခွက်ကို ပက်ကနဲ မော့ချလိုက်၏။

မလုံး မပြောလည်း ကိုညိုဒင် စဉ်းစားနေတာ ကြာပြီ။ ကိုညိုဒင်တို့  ကျင်လည်နေထိုင်ရသည်က မိုးကုန်ပြီ ဆိုသည်နှင့် မြစ်ရိုး တစ်လျှောက် သင့်ရာတော်ရာ ကမ်းနဖူးများတွင် တဲများကို အစီအရီ ထိုး၍ ငါးရှာဖားရှာ လုပ်ကိုင် စားသောက်ကြ သူတွေ။ မိုးကျပြီ ဆိုသည်နှင့် မြို့ ဆင်ခြေဖုန်းရှိ ကိုယ့်အိမ် ကိုယ့်တဲလေး သို့  ပြန် နေရာယူ ကြုံရာကျဘမ်း အလုပ်ကလေးတွေ လိုက်လုပ်၊ လှေလိုက်ခေါ်ရင် လှေလိုက်နှင့် ၀မ်းစာဖြည့်တင်းရသူတွေ။ ငွေပိုငွေလျှံ ဆိုသည်မှာ တဏ်သက်နှင့် တဏ်ကိုယ် လောက်လောက် လျားလျား ကိုင်ခဲ့ရဖူးသည်မရှိ။ သူ့ အိုးနှင့် သူ့ ဆန် တန်ရုံ မဟုတ် အိုးထဲ၌ ဆန် ရှိသည်ဆိုလျှင် အအိပ်ဖြောင့်ရသည်ပဲ ဆိုရမည်။

ကိုညိုဒင်ရော မလုံးပါ ကျောင်းကောင်းကောင်း နေခဲ့ကြရသည်မဟုတ်၊ မလုံးက ကိုညိုဒင်ထက် သာတာပေါ့ လို့  ပြောရမလို။ မလုံးက တစ်တန်းအထိ နေဖူးသည်၊ အနည်းအကျဉ်း ရေးတတ် ဖတ်တတ်သည်။ ကိုညိုဒင် ကတော့ သူငယ်တန်းမှာ သုံးနှစ်လောက်နေပြီး အဖေဖြစ်သူနှင့် ငါးမြားတံ တစ်ချောင်းထမ်း၍ မြစ်ထဲစုန်းစုန်းမြုပ်အောင် ခုန်ချခဲ့သူ။ 

ဘ၀ ဆိုသည့် အနက်အဓိပါယ်ကို ရေနဲ့ ငါးလိုပဲ ဟု ခံယူပွေ့ ပိုက်ထားလေသူ။ ကိုညိုဒင် လက်ချိုးရေတွက် နေမိသည်။ ပါးစပ်မှလည်း ပွစိပွစိ ရေရွက်လိုက်သေး၏။ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ အင်း နယုန် လဆို ကျောင်းတွေဖွင့်တဲ့ အချိန်ပဲ။ ငါ နှစ်လလောက် ဖိရှာလိုက်ရင် ရွှေဘ ကျောင်းစရိတ်လောက်တော့ ဘာ ဂရုစိုက်စရာ ရှိလဲ။ သိတ်လိုလာရင်လည်း ရပ်ကွက်ထဲက ဦးဘိုးလှ ဆီမှာ အတိုး နဲ့ ဆွဲလိုက်လည်း ရတာပဲ ဟု ကိုညိုဒင် တွက်ရေချိုးရင်း အရက်ခွက်ကို ထပ်ငှဲ့  လိုက်ပြန်သည်။

 “တော် ထမင်းစား တော့မလား” မလုံး အသံကို ကြားတစ်ချက် မကြားတစ်ချက်နှင့်ပင် ကိုညိုဒင် မြစ်ပြင်ကို ငေးရီနေမိပြန်သည်။ ရေနံဆီ မီးခွက်မှ မီးနှင့် ဆေးလိပ်တိုကို မီးညှိလိုက်၏။ “မင့်သား ဘယ်ရောက်သွားလဲ၊ သွား လိုက်ခေါ်စမ်း၊ ထမင်းစားမယ်လို့ ”။

**************************************************

ကျောင်းအပ်သည့်နေ့ က တရုတ်ကျင်မောင့် ဆိုင်က  နှစ်ရာတန် မုန့် ကြက်ဥ တစ်လုံးနှင့် ငှက်ပျောတစ်ဖီးကို ခေါင်းမှာ ရွက်၍ မလုံးတစ်ယောက် တစ်ဦးတည်းသော သားရွှေဥ ရွှေဘ ကို ကျောင်းသွားအပ်ခဲ့သည်။ ကျောင်းဝန်းထဲ ၀င်တော့ ရွှေဘ တွန့် ဆုတ် တွန့် ဆုတ် လုပ်သေး၏ ။ တဲနားနီးချင်း ကိုအုန်းခင်နှင့် မထွေးရီတို့ လည်း သူတို့  သမီးကို ကျောင်းအပ်လာသည်ကို တွေ့ တော့မှ ရွှေဘ မလျောမရှူ ဒယဥ့်တိုက် လိုက်လာ သည်။

 ကျောင်းဆရာမ တယောက်က စာအုပ် ရှည်ရှည် ထူထူ ထဲတွင် အမည် စာရင်းများ ရေးသွင်းနေသည် ။ တ ခြား ကျောင်းလာ အပ်သည့် လူများကို ကြည့်၍ မလုံး ကိုယ့်ကို ကိုယ် စိတ် မသိုးမသန့် ဖြစ်လာသလို ၊ သိမ်ငယ် စိတ်လည်း ၀င်မိသလို ခံစားနေရ၏ ။ အော် သူတို့  ကျောင်းလာအပ်တာ မင်္ဂလာဆောင် လက်ဖွဲ့ ပစ္စည်းတွေ လာပို့ သလိုပါပဲလား။ ငါ့ကိုယ်က ငါးညှီနံ့ ထွက်နေသလား၊ ကိုယ်ကို ရို့ ၍ ရွှေဘလက် ဆွဲပြီး နောက် နား ခပ်ခွာခွာ ဆုတ်နေလိုက်သည်။ 

အလှည့်ရောက်တော့ ဆရာမ တစ်ယောက် မေးတာမြန်းတာတွေကို ဖြေမည် အလုပ် ကိုညိုဒင် ရောက်လာသည်။ “ ကလေးနံမည် ” “ရွှေဘ။” “ အဖေနံမည်၊ ” “ ညိုဒင်။ ” ”အမေ” “မလုံး။” “အဖေက ဘာလုပ်လဲ” “တံငါ လုပ်တယ်။” ကိုညိုဒင် ဖြေပေးနေတုန်း ဆရာလေးကိုမြခိုင် ၀င်လာသည်။ “အော် ဆရာမ ကိုညိုဒင့် အလုပ်အကိုင်ကို ရေလုပ်သားလို့ ဖြည့်လိုက်ပါနော်။“ 

ကိုညိုဒင် ဆရာလေးကို နားမလည်သလို ကြည့်ကာ “မလိုပါဘူး ဆရာလေးရာ ကျုပ်တို့ မိသားစုတွေရော မိလုံး မိသားစုတွေရော ဘိုးစဉ်ဘောင်ဆက် တံငါ အလုပ်နဲ့  မြစ်ထဲချောင်းထဲမှာ ကြီးပြင်းခဲ့တာ၊ တံငါသည် တံငါသည်ပေါ့။” “ခေတ်က အခေါ်အဝေါ်တွေ ပြောင်းနေပြီလေ ကိုညိုဒင် ရဲ့ ၊ ကဲ ဆရာမ ကျနော်ပြောသလိုသာ ရေးလိုက်ပါနော်။” 

“တစ်ခုတော့ ရှိတယ်နော် ဆရာလေး၊ ကျုပ်တို့ က တံငါတွေ ဆိုပေမယ့် ကျုပ်တို့ ကိုယ် ကျုပ်တို့ ထင်ထားတာက ရေထဲက သားကောင် ငါးကောင်ကို ရှာဖွေ စားသောက်တဲ့ ရေမုဆိုးတွေ။ အကုသိုလ်နဲ့ ကိုယ့်ဘ၀ကို ကျောင်းနေရသူတွေပဲ၊ ဘာဂုဏ် ဘာအလုပ်ရေးရေး တံငါက တံငါ၊ မုဆိုးက မုဆိုး ပိုဆိုးသွားတာမှ မဟုတ်တာ။” “ မလုံးကရော” “ငါးသည်”။
“ဟာ ဆရာမ၊ ဈေးသည် လို့ ပဲ ရေးလိုက်ပါ”။

******************************************************

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။
ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။ 
ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။

 ရွှေဘ စာအံသံကို ငါးပိုက်ပြင်ရင်းမှ ကိုညိုဒင် နားစွင့်နေမိသည်။ “ငါခေါက်လိုက်ရရင် သေအုန်းမယ်။ ကျယ်ကျယ် ဆိုစမ်း။” မလုံး ငရုတ်သီးထောင်းရင်းမှ သူ့ သားကို ငေါက်ငန်းနေသည်။ စိတ်မပါ လက်မပါ အာခေါင်ခြစ်အော်နေသော ရွှေဘမှာ ထမင်းအိုးကို လှမ်းလှမ်းကြည့်ရင်း အတော် ဆာလောင်ဟန်ဖြင့် သူ့ အမေမျက်နှာကို အားကိုးတစ်ကြီး မော့ကြည့်လိုက်သည်။

 “ ကိုညို ဒီမှာ အရက်တစ်လုံး၊ ခါတိုင်း လိုပဲ မှတ်ထားလိုက်ရမလား။” “ ဟေ့ကောင် ငပျော့ ရော့ ၁၅၀” ကိုညိုဒင် အရက်ဖိုးကို ပစ်ပေးလိုက်သည်။ “ကိုညို့  သားက ဘယ်ဆိုးလို့ လဲ။ စာတွေ ဘာတွေ အံနေပါလား။ “ဟေ့ကောင် ရွှေဘ မင်းကောင်တွေ ဗွီဒီယို ရုံထဲ ရောက်ကုန် ပြီ။ မင်း မသွားသေးဘူးလား”။ ရွှေဘမျက်လုံးက ငပျော့နှင့် သူ့ အဖေကို ဝှေ့ ကြည့်လိုက်သည်။ ဒေါက်ခနဲ ခေါက်လိုက် သည့် သူ့  အမေလက်သံကြောင့် ကကြီး ဟု အော်လိုက်သည်မှာ ငပျော့ သုတ်ခြေတင်ရန် သံချောင်းခေါက်လိုက် သလို ဖြစ်သွားတော့သည်။

ကကြီး ခကွေး အစ၊ 
၁ ၂ ၃ ၄ ၅ ၆ လွန်မြောက်ခဲ့ပြီး က ကလေးငယ် ချစ်စဖွယ်။ 
ခ ခရေကုံး မလေးပြုံး။ ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်။ င ငချိတ်ပေါင်း၊ စားလို့ ကောင်း။ 
စ စခန်းသာ တောင်တန်းပြာ စသည့် စာအံသံ များသည် ကိုညိုဒင့် အတွက် ညစဉ် အရက် အမြည်းတစ်
ခွက်လို ဖြစ်နေတော့သည်။ 

မကြားဟန် မမြင်ဟန် နားမထောင်ဟန်ဖြင့် တော အရက်ပြင်းပြင်းကို တစ်စိမ့်စိမ့် သောက်ရင်း စိတ်မှာတော့ ပီတိ ဖြစ်နေရှာ၏။ ဒီကောင် ငါ့ထက် သာသားပဲ ဆိုသည့် အတွေး။ “ဟဲ့ မိလုံး ရေနံဆီ မရှိတော့ရင် တအာတာလောက် သွားဝယ်ထားလိုက်ပါလား”။ “ မ၀ယ်နိုင်ဘူးတော်၊ တော် ကြာ ဟိုကောင့်ခေါ် ဒီကောင် ခေါ်နဲ့  တော်က ဖဲဝိုင်းထောင်အုန်းမယ်။”“မဟုတ်ပါဘူးကွာ”။ ကိုညိုဒင် ရွှေဘကို မေး ဆတ်ပြလိုက်သည်။ 

“ရော့”။ တစ်ရာတန်နှစ်ရွက် ကောက်ယူရင်း မလုံး မဲ့ပြုံးတစ်ချက်နဲ့  လမ်းထိပ်ကို ထွက်သွား၏။ ကိုညိုဒင်
 ရွှေဘ ကို ကြည့်လိုက် သည်။ ကြွေရည်သုတ် ဇလုံထဲမှ ငါးကြော် တစ်ကာင်၏ ခေါင်းကို ဖဲ့ချွေနေရင်းမှ ဆ ဆရာမ ရိုသေကြ ဆိုသည့် ရွှေဘ၏ စာအံသံသည် ဧရာမြစ်ပြင်က လှိုင်းကြက်ခွပ်လေးများ သဖွယ် ကိုညို ဒင့်ရင်ကို လာမှန် သည်။ “သားလေး ထမင်းဆာပြီလား၊ မင့်အမေ ပြန်လာရင် အဖေတို့  ငါးချောင်းကြော်နဲ့ တုတ်လိုက်ကြတာပေါ့ကွာ၊ နော”။ အံ့အားတစ်သင့် မျက်လုံးအစုံဖြင့် ရွှေဘ ဆွံ့ အနေတော့သည်။

**********************************************

မိုးကုန်ပြီ။ ၀ါလကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။ ပဲပေါ် နှမ်းပေါ်ပြီ။ ရွှေဘလည်း ကျောင်းပိတ်တော့မည်။ နံမည်ကြီး ဇာတ်သဘင်တွေလည်း မြို့ ဆယ်နှစ်ရာသီ ဘုရားပွဲကို လာရောက်ကပြ အသုံးတော်ခံကြတော့မည်။ ဆပ် ကပ်၊ ရုပ်သေးပွဲ။ တစ်နှစ်မှာ တစ်ခါ စားရသည့် မုန် သိုင်းခြုံ ကို အုန်းဆံနိုင်နိုင်နှင့် ရွှေဘ ကို တစ်ဝ ၀ယ်ကျွေးလိုက်အုန်းမည်။ အတွေးရေအလျှင်က ကိုညိုဒင့် ရင်ထဲမှာ တစ်ဒိတ်ဒိတ်။ စာတတ် ပေတတ် ငါ့သား အတွက် လှိုင်းထန်တဲ့ မြစ်ပြင်ကို အဖေ စိန်ခေါ်မယ်ကွ ရွှေဘ ရ။ အရက်ခွက်ကို ကိုင်ဆရင်း ကိုညို ဒင် အူရွနေ၏။

“အော် တော်ကတော့ တောလေးနဲ့ တစ်မြမြ။ တော့သားက ကျောချမှ ဓားပြ အကြီးစားတော်ရေ့ ၊ ကိုညိုဒင်ရဲ့ ။”
“ငါ့ကို ရှင်းရှင်းပြောစမ်း မိလုံး။ ဘာဖြစ်လာလို့ လဲ”။ မေးမေးပြောပြော ရွှေဘကို လှမ်းကြည့်တော့ မျက်ရည်ရစ်ဝိုင်း နေ သည့် သူ့ သားကို နားမလည်နီုင်သလို တွေတွေဝေေ၀ ဖြစ်သွားသည်။ “ ပြောစမ်း မိလုံး၊ ဘာဖြစ်လာတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဒေါသတကြီးဖြင့် ကိုညိုဒင် အရက်ခွက် ကို ခွပ်ခနဲ မော့သောက်ချလိုက်သည်။

”မင်းဝင်မပါနဲ့ ။ မင်းဘာမှ ၀င်မပြောနဲ့ ။ ဟေ့ကောင် ရွှေဘ မင့်အဖေ ဘညိုကို ပြောပြစမ်း ငါ့သား။”“ ကျုပ် စာကြိုးစားတာပဲ ဘညို။ သူများနည်းတူ မီးခွက်က အမြဲ မီးရှိလို့ လား။ အဖေ ညဘက် ငါးခုတ် သွားရင် ဓာတ် မီးထိုးပြ၊ ငါးကောက်။ ငါးတန်းချရင်လည်း လှေဦးက လိုက်ခဲ့တာပဲ။ မိုးမလင်းသေးဘူး၊ ငါးတန်းသွားဖော်ရအောင် ငါ့သား ထလေ ကွာ ဆိုရင်လည်း ကျုပ်လိုက်ရတာပဲ။ ကျောင်းသွားခါနီး သမ၀ါယမဆိုင် ဆီသွား ၀ယ်ပေးစမ်း ဆိုလည်း ကျုပ် အမေ့ စကားကို ဘယ်တုန်းက ကလန်ဘူးလဲ။ သူခိုင်းတဲ့ အချိန်က ကျောင်းသွားရတော့မှာ။” “ အေး အဖေ နားလည်တယ်၊ ခုကိစ္စက ဘာလဲဆိုတာ အဖေ သိချင်တာ။”

“ကျုပ်ကို ဆရာမကပြောတယ်။ “ဟဲ့ ရွှေဘ စာမေးပွဲနီးပြီ။ ခုထက်ထိ မြန်မာစာကို ကောင်းကောင်း မဖတ် တတ် သေးဘူး။ ဂဏန်းသင်္ချာ ဆိုလည်း ပေါင်းရမှန်း မသိ နုတ်ရမှန်း မသိ။ နင် မတတ်တော့ ငါ ဆရာမ အလုပ်က ထွက်ရတော့ မယ့်ကိန်း။ ငါ မျက်နှာ ပျက်ရတယ်တဲ့ ဘညို ”။ “ ဒါများကွာ သူသင်တာ ညံ့လို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါ့သားက အဖေ့ တို့ ထက် တော်ပါတယ်၊ ငါ့သားက ကြိုးစားပြလိုက်ပေါ့။ နောက်နေ့  အဖေ ကျောင်းလိုက်ပို့ မယ် ဟုတ်လား။”

“ကျုပ် ဘယ်တော့မှ ကျောင်း မတက်တော့ဘူးအဖေ။ အဖေ့ ကို ဆရာ လုပ်ခိုင်းမယ်။ ဧရာဝတီမြစ်ကြီးမှာ ကျုပ် ကျောင်းတက်မယ်။ ဆရာမက ပြောလိုက်သေးတယ် ဘညို။ “ ရွှေဘ နင်ဟာ တံငါနားနီး တံငါ ။ မုဆိုးနားနီး မုဆိုး ဖြစ်မှာ ပဲတဲ့။ “အော” ကိုညိုဒင် ငါးခုတ်သည့်ဓား ကို ရွှေဘဆီ ပစ်ပေးလိုက်သည်။ 
မလုံး အံ့အံ့သြသြ မကြည့်မိပါ။


ကျော်သက်ထွေး
၇ - ၁၀ - ၀၉

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall