သခင်စိတ် ကျွန်စိတ်




(1)
“If an eye for an eye and a tooth for a tooth, then soon the world becomes blind and toothless.”
အိန္ဒိယက ငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမဂန္ဒီ ပြောခဲ့တဲ့ အမြော် အမြင်ရှိရှိ၊ ပညာ စကား ဖြစ်သည်။
“ မျက်လုံး တစ်လုံးအတွက် မျက်လုံး၊ သွား တစ်ချောင်း အတွက် သွား တစ်ချောင်းနဲ့ သာ လက်စားချေကြ   စတမ်း ဆိုရင် ကမ္ဘာကြီးဟာ မျက်လုံးတွေ ကန်းပြီး သွားတွေ ကျိုးနေမှာပေါ့ ”
လူ့သမိုင်း (၅၅၆ဝ) နှစ်တွင် စစ်ပွဲပေါင်း (၁၄၅၃ဝ) ကျော်ဖြစ်ခဲ့ပြီး သန်းပေါင်း များစွာသော လူတို့ သေကြေ ပျက်စီးခဲ့ပြီး ဖြစ်သည် ။

 အသိ မတူတဲ့လူတွေ
***********************
လူတွေ အသိ မတူကြချေ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် ၏ အရောင်ကို လက်ခံကြ၏ ။ ဗုဒ္ဓသည် အမြင် (၂) မျိုးကို ချပြခဲ့၏။ {အဝိဇ္ဇာ} အမြင်နှင့် {ဝိဇ္ဇာ} အမြင် ဟူ၍ ဖြစ်သည် ။ 

ပုထုဇဉ်တို့ ၏ အမြင်ကို {အဝိဇ္ဇာ} အမြင် ဟူသော အမှန် မသိခြင်းဖြင့် ဆုံးမ ခဲ့ပြီး အရိယာ တို့၏ အမြင်ကို အမှန် သိသော {ဝိဇ္ဇာ} အမြင်ဖြင့် ပညာ အမြင်ရအောင် ဟောကြားခဲ့သည်။ {အဝိဇ္ဇာ} အမြင်တွင် အမှားကို အမှန်ထင်၏။ အိပ်မက်နှင့် နှိုင်းယှဉ်ခဲ့သည်။ အိပ်မက်ထဲ၌ အားလုံးဖြစ်နိုင်၏။ ဆင်းရဲနိုင် ၏ ။ မင်းဖြစ်နိုင်သလို သူတောင်းစား လည်း ဖြစ်နိုင်၏။ စိတ်စွဲရာ Nမင်မက်ခြင်းကို အိပ်မက် မက်စဉ် ခဏ၌ အမှန် ဟု ထင် ၏။
ရှေးနှစ် (၂၅ဝဝ) ကျော် အကျင့်သီလ ဦးစားပေးစဉ် အခါက လူတို့ ၏ လွတ်မြောက်ကြောင်းသည် အခြေခံ အုတ် မြစ်ဖြစ်သည် ။ ယခု (၂၁) ရာစုထဲ ဝင်ချေပြီ၊ မည်သည်က အဝိဇ္ဇာ၊ မည်သည်က ဝိဇ္ဇာကို ခွဲခြားရန် ပို၍ ခက်ခဲလာသည်။ ရုပ် ဝတ္ထု ဦးစားပေး အခါသမယတွင် အမှန်အမှားသည် ပို၍ ဝိဝါဒ ကွဲပြားစရာ ဖြစ်လာ သည်။ 

သစ္စာတည်သော တရားတို့ကို တည်ခြင်းသည် {ဝိဇ္ဇာ} ဖြစ်၍ လောက အကျိုး သယ်ပိုးနိုင်သော အရာတို့ကို ဟုတ်တိုင်းမှန်ရာ သိခြင်းကို {ဝိဇ္ဇာ} ဟု ယေဘုယျ သဘော သတ်မှတ်နိုင်ပြီး ဆန့်ကျင်ဘက်တို့ကို {အဝိဇ္ဇာ} ဟု ခေါ်နိုင်မည် ဖြစ်သည်။ ထိုမှတစ်ပါး အမှန်တရားဟူသည် အမြဲမရှိ ချေ။ အမှန်တရား ဟူသည်မှာ ကာလတစ်ခု အတွင်း၌သာ ဖြစ်တည်ခွင့် ရှိသည်။ နောက် အမှန်တစ်ခု အစားထိုး ဝင်ရောက်၊ ခြေဖျက်ခြင်း မခံရမီအတွင်းသာ မှန်နိုင်၏။
အိုင်းစတိုင်း၏ E = MC2 ကို အမှန်တရားဟု ကာလတစ်ခု အတွင်း လက်ခံခဲ့ သည်။ နောက် ထွက်ပေါ်လာသော သိပ္ပံပညာရှင်များက အိုင်းစတိုင်း၏ သီအိုရီကို {မှားသည်} ဟု မပြောသော်လည်း {မမှန် တော့} ဟု ဆိုလာပြီ ။ လောက၌ လက် ခံထားသော အမှန်တို့သည် {ယာယီ အမှန်} များသာ ဖြစ်သည်။ အချိန် တစ်ခု အတွင်း အများက လက်ခံနိုင်ဖွယ်ရာ ရှိခြင်းကို အမှန်ဟု သတ်မှတ်၍ ရသလို မိမိ၏ ဆောင်ရွက်ချက်များကိုလည်း အများက လက်ခံ နိုင်သော အခြေရောက်လျှင် အမှန်ဆောင်ရွက်သူ ဖြစ်မည်သာ။
Free Market Economy ကို လက်ခံလာကြသည်မှာ နှစ်ပေါင်း (၄ဝ) မျှ ရှိချေပြီ ။ (၂ဝဝ၈) စက်တင်ဘာ World Financial Crisis ကြောင့် Adam Smith ၏ ‘Invisible Hand’ ကို သံသယ မျက်လုံး များဖြင့် ကြည့် ကြတော့ သည်။ 

Free Market နှင့် ဝိရောဓိဖြစ်သော State Intervention ကို ပြန်လည် တူးဆွဖော်ထုတ် လာသူတွေ အားကောင်း လာကြတော့သည်။ Keyne ဆိုသူ ဗြိတိသျှဘောဂပညာရှင်၏ သီအိုရီ ဖြစ်သည်။ သို့သော်လည်း Keyne’s Theory ကိုလည်း အပြည့်အဝ လက်ခံ၍ မရသေးချေ။ သီအိုရီများ၊ အမြဲ မမှန်ဆိုသည် ကို ပြောလိုခြင်း ဖြစ်သည်။ အမှန်တရား တစ်သမတ်တည်း မရှိသည်ကို ရေးလိုခြင်းသာ ဖြစ်သည်။
လို၊ တိုး၊ ပို၊ လျှော့ ပြုပင်ပြောင်းလဲခြင်းများဖြင့် ရှည်လျားသော သမိုင်းကို ရေးကြရင်း သည်နေ့ခေတ် ၊ သည် နေ့ အချိန်ကို ရောက်လာကြသည်။  {အနိစ္စ} တည်မြဲခြင်းမရှိ ကိုထောက်ခံသော ခေတ်သစ် ‘Change’ ဟူသော ဝေါဟာရ တွင်ကျယ် လာပြီး အမေရိကန် သမ္မတသစ် Barack Obama (၄၄) ဦးမြောက် သမ္မတဖြစ်ရန် သုံးစွဲခဲ့ရသော စကား အထိပင် ဖြစ်လာခဲ့သည်။ 

အမြဲ မမှန်သော်လည်း လောက အကျိုး၊ အများအကျိုး မည်မျှဆောင်ရွက်နိုင်သည်၊ မည်မျှ စေတနာ၊ မေတ္တာ ရှိသည် ဆိုသော စေတနာပေါ်တော့ တည်မှီပါသည်။ အမှား မကင်းသော်လည်း { စေတနာ } ရှင်းရန်တော့ လိုသည်။ အသိမတူကြသည့်အတွက် စေတနာတို့ မတူနိုင်ချေ ။ 

ဗုဒ္ဓ လောက အကျိုးသယ်ပိုးရန် လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ပြီး မဟာကရုဏာရှင် ဖြစ်လာသော မဟာလူသားများ ရှိသလို { ငတေ မာရင်ပြီးရော } ဆိုသည့် လောက အပေါ် စေတနာ နည်းသည့်သူများလည်း အသင်္ချေ၊ အနန္တပင် ဖြစ်သည်။
.
ယောနိသော မနသိကာရ
***************************
စေတနာကောင်းရန်၊ စိတ်ထားတတ်ဖို့ ဗုဒ္ဓဘာသာက အဆုံးအမ ထား၏။ တစ်ပါးသူ အပေါ် အကောင်းမြင်ဝါဒ ရှိခြင်းသည် { ယောနိသော မနသိကာရ } ဖြစ်ပြီး အဆိုးမြင်ခြင်းသည် { အယောနိသော မနသိကာရ} ဖြစ်၏။ 

ဂျပန်နိုင်ငံတွင် {သက်ကြီးရွယ်အို} ကို နိုင်ငံတော်က စောင့်ရှောက်ရသော စရိတ် အပေါ် မကျေမနပ်ပြောခဲ့သော ထိပ်တန်း အရာရှိကြီးတစ်ဦး အကြောင်း ဖတ်လိုက်ရ၍ တုန်လှုပ်ခဲ့မိ၏။ ကိုယ်လည်း တစ်ချိန် သည်အရွယ်ရောက်လာမည်ကို မေ့လျော့သည်လား မသိ၊ ထို နိုင်ငံမျိုးတွင် သည်လို စကားမျိုး ကြားရမည်မထင်၊ မကြာမီ အများမကျေနပ်၍ ထိုသူ ရာထူးမှ နှုတ်ထွက်ပေးလိုက်ရသည်။




“စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”

စေတနာကို (ကံ) ဟု ဘုရားက ဟောခဲ့သည်။ ထိုအရာရှိကြီး (ကံ) ထိုက်သည်လား မပြောနိုင်။

မာတာပိတု ဥပဌာနံ
*********************
မိဘကို လုပ်ကျွေးပြုစုခြင်းသည် ကုသိုလ် မင်္ဂလာတစ်ပါး ဖြစ်သည်။ တက္ကသိုလ်ရိပ်သာလမ်း တွင် အသက် (၈ဝ) ကျော် လေးဆယ့်ငါး ဒီဂရီ ခါးကိုင်း၊ တောင်းပိုက်၍ ဟင်းသီး ဟင်းရွက်ရောင်းနေရသော အဘွားအို ၏ လုပ်စာ ကို ဓားပြတိုက် နေသော သားသမီးများ ရှိနေပါသေးသည်။

 ငွေကြေး ချောင်လည်သော်လည်း မိဘ အတွက် တာဝန် မယူလိုသော သူများ လည်း မနည်းပါးချေ ။ ထိုသူများ ရွယ်အို သက်ကြီး ဘဝရောက်လျှင် မည်သို့သော ကံ အကျိုးပေးကြမည်နည်း ။ ကိုယ်က မိဘ များကိုကျွေး ရန် တာဝန်တစ်ခုတည်း ကိုသာ ယူရ၏ ။ မိဘများက သားသမီးများ ငယ်စဉ် အရေးအရာ အားလုံးကို ကျွေး ရန် ထက်ပို၍ ဒုက္ခဆင်းရဲ ခဲ့ရ၏။ ပညာမတတ်မှာ စိုးခြင်း၊ အလေအလွင့် ဖြစ်မှာစိုးခြင်း၊ ကျန်းမာရေး ချို့တဲ့မှာ စိုးခြင်း စသော { စိုးရိမ်မှု } သောကများနှင့် နှိုင်းယှဉ်လျှင် နှမ်းတစ်စေ့မျှ မရှိသော တာဝန် ကို ဘာကြောင့် သားသမီးများက မထမ်းဆောင်လို ကြပါသနည်း။
အတ္တစိတ်
**********
မွေးခဲ့၊ ကျွေးခဲ့၊ ပြုစု ပျိုးထောင်ခဲ့သော မိဘ ကိုပင် စေတနာ ပြန်မထားနိုင်ခြင်းသည် အတ္တ စိတ် (Selfishness) များခြင်းနှင့် တာဝန် (Responsibility) မယူလိုခြင်းကြောင့် ဖြစ်သည်။ 

ဥပ္ပါဒ သဘောဖြစ်သော { အစုန် } စိတ်သည် မွေး ကတည်းက ပါလာနှင့်ပြီးသော { ရယူလိုစိတ်} ဖြစ်သည်။ နိရောဓ သဘောဖြစ်သော၊ လောကုတ္တရာ သဘာဝ {စွန့်လွှတ်} လိုခြင်း ရှိသည့် {အဆန်} စိတ်ကို အသိရင့် သည်နှင့် တစ်ပြိုင်နက် မွေးမြူထားနိုင်ရန် လို၏။ 

အဖွဲ့အစည်းတို့ကို ဦးဆောင်သော ခေါင်းဆောင် တို့တွင် ထို အဆန်စိတ်များ များများ ရှိရန်လို၏ ။ ခေတ် သစ်ခေါင်းဆောင် တို့၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် {စွန့် လွှတ်မှု} ၊ {အနစ်နာခံမှု} ကို ကောင်းစွာ မီးမောင်းထိုးထား၏။ အစုန်စိတ်သည် လေ့ကျင့်ရန် မလို မူလက ပါလာပြီးဖြစ်၍ အဆန် စိတ်ကား မွေးမြူ၊ လေ့ကျင့် မှ ရ၏။ အဆန်စိတ် ကို သခင်စိတ်နှင့် တင်စား၏။ အစုန်စိတ် သည် ကျွန်စိတ် ဖြစ်၏။

လင်ယူသားမွေး၊ မိဘ ထံမှ ရသလောက် ကဲ့ယူသော သားသမီးသည် မိဘ အတွက် ဟင်းတစ်ခွက် မပို့နိုင်၊ အကြင်နာ တစ်စက် မမျှနိုင်သော ကျွန်စိတ် ရှိ သားသမီးများ၊ ထေရဝါဒ ဗုဒ္ဓဘာသာတွင် တွေ့ရသည်မှာ ရင်ထုမနာ ဖြစ်ရချေသည်။

အဖွဲ့အစည်း တို့၌ လူတော်တော်များများ နေရာ ရယူလိုကြ၏။ အများအကျိုး၊ လောက အကျိုးကို ကိုယ်ကျိုး စွန့် လွှတ်ဆောင်ရွက် လို၍လား၊ အခြား အကြောင်း တစ်စုံတစ်ရာကြောင့်လား ဟူသည်ကို လုပ်ရပ်ဖြင့် တိုင်းတာနိုင်ကြ၏။ 

ချမ်း သာသော မဟတ္တမ ဂန္ဒီသည် ဒိုတီ ဝတ်၍ အများအကျိုး ဆောင်ခဲ့၏။ သို့သော်လည်း အစုန်စိတ် ရှိသူများ တွင် သဘာဝ အား ဖြင့် တောင့်တခြင်း (၄) မျိုးဖြင့် ဘဝကို ရှင်သန်ရန် ကြိုးစားကြသည်။ 
(၁) အသက် ရှည်လိုခြင်း ၊
(၂) လွတ်လပ်စွာ ပျော်ရွှင် ချမ်းမြေ့လိုခြင်း ၊
(၃) စည်းစိမ် ဥစ္စာပြည့်စုံလိုခြင်း ၊
(၄) ဩဇာအာဏာ ရရှိလိုခြင်း ၊

စီမံခန့်ခွဲမှု ပညာရပ်တွင် Maslow’s Hierachy ဟူသော အလွှာ (၇) ဆင့်ဖြင့် လူတို့၏ လိုအပ်ချက် Human’s Need ကို ဖော်ပြခဲ့သည်။ အောက်ဆုံး အခြေခံ အဆင့်တွင် Physiological Needs ဟူသော  အသက် ရှင်သန်ရေး လိုအပ် ချက်ရှိသည်။ ရေ၊ လေ၊ အာဟာရဖြစ်၏။ 

ထိုအဆင့်တွင် လူတို့သည် အသက်ရှင်သန်ရေးကို အဓိက ထားရ၏။ လောက အကျိုး၊ အများ အကျိုး မဆောင်ရွက်နိုင်၊ ကိစ္စ မရှိ။

ဒုတိယ တွင် Safety Needs ဟူသော လုံခြုံမှုကို တောင့်တသည့် အဆင့် ဖြစ်လာ ၏။ အများအကျိုးဆောင်ရွက်မှု၌ အားမထည့်နိုင်သေး၊ ကိစ္စမရှိ။ 

တတိယ အဆင့်တွင် Belongingness Needs ဖြစ်လာပြီး (Sense of belonging and love) အတွက် မိမိပိုင်ဆိုင်မှုနှင့် ချစ်ခြင်းမေတ္တာကို ရယူဖို့ ကြိုးစားလာကြသည်။ အများအကျိုး စတင် ဆောင်ရွက်နိုင်သော အခြေ အနေ ဖြစ်သည်။
အတ္တ-ပရ တွင် မသိ မရင့်ကျက်သေး၊ အရွယ်မပြည့်စုံ သေး၊ အခြေအနေ မတောင့်တင်းသေးဟူသော အ ချက် များဖြင့် ကင်းလွတ်ခွင့် ရနိုင်ပါသေးသည်။ အဆန်စိတ် ရှိသူများမှာ ထိုအဆင့်မှ စ၍ အများ အကျိုးကို စတင်ဆောင်ရွက်ကြပါသည်။ 

အဆင့် (၄) ကို Esteem Needs ဟု ကင်ပွန်းတပ်ပြီး (Mastering and feeling, appreciated by others) ဟု အဓိပ္ပာယ် ဖွင့်သည်။ {ငါ} ဘယ်လိုလူ ဟူသော ဆန္ဒနှင့် အများ၏ လေးစားမှုကို ခံယူလိုသောအဆင့် ဖြစ် သည်။ ဥစ္စာ၊ အာဏာ၊ ကျော်ကြားမှု တစ်ခုခုကို ကောင်းစွာ ရယူ အသုံးပြုနိုင်သော အဆင့်ဖြစ်သည်။ လင့်ခရူဇာ စီးနိုင်သည်ဟု လက်မ ထောင်နိုင်သော အဆင့်တွင် ဘာကြောင့် တစ်စွန်း တစ်စ အများအကျိုး အတွက် မဆောင်ရွက်နိုင်ရပါမည်နည်း။
ထိုမှ တက်လျှင် အဆင့် (၅) ဖြစ်သော Cognitive Needs ဟူသော နားလည်မှု အခြေခံ စိတ် အစဉ်ပိုင်းသို့ ရောက်လာသည်။ သူတို့ ဆီမှာ (Understanding World, Creating Curiosity) ဟု အဓိပ္ပာယ်ဖွင့်၏။ 

အဆင့် (၆) ကို Aesthetic Needs ဟု သတ်မှတ်ပြီး Harmony and Order ဟူသော လိုက်လျောညီထွေစွာ နေထိုင်၊ သဘောထားနိုင်ခြင်း အဆင့် ဖြစ်လာသည်။ 

အပေါ်ဆုံး အဆင့် (၇) သည် Self-actualization Neesds ဖြစ်ပြီး (be all that you are capable of becoming) ဟု အဓိပ္ပာယ် သက်ရောက်သည်။ မိမိကိုယ်ကို အမှန်မြင်လာသည့် အဆင့် ဖြစ်သည်။
အောက်ခြေ အဆင့် (၂) ခုတွင် အတ္တကို သာသာထိုးထိုး စဉ်းစားနေရသည်ကို အပြစ် ဆိုဖွယ် မရှိသော် လည်း { တစ်မူးရလို့ တစ်ပဲလှူ } ကိုမူ အဆင့် (၃) တွင် စသင့်ကြပေသည်။ သတ္တ လောကတွင် လူသည် ပတ် ဝန်းကျင်နှင့် ကင်းကွာ၍ မရဆုံးသော သတ္တဝါဖြစ်ပြီး ပတ်ဝန်းကျင်နှင့် အဆက်အစပ် အများဆုံး သတ္တဝါ လည်း ဖြစ်သည်။ 

Microsoft သူဠေးကြီး Bill Gates တို့ ဘီလီယံ (၂ဝ) လှူနိုင်ခြင်းသည် သာမန် လူသားတို့ မထားနိုင်သော အဆန် စိတ်မျိုးဖြစ်ပြီး ထိုမျှ အချိုးအစားကို မလုပ်နိုင်သော်မှ အနည်းအကျဉ်း ထိုက်သင့်သမျှကို အများအကျိုးအတွက် ဝေမျှသင့်သည်။
သို့သော်လည်း အများစုမှာ အသင်း အဖွဲ့ များ၌ ကြိုးစား၍ နေရာ ရယူထားကြခြင်း ကို လေ့လာသော အခါ အဆန် စိတ်မျိုး မဟုတ်ဘဲ အစုန် စိတ်ဖြင့် ဥစ္စာပြည့်စုံလိုခြင်း၊ ဩဇာ အာဏာ နေရာ ရယူလိုခြင်းက အဓိကဖြစ်နေကြောင်း ဝမ်း နည်းစွာ တွေ့နေရပါသည်။ လူကို တစ်ချို့က {သိလျက် မသိသူ၊ မြင်လျက် မမြင်သူ၊ အသိဆုံးနှင့် မသိဆုံး၊ အသိရ အလွယ်ဆုံးနှင့် သိရ အခက်ဆုံး} ဟု အဓိပ္ပာယ်ဖွင့်ကြ၏ ။

လူနှင့် ပညာ 
*************
အနန္တသတ္တလောက တွင် လူသည် သီးခြား ဖွံ့ဖြိုးလာ၏။ အမှန်ကို သိနိုင်သူသည် လူသာဖြစ်၏။ အခြား သတ္တဝါ တို့ ၏ အသိတွင် အိပ်၊ စား၊ ကာမ ဟူသော (၃) မျိုးသော အသိသာ ရှိ၏။ တရားခြင်း၊ မတရားခြင်း၊ မှန်ခြင်း၊ မှားခြင်း အလျင်းမရှိ ။ Might is right သည် လူမှ တစ်ပါး အခြားသတ္တလောက ၏ အားထားရာသာ ဖြစ် သည်။ 

ပညာကို ဆည်းပူးရာ တွင် သတ္တလောက အပေါင်း၌ လူ သာလျှင် ရှိ၏။ လူသာလျှင် ပညာ ရနိုင်သူ တစ်မျိုးတည်းသော၊ တစ်ခု တည်းသော မျိုးစိတ် ဖြစ်သည်။ ထို တစ်ခုတည်းသော မျိုးစိတ်မှာပင် များစွာသော လူတို့ ၏ အသိ၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်ပေါ် မူတည်၍ ကွာခြား ကြသည်။ အခြေခံ (၄) မျိုးပေါ် မူတည်ကြောင်း တွေ့ရသည်။ ဆန္ဒ၊ ဝိရိယ၊ ပညာ၊ စိတ် တို့ဖြစ်သည်။
ဗုဒ္ဓဘာသာလူမျိုးတို့အတွက် သဒ္ဒါသည် အဓိကကျသည်။ သို့သော်လည်း ပညာနှင့်ချင့်ချိန်ရန် လိုသည်။ သဒ္ဒါ အားကောင်းသော်လည်း ပညာနုံ့လျှင် မယုံကြည်ထိုက်သောအရာတို့၌ ယုံကြည်မှုလွန်ကဲတတ်သည်ကို တွေ့ရသည်။ လမ်းမှန် မဟုတ်ဟု ဆိုလိုသည်။ ဝိသုဒ္ဓိမဂ်၌ ပညာအားကောင်းသော်လည်း သဒ္ဒါနုံ့ပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲမှုကို ဖြစ်စေ ပြန်သည်ဟု ဆိုသည်။ သဒ္ဒါအားကောင်းသော ပညာရှင်များကိုလည်း အများအပြား တွေ့နိုင်သည်။ မဇ္ဈိမပဋိပဒါသည် မျှတ စွာကျင့်ကြံရန် ညွှန်ခဲ့သောလမ်း ဖြစ်သည်။
ဗုဒ္ဓပေးခဲ့သော ပညာတွင် လူတို့၏ ကျင့်စဉ်သည် တစ်ခု အပါအဝင် ဖြစ်သည်။ မေတ္တာ ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာ တို့ဖြစ်သည်။ အဆုံးစွန်သော ဥပက္ခာ ကို မရသေးလျှင်ပင် မေတ္တာ၊ ကရုဏာနှင့် မုဒိတာ တို့ကို ရရှိပိုင်ဆိုင်သင့်ကြ သည်။ 

စာတတ်ခြင်းသည် ပညာ တတ်ခြင်း မဟုတ်၊ အလုံးစုံ မဟုတ်သည့်တိုင် ပညာ အမှန်တစ်ကယ် အခြေခံလာလျှင် မေတ္တာ ၊ ကရုဏာနှင့် မုဒိတာ တို့ ထားနိုင်လာပါသည်။ ဘုရားရှင်လို မဟာ ကရုဏာရှင် မဟုတ်သည့် တိုင်အောင် ထိုက်သင့်သော လူသား အကျိုးပြု လုပ်ငန်းသည် ကရုဏာပေါ် အခြေခံရပါသည်။ သို့သော် လည်း ကျွန်တော်တို့ တစ်ခြားသူ ကောင်းစားလျှင် ယနေ့ လူတိုင်း မုဒိတာ မပွားနိုင်ကြသေးချေ။
Self Interest, Family Interest သည် ပညာနုံ့နေသေးသည့် အခါ အတ္တများသည့် သဘော မိမိကိုယ်ကျိုး၊ မိသားစု အကျိုးဟု ဦးထိပ် ပန်ဆင်တတ်ပြီး ပညာ အသင့်တင့်ဖြစ်သည့် တစ်ခဏ၌ အနည်းဆုံး National Interest ကို ကြည့်လာကြရပါသည်။ 

ထို့ထက် ပညာကြီး သူတို့မှာ ထိုအဆင့်ထက် မကသော အများအကျိုးကို ရှေးရှုလာကြပါသည်။ မာသာထရီဇာ အတွက် လူမှုရေး လုပ်ငန်းသည် ကိုယ်ကျိုးမပါ၊ မိသားစု အကျိုးမပါ၊ ဘယ်နိုင်ငံ အကျိုး ဟု မသတ်မှတ်၊ လူသားကို လူသား ဟုမြင်သော အကျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လောက အမြင် (၆) မျိုး
************************
ဗုဒ္ဓဘာသာက လောက အမြင်ကို (၆) မျိုး ခွဲခြားပေးခဲ့သည်။
(၁) တတွဒဿန (ရှိ/မရှိ ရှုထောင့်မှမြင်ခြင်း)
(၂) ပမာဏဒဿန (အမှား/အမှန် ရှုထောင့်မှမြင်ခြင်း)
(၃) တက္ကဒဿန (သင့်/မသင့် ရှုထောင့်မှမြင်ခြင်း)
(၄) အာစာရဒဿန (ကောင်း/မကောင်း ရှုထောင့်မှမြင်ခြင်း)
(၅) ရသဒဿန (ခံစားမှု ရှုထောင့်မှမြင်ခြင်း)
(၆) စရိကဒဿန (ဝါသနာနှင့် စရိုက်ရှုထောင့်မှမြင်ခြင်း)
လောကအမြင်ကို ဤ ရှုထောင့် (၆) မျိုးမှ မြင်ကြသဖြင့် တစ်ဦးနှင့် တစ်ဦး အမြင် တူရန် မဖြစ်နိုင်ချေ၊ အမြင် မတူကြသဖြင့် လုပ်ရပ်များ ကွဲပြားလာကြရသည်။ (၂ဝဝ၈) နိုဝင်ဘာလကုန် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းရှိ လူ (၂ဝဝ) ခန့် သေ ကြေသော အကြမ်းဖက်မှုသည် အဆင်ခြင်နည်းသော လူတွေ၏ အမြင် မတူ၊ အသိ မတူမှုကြောင့် ကြေကွဲဖွယ်ရာ အပြစ်မဲ့သူ များ သေကြေကြရခြင်း ဖြစ်သည်။ အမြင်တစ်ခု တစ်ဖက်စွန်းမရောက်ရန် အရေးကြီးသည်။ ပညာဖြင့်  အဆုံးအဖြတ် ပေး ၏။ {စာ} ဖြင့် ဆုံးဖြတ်ရန် မဟုတ်ပါ။
ပညာ ဟူသော မှန်ကန်သည့် အသိ ရရန်အတွက်လည်း လောကီသာ မက လောကုတ္တရာ ပါ ရှေးရှု၍ ဗုဒ္ဓ က အမြင် ဖွင့်ပေးခဲ့ပြီး ဖြစ်ပါသည်။ မှန်သော အသိ ရရာရကြောင်း ပမာဏ (၉) မျိုးရှိ၏။
(၁) ပစ္စက္ခပမာဏ (ကိုယ်တွေ့သိနည်း)
(၂) အနုမာနပမာဏ (အဆင်အခြင်သိနည်း)
(၃) ဥပမာနပမာဏ (နှိုင်းယှဉ်သိနည်း)
(၄) သဒ္ဒပမာဏ (စာပေသိနည်း)
(၅) အတ္ထာပတနီပမာဏ (ချင့်ချိန်သိနည်း)
(၆) အနုပလဒ္ဓီပမာဏ (အာရုံပြုရသောအားဖြင့်သိနည်း)
(၇) သမ္ဘာဝပမာဏ (အလားတူအားဖြင့်သိနည်း)
(၈) ဧတိဟျပမာဏ (ထုံး/ဓလေ့အစဉ်အလာအားဖြင့်သိနည်း)
(၉) သစ္ဆိကရဏပမာဏ (မျက်မှောက်ပြုသိနည်း)

အသိ နက်လျှင် ပညာ ကို ဖြစ်စေသည်။ ပညာဖြစ်စေရန် အသိ များကို ခွဲခြားပေးထားမှုမှာ မျက်မှောက်ခေတ် စီမံခန့်ခွဲမှု တွင်ပင် ဤမျှလောက် အနုစိတ်သည်ကို မတွေ့မိခဲ့ဖူးချေ။ ခေတ်ပေါ် စီမံခန့်ခွဲမှုက.....
Data (အချက်အလက်) Know nothing
Information (သတင်း) Know-how
Knowledge (သုတပညာ) Know-what
Wisdom (ထိုးထွင်းသိပညာ) Know-why
Enlightenment (တပ်အပ်သိပညာ) Know-for-sure
ဗုဒ္ဓ ၏ စံနှုန်းနှင့် တိုင်းရလျှင် ယနေ့ ရေပန်းစားနေသော Knowledge ဟူသည် သုတ သိပညာ အဆင့်မျှသာ ရှိ သေး၍ သဒ္ဒပမာဏ ဟူသော အဆင့် (၄) နှင့် အတ္ထာပတနီ ပမာဏဟူသော အဆင့် (၅) အတွင်းမျှသာ ရှိရသေးသည်။ 

« သုတသိ ပညာ (Knowledge) ၊ ထိုးထွင်းသိပညာ (Wisdom) နှင့် တတ်အပ်သိပညာ (Enlightenment) မှာ မွေးစားစကားလုံး များသာဖြစ်၍ တိုက်ရိုက်ကိုယ်စားပြုသည်ဟု မဆိုလိုပါ။ » 

ကမ္ဘာသုံး Enlightenment ၏ သဘောမှာ ဟိုက်ဒရိုဂျင်နှစ်ဆနှင့် အောက်ဆီဂျင်တစ်ဆ ပေါင်းလျှင် ရေဖြစ်သည်မျှလောက်သာဖြစ်ပြီး ဗုဒ္ဓ ၏ Enlightenment အဆင့်မှာ နိဗ္ဗာန်ရောက် ကြောင်းအထိ ပြည့်စုံသော တတ် အပ် သိခြင်းမျိုး၊ အဆုံးစွန်သော တတ်အပ်သိခြင်းမျိုး ဖြစ်ပါသည်။

ယနေ့ ပညာ ဆိုသော Knowledge သည် အနည်းဆုံး {ချင့်ချိန်သိခြင်း} အဆင့် မရင့်ကျက်သေးသမျှ ကာလ ပတ်လုံး Interest ဟူသော အကျိုးစီးပွားအတွက် ပဋိပက္ခ၊ ဝိရောဓိများဖြင့်သာ ပြွန်းတီးနေဦးမည် ဖြစ်သည်။ ဤ အဆင့် အသိ ကြီးသူများက ဤအဆင့် အသိ နည်းသူတို့အပေါ် ကိုယ်ကျိုးစီးပွား ရှေးရှုဆောင်ရွက်နေဦးမည်သာ ဖြစ်သည်။ ဤအသိ အဆင့်ကို (၃) မျိုး ခွဲလျှင် တိုးတက်ပြီးသောနိုင်ငံ၊ တိုးတက်ဆဲနိုင်ငံနှင့် ဖွံ့ဖြိုးမှု နည်းပါးသောနိုင်ငံများ ဟူ၍ အုပ်စု (၃) မျိုး ရပေလိမ့်မည်။
အတွင်း စက်ဝိုင်းသည် တိုးတက်ပြီးနိုင်ငံများဖြစ်၍ အလယ် စက်ဝိုင်းသည် တိုးတက်ဆဲနိုင်ငံများဟု သတ် မှတ်ကာ အပြင် စက်ဝိုင်းသည် ဖွံ့ဖြိုးမှု နိမ့်ကျသော တတိယနိုင်ငံများဟု မြင်ကြည့်လျှင် Core Countries ဟူသော တိုး တက်ပြီးနိုင်ငံများက စာပေသိ (ရုပ်နှင့် နည်းပညာ) ကို အသုံးချကာ အခြား စက်ဝိုင်း (၂) ခုမှ သယံဇာတ များကို စုပ်ယူ ဝါးမြို ပါသည်။ 

ထို့နောက် စုပ်ယူပြီး သယံဇာတ များကို ကုန်ချော အဖြစ် နည်းပညာဖြင့် ပေါင်းစပ် ထုတ်လုပ်ကာ ပြန်လည်ဖြန့် ချီ သည်။ Outersphere ဟူသော ပြင်ပ စက်ဝိုင်းရှိ သယံဇာတ များက Innersphere သို့လည်းကောင်း၊ ထိုမှ Core သို့လည်း ကောင်း စုပ်ယူ ခံရပြီး Core မှ တစ်ဆင့် Outersphere သို့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးဩဇာများ ပြန်လည် ထုတ်လွှတ်ကြောင်း တွေ့နိုင်သည်။ ပါဝါကိုလည်း ထုတ်ပေးသည်။

ကိုယ်ကျိုး စီးပွား 
******************
Interest ဟူသော စကားလုံးကို ယနေ့ ကိုယ်ကျိုး စီးပွား ဟူ၍ ဘုံအဖြစ် အသုံးပြုသည်။ သမိုင်း မှတ်တိုင်  တင်နိုင် သည့် အချိန်ကစ၍ တစ်ဦးချင်း ပဋိပက္ခ မှ နိုင်ငံ အုပ်စုလိုက် ပဋိပက္ခ နှင့် စစ်ပွဲများ များစွာဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေခဲ့ပြီး ဖြစ်သည်။
ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ခြင်းသည် အစုန်စိတ်ဖြစ်၍ လောက အကျိုးအထက် မိမိ သို့မဟုတ် မိမိနှင့်ဆိုင်သူ တို့၏ အကျိုးကိုသာ ရှေးရှုပါသည်။ ဗုဒ္ဓ ၏ မဂ္ဂင်ရှစ်ပါးသည် တစ်ဦးချင်း မှန်ကန်သော ကိုယ်ရည် ကိုယ်သွေး များကိုသာ တိုး ပွားစေသည် မဟုတ်၊ ကံ-ကံ ၏ ကောင်းကျိုးကိုလည်း ရရှိစေပါသည်။ 
(၁) မှန်ကန်စွာရှုမြင်ခြင်း 
(၂) မှန်ကန်စွာကြံစည်ခြင်း 
(၃) မှန်ကန်စွာပြောဆိုခြင်း 
(၄) မှန်ကန်သောအမှုကိုပြုလုပ်ခြင်း 
(၅) မှန်ကန်စွာအသက်မွေးခြင်း 
(၆) မှန်ကန်စွာအားထုတ် ခြင်း 
(၇) မှန်ကန်စွာသတိပြုခြင်း နှင့် 
(၈) မှန်ကန်စွာအာရုံမြဲမြံခြင်းတို့ ဖြစ်သည်။
အဂတိ တရား (၄) ပါးနှင့် ကင်းလွတ်သော အခါ ကိုယ်ကျိုး စီးပွား ဦးစားပေးကို ဆောင်ရွက်လာနိုင်ကြပါ သည်။
(၁) ဆန္ဒာဂတိ (အလိုဆန္ဒကြောင့်ဖောက်ပြန်မှု) ၊
(၂) ဒေါသာဂတိ (ဒေါသကြောင့်ဖောက်ပြန်မှု) ၊
(၃) မောဟာဂတိ (အမှား အမှန်မသိ နားမလည်မှုကြောင့် ဖောက်ပြန်မှု) နှင့်
(၄) ဘယာဂတိ (ကြောက်ရွံ့မှုကြောင့်ဖောက်ပြန်မှု) ဟူသော ဂတိ (၄) ပါး
ကို ထိန်းသိမ်းနိုင်လျှင် ဆန့်ကျင်ဘက် ကောင်းကျိုးများကို လူသား တို့ ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။
ကျွန်တော်တို့ မည်မျှ မှန်ကန်စွာ ကျင့်ကြံ နေထိုင်ကြပါသနည်း ။ 
အစုန်စိတ် ရှိသူများအတွက် လိုက်နာရန် လွယ်ကူ သည် မဟုတ်ပါ။
လောက ၏ နိယာမ (၅) ပါးဖြစ်သော .........
(၁) စိတ္တနိယာမ (၂) ကမ္မနိယာမ (၃) ဥတုနိယာမ (၄) ဗီဇနိယာမ (၅) ဓမ္မနိယာမ တို့ကို လေ့လာလျှင် အထူးသဖြင့် ကမ္မနိယာမ ကို လက်ခံလျှင် အဆန်စိတ်ဖြစ်ပေါ်ကာ မဂ္ဂင်ရှစ်ပါး ကို လိုက်နာနိုင် ပါလိမ့်မည်။ 

လူဝင်စား အပါအဝင် သိပ္ပံဖြင့် အချို့ တိုင်းထွာ စမ်းသပ်၍ရသော ကံ-ကံ ၏ အကျိုးများ ယနေ့ ပို၍ ထင်ရှားလာ ပါသည်။ ထိုမျှနှင့် ချင့်ချိန်ပါက အစုန်စိတ် တို့ လက်ခံ ထားသော ‘Might is Right’ ဟူသော {ခွန်အား သည် အမှန်တရား} ကို စတင် ဖယ်ခွာနိုင်မည်ဖြစ်ကာ အမှန်တရားသည်သာ ခွန်အား ဟူသော ‘Right is Might’ ဟူသည့် ဒဿန ကို နှလုံးသွင်းနိုင် မည်ဖြစ်၏။
စေတနာဖြင့်ယှဉ်သော အလုပ် ကို {ကံ} ဟု ကျွန်တော်တို့ နားလည်ထားပြီး ဖြစ်သည်။ ထိုအခါ စေတနာ ဘယ် အခါကောင်းသလဲ၊ ဆိုးသလဲ ဟူသောမေးခွန်း ပေါ်လာ၏။ သဒ္ဒါကောင်းသည့် အခါ၊ ဉာဏ် ဝင်ကောင်းသည့် အခါနှင့် ဝိရိယ ဝင်ကောင်းသည့်အခါ တို့၌ စေတနာကောင်း ဖြစ်တည် တတ်ပြီး ဒေါသ ဝင်သည့် အချိန်၊ မောဟ များသည့် အချိန်၊ လောဘကြီး သည့် အချိန်၌ စေတနာဆိုးများ၏ လွှမ်းမိုးမှုကို ခံကြရပါသည်။ လောဘ၊ ဒေါသ၊ မောဟကြီးသည့်အခါ အစဉ်အလာကြီးစွာ လက်ခံထားသော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူသော အနန္တောအနန္တ ငါးပါး ကိုပင် ကြီးစွာ ဆန့်ကျင်မှု၊ ဖျက်ဆီးမှုကို ဆောင်ရွက်နိုင်ကြပါသည်။
ပညာ နည်းသော၊ အစုန်စိတ် ကြီးသူတို့သာ ဆောင်ရွက်နိုင်ကြပါသည်။ ကံ ၏ အကျိုးတရားကို မမြင်နိုင် သည် မှာ ပညာ နည်း၍ ဖြစ်သည်။ ကံ သည် စွမ်းအင် တစ်မျိုး (Energy) ဖြစ်ပြီး သိပ္ပံကရော၊ ဘာသာရေးကပါ {စွမ်း အင်များတည်မြဲသည်} ကို လက်ခံ၏ ။ 

ရူပဗေဒ ပညာရှင်များ၏ (Law of Conservation of Energy) အရ စွမ်းအင်ကို ဖျက်ဆီး၍ မရ၊ ပုံစံ တစ်မျိုးပြောင်း ၍ စွမ်းအင် တစ်မျိုးအဖြစ် တည်ရှိသည်ကို သိပ္ပံ က လက်ခံထားပါသည်။ ဗုဒ္ဓ က ဤ စွမ်း အင်များသည် ဘဝပေါင်းများစွာ အထိ အကျိုးပေးနိုင်ကြောင်း ဟောထားပြီး ဖြစ်သည်။
မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော၊ အဆန်စိတ် ကြီး၍ ပညာရင့်သော ဆရာတော်ကြီး အရှင်ဝိစိတ္တသာရ သည် မလို သော ကံလေးကိုမျှ ယူဆောင်သွားခဲ့ခြင်း မပြုပါ။ မင်းကွန်း ဆရာတော်ကြီးအား ဒကာ တစ်ဦးက ရဟန္တာဖြစ်ကြောင်း အိပ် မက်မြင်မက်၍ လျှောက်ထားရာ ... ဆရာတော်ကြီးက ဆေးလိပ်သောက်ပြပြီး {ရဟန္တာ ဆိုတာ ဒီလို ပလိဗောဇတွေ မရှိတော့ ဘူး} ဟူ၍ ပြန်ဖြေခဲ့၏။ ကိုယ်လည်း အသားမယူချင်၊ သူများလည်း အယူမှား၊ မမြင်မှား မဖြစ်စေသည်မှာ တော်ရုံ ပညာကြီး ခြင်းမဟုတ်ပါ။

ပညာရှိလား ၊ ပညာတတ်လား 
*******************************
Post American World ဟူသော Farreed Zakaria ရေးသည့် စာအုပ် ထွက်လာသည်။ နှိုက်နှိုက်ချွတ်ချွတ် သမိုင်းနှင့် ချီ၍ ရေးထားသည့် အတွက် အမေရိကန်တွေ သူတို့ကိုယ် သူတို့ ပြန်လည် ဆန်းစစ်ကြရကြောင်း သတင်းမှာ ကြား လိုက်ရသည်။ 

CIA က နှစ်လကြာ သုတေသနပြု၍ သမ္မတဘုရှ် ထံ အစီရင်ခံစာ တင်ရသည်အထိ ဖြစ်သည်။ ထို စာအုပ် တွင် အမေရိကန် တို့၏ ယှဉ်ပြိုင်မှု စွမ်းအား (Competitive Edge) ကျမသွားသေးကြောင်း၊ ပညာ အခြေခံခေတ်ဖြစ်၍ တရုတ် နှင့် အိန္ဒိယ တို့က နှစ်စဉ် ပညာတတ် ငါးသိန်းကျော် (အထက်တန်းပညာ) မွေးထုတ်နေကြောင်း၊ အမေရိကန် က (၇ဝçဝဝဝ) ကျော်သာ မွေးထုတ်နိုင်၍ မကြာမီ တရုတ်၊ အိန္ဒိယ တို့က အမေရိကန်ကို ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း စိုးရိမ်မှုကို သုတေသန ဆန်ဆန် ခြေဖျက် ရေးထားပါသည်။
Zakaria က အမေရိကန် အင်ဂျင်နီယာ တစ်ဦး၏ စွမ်းရည်သည် တရုတ်၊ အိန္ဒိယ အင်ဂျင်နီယာ (၆) ဦး ၏ စွမ်း ရည်နှင့် တူကြောင်း၊ ပါရဂူ အဆင့်ကို လေ့လာလျှင် အမေရိကန် က တစ်နှစ် (၃၅ဝဝ) မွေးထုတ်နေပြီး တရုတ်၊ အိန္ဒိယ တို့က ရာဂဏန်း မျှသာဖြစ်ကြောင်း ထောက်ပြပါသည်။ စင်ကာပူ ထိပ်တန်းအရာရှိကြီးတစ်ဦး ဦးဆောင်ပြီး အမေရိကန် ပညာရေး စနစ်ကို လေ့လာသွားရာ အမေရိကန် လူမျိုးများ တီထွင်ကြံဆမှု အားကောင်းလျက် ရှိကြောင်း တွေ့ရသည်ကို ရေးသားထား ပါသည်။
မြန်မာ ပညာရှိတို့က ပညာတတ်မှုနှင့် ပညာ ရှိမှုကို ကြွက် (၄) မျိုးနှင့် ဥပမာ ပြုခဲ့သည်။
(၁) တွင်းတူးလျက် မအောင်းသောကြွက် (တစ်ချို့ လူတို့ စာသင်သော်လည်း စာ၏ အနက်ကို မသိ၊ စာတတ်သော် လည်း အမှန် မသိ၊ ပညာမရှိ)
(၂) အောင်းလျက် မတူးသောကြွက် (စာမတတ်သော်လည်း အမှန်မသိသူ)
(၃) တူးလည်းတူး၊ အောင်းလည်းအောင်း (စာလည်းတတ်၊ အမှန်လည်းသိ၊ ပညာရှိ)
(၄) တူးလည်းမတူး၊ အောင်းလည်းမအောင်း (ဘာမှ မသိသူ)
အချို့ တော်တော်များများသော သူများသည် စာတတ်သည်လား၊ ပညာတတ်သည်လား သူတို့ကိုယ် သူတို့ မသိ ကြ၊ သာလိကာ လို ရွတ်ပြနိုင်ခြင်း၊ ခေတ်ပေါ် အသုံးအနှုန်းများကို သုံးပြနိုင်ခြင်း အပေါ် {သိ} သည် ဟု အထင် ရှိကြသည်။ 

လိုက်နာ ကျင့်သုံးနိုင်ခြင်း၊ အများက လက်ခံနိုင်ခြင်း ဟူသော ပေတံ များကို မေ့လျော့နေကြသူများ ဖြစ်သည်။ ခေတ်စားနေ သော Knowledge ကို ခပ်ကြမ်းကြမ်း ခွဲလျှင် Education နှင့် Experience ဟူ၍ ရသည်။ 

ငယ်စဉ်က အခန်းမှာ သင်သော စာနှင့် လောကတွင် aတွ့ကြုံရသော အတွေ့အကြုံတို့ အပေါင်းအဖက်မှ မှန်ရာကိုသိလာခြင်း ဖြစ်သည်။ စာသည် တစ်ပိုင်းပါ ၍ အတွေ့အကြုံသည် တစ်ကဏ္ဍ ဖြစ်၏။ စာ မသင်ခဲ့ရသူတွေ အတွက် နေရာရှိပါသည်။ သို့သော် နေရာကား သိပ်မကျယ်လှ။
မြန်မာ က ပညာ အသိနှင့် ပတ်သက်၍ ပို၍ အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။
(၁) အနုမာပမာဏ (ယုတ္တိ ကျိုးကြောင်းဆင်ခြင်သိ)
(၂) ဝေါဟာရပစ္စက္ခပမာဏ (သာမန် ကိုယ်တွေ့သိ-သမ္မုတိသစ္စာ)
(၃) သဘာဝပစ္စက္ခပမာဏ (အကျင့် ကိုယ်တွေ့သိ-သဘာဝသစ္စာ)
(၄) အရိယာပစ္စက္ခပမာဏ (လောကုတ္တရာ ကိုယ်တွေ့သိ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ အရိယသစ္စာသိ)
လယ်တီဆရာတော် ဘုရားကြီး က တိုတိုနှင့် လိုရင်းကို လောကီ၊ လောကုတ္တရာ အသိအထိ ပညာကို အ ထက်ပါ အတိုင်း ဖွင့်ဆိုခဲ့ပါသည်။
ရှုထောင့် တစ်ခုမှ လေ့လာလျှင် ရုပ်ဝါဒ (Materialism) ၊ ဖြစ်တည်မှု ပဓာနဝါဒ (Existentialism)  နှင့် ကံ ကြမ္မာ ဝါဒ (Fatalism) တို့ တစ်ခုနှင့် တစ်ခု တစ်သားတည်း မကျ၊ အငြင်းအခုံ ဖြစ်ကြသည်ကို လေ့လာမိ သည်။ 

အတော် ငယ်စဉ်က အရာရာကို သိပ္ပံဖြင့်သာ တိုင်းတာခဲ့၍ အချို့ ကိစ္စရပ်များကို အယုံအကြည် မရှိခဲ့။ 
ဥပမာ - ဘယ်နတ်ဘုံက တစ်ရက် သည် လူ့ပြည်၏ နှစ်ပေါင်း ဘယ်နှစ်ဆယ်နှင့် ညီမျှသည် ဆိုသည့် ကိစ္စ၊ တန်ခိုးအရာ ကိစ္စ၊ အရွယ်ရ၍ အနည်းငယ် ဆင်ခြင် တတ်လာသည့် အခါ ငယ်စဉ်က သာမန် စာလုံးများကို မြင်နိုင်သူက ကြီးသော အခါ မျက်မှန်တပ် ဖတ်ရသည်ကို အတွေးဝင်ပြီး Power ကွာသွားသည်ကို သတိပြုမိခဲ့၏။
ကမ္ဘာ ၏ နေကို လှည့်ပတ်မှုက (၃၆၅) ရက်သာ ကြာသော်လည်း အခြားဂြိုလ်များ နှစ်ပေါင်းများစွာကြာသည်ကို သတိပြုမိသည့် အခါ ဖြစ်နိုင်ချေ၊ ဖြစ်နိုင်ဖွယ်ရာများကို ဆင်ခြင်မိသည်။ လူ တို့၏ ပျမ်းမျှ အသက် (၇ဝ) နှစ်နှင့် ခွေးတို့၏ ပျမ်းမျှအသက် (၇) နှစ်ကို နှိုင်းယှဉ် မိလာပြီး ကိုယ့် အယူအဆ အမှားကို သိမြင်လာသည်။ 
နိဗ္ဗာန် ကို {မရှိနိုင်} ဟု အယူအဆ ရှိခဲ့သော အတွေး တို့ကို လုံးဝ စွန့်ပစ်နိုင်ခဲ့၏။ {ကိုယ် ဉာဏ်မမှီသေးပါလား} {အသိနုံခြာသေး ပါလား} ဟု မှတ်ချက်ပြုမိ၏။
စီးပွားရေး လုပ်ငန်းကို ဦးဆောင် လုပ်လာသောအခါတွင် ရာပေါင်းများစွာ ရှိသော တပည့် တို့ကို ပြန်၍ အသိမျှ ဝေရာတွင် တစ်ချို့ အခံရှိသူများ ရယူနိုင်၍ တစ်ချို့ အသိဝေးသူများ ဘာမှ မဖြစ်မြောက်ခဲ့ကြ၊ အသိဝေးလျှင် ဘာမှ ထပ်ထည့် ၍မရ၊ မိမိအသိ၊ ပညာကိုသာ မှန်မှန် နည်းနည်းချင်း တိုးပွားအောင် လုပ်ကြရပါသည်။ ဤအသိအပေါ် အခြေခံ၍ ကမ္ဘာ့ စီးပွားရေးကျောင်းကြီးများက သင်ကြားပေးခဲ့သော ...

Know Whom….
အပေါ် တစ်ချို့ အယူအဆ မှားများဖြင့် ဆောင်ရွက်နေကြသည်။ အမှန်က ဘယ်သူ့ကို ဘယ်နေရာ အသုံးချ ရမည် ကိုသာ ဆိုလို၍ တစ်ချို့ ဖြတ်လမ်း သမားများက အခွင့်အရေးပေးနိုင်သူ အပေါ်သိခြင်းဖြင့် ခပ်လွယ် လွယ် တွေးကြသည်။

 ရေ တို တွင် မသိသာသော်လည်း ရေရှည်တွင် အကွာအဟ တို့ သေချာပေါက် ရှိမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို {ယှဉ်ပြိုင်နိုင် စွမ်းအား} တွက်ချက်ရာတွင် Finland က ပထမ ရရှိပြီး သူ့နိုင်ငံလည်း ဆက်လက်တိုးတက်နေသည်မှာ သာဓကဖြစ်သည်။

 ခေတ်သည် Comparative Advantage ဟူသော (နှိုင်းရခေတ်) မှ Competitive Advantage ဟူသော (ယှဉ်ပြိုင်ခေတ်) သို့ ပို၍ ပီပြင်စွာ ဝင်ရောက်နေသည့် အချိန်တွင် ကိုယ့် အသိ ကိုယ်မြင့်အောင် ကြိုးစားဖို့ လိုသည်။


**************************************************************************


 ( ၂ )
သမိုင်း ကို ခပ်ကြမ်းကြမ်းခွဲလျှင် ...
သက္ကရာဇ် (၄၇၆) ရှေ့ပိုင်းကို ရှေးဟောင်းခေတ်
(၄၇၆-၁၄၅၃) ကာလ ကို အလယ်ခေတ်နှင့်
၁၄၅၃-နောက်ပိုင်း ကို မျက်မှောက်ခေတ် ဟု သမိုင်းပညာရှင်များက ခွဲခြားထား၏။

ခရစ်တော် မပေါ်မီ နှစ် (၆ဝဝ) ခန့်က တရုတ်ပြည်၌ Lao Tzu, Confucius ဂရိ ၌ Permeridas နှင့် Empedocles ၊ ပါရှင်း၌ Zarathystra ၊ အိန္ဒိယ ၌ မဟာဝီရနှင့် ဗုဒ္ဓ စသော ပညာရှိကြီးများ ပေါ်ပေါက် ခဲ့ကြပြီး လူမှု အဖွဲ့ အစည်းနှင့် ပတ်သက်၍ အတွေးအခေါ်သစ်တို့ တိုးတက် ဖွံ့ဖြိုးခဲ့ဖူးသည်။ 

Civil Society / Community တို့အတွက် ကြီးစွာ သော ဒဿနများ ထားခဲ့၏။ ထိုခေတ်လောက်နောက်ပိုင်း ဘယ်ခေတ်မှ ထိုမျှလောက် မတိုးတက်ဘူးခဲ့ ။ ဗုဒ္ဓ သည် မဟာ လူသားဖြစ်လာပြီး လောကီ ကိစ္စ များထက် ကျော်လွန်ကာ လောကုတ္တရာ လမ်းကိုပင် လမ်းစဉ်တစ်ရပ် အဖြစ် ချမှတ်ပေးနိုင်ခဲ့ သူဖြစ်သည်။ 

ပညတ်၊ ပရမတ် တို့ကို ခွဲခြမ်းပေးခဲ့ပြီး သံသရာ အသိ အဆင်အခြင်နှင့် လွတ်မြောက်မှု အတွက်ပါ အသိ ကို ထား ပေးခဲ့သူ ဖြစ်ပါသည်။ ဉာဏ်မမီစဉ်က သံသယနှင့် နားထောင်ခဲ့ရသော်လည်း နှမ်းတစ်လုံးမျှ အသိ ရသော အခါ {ကြီးကျယ် လွန်းပါသလား} ဟု ကြက်သီး ထခဲ့ရပါသည်.။

လူတိုင်းသိသော အရစ္စတိုတယ် က လူသည် နိုင်ငံရေး သတ္တဝါဖြစ်ကြောင်း၊ ယခု စီးပွားရေးသတ္တဝါ အဖြစ် ပိုပီပြင် လာပြီး နောင် စီးပွားရေး စစ်ပွဲများဖြစ်လာမည်ကို ကြိုတင်ဟောခဲ့သည်။ (Global Commerce is no less than a war) ။ အပြိုင်အဆိုင် များလာသည့် အလျောက် မျက်မှောက်ကာလကို Age of Uncertainty (မရေရာသောခေတ်) ဟု တင်စား ပြီး သောကခေတ် (Age of Anxiety) ဟုလည်း ပြောလာကြသည်။

အသိဖြစ်ရာ၊ ထိုမှ ပညာဖြစ်ရာ တို့သည် တစ်ခုနှင့် တစ်ခု မတူ။
* ပတ်ဝန်းကျင်ပေါ် အခြေခံ၍ အသိဖြစ်နိုင်သည်။ (ကာမ ပါဒါန ပစ္စယော ကမ္မ ဘဝေါ)
* အတွေ့အကြုံပေါ် အခြေခံ၍ သိဖြစ်နိုင်သည်။ (ဒိ|ု ပါဒါန ပစ္စယော ကမ္မ ဘဝေါ)
* စရိုက်ကို အခြေခံ၍ အသိဖြစ်နိုင်သည်။ (သီလဗ္ဗတု ပါဒါန ပစ္စယော ကမ္မ ဘဝေါ)
* ကံကြမ္မာပေါ် အခြေခံ၍လည်း အသိဖြစ်နိုင်သည်။ (အတ္တဝါဒု ပါဒါန ပစ္စယော ကမ္မ ဘဝေါ)

တစ်ဦးနှင့် တစ်ဦး အသိဖြစ်နိုင်ခြင်း အခြေခံ မတူနိုင်၊ ပတ်ဝန်းကျင် မကောင်းလျှင်ပြောင်း၊ အတွေ့အကြုံမရှိ လျှင်ရှာ၊၊ စရိုက်မှားလျှင်ပြင်၊ ကံကြမ္မာ မကောင်းလျှင် ဖြည့်ဆည်းခြင်းဖြင့် အသိကို ရှာနိုင်၏။ ရှာတတ်ဖို့နှင့် ရှာချင်စိတ် ရှိဖို့ သာ လိုအပ်ပါသည်။

ကံကောင်းတယ်၊ မကောင်းဘူး 
********************************
တော်တော်များများ (ကံ) ကို ပုံချကြသည်။ (ကံ) အရာကို မပစ်ပယ်ပါ၊ ရေနစ် နစ်ကာမှနစ် ၊ နည်းနည်းတော့  ကြိုးစား ကူးခတ်ရပါသေးသည်။ ကံကြမ္မာ ၏ အကျိုးပေးမှုနှင့် ပတ်သက်၍ အကြောင်း (၄) ချက်ရှိသည်။ ကံ၊ ဉာဏ်၊ ဝိရိယ၊ စိတ် ဖြစ်သည်။ ဉာဏ်၊ ဝိရိယ၊ စိတ် သည် ပစ္စုပ္ပန် အကြောင်းဖြစ်ပြီး {ကံ} အကြောင်း အသေအချာ သိလျှင် {ကံ} ကို တစ်ပိုင်း ပြန်မွေး၍ ရပါသေးသည်။

ဆရာ သုမောင် ၏ ရွှေအမြုတေ မှ သူ့မိဘကို ကျွေးမွေးစောင့်ရှောက်ခဲ့၍ သူကောင်းကောင်းနေရကြောင်းစာကို ဖတ်မိလိုက်သည်။ တူသော အကျိုးပေးဖြစ်သည်။ အတိတ်မှာ အကောင်းလုပ်ခဲ့သည်လား၊ အဆိုးလုပ်ခဲ့သည်လား၊ ကျွန်တော် တို့ သွားရောက် မကြည့်နိုင်တော့၊ ကောင်းကောင်း၊ ဆိုးဆိုး ပြန်၍လည်း မပြင်နိုင်တော့။ 

မျက်မှောက် ဘဝတွင် ကောင်းတာ လုပ်၍ အားကြီးခဲ့လျှင် အတိတ်က အဆိုးကံကို ယှဉ်ပြိုင် ပါလိမ့်မည်။ အတိတ် ကလည်း အကောင်း ကံများ ဖြစ်ခဲ့လျှင်ကား အကျိုးနှစ်ဆ ပေးပါလိမ့်မည်။ {ကံ} ကိုချည်း ပုံချရန် မသင့် ပါ။ 

စာကျက်ခြင်းသည် ဉာဏ်၊ ဝိရိယ၊ စိတ် တို့၏ အရာဖြစ်ပြီး စာ မေးပွဲအောင်ခြင်းသည် {ကံ} ၏ တူသော အကျိုးပေးဖြစ်သည်ကို စဉ်းစားမိလျှင် ပတ်ဝန်းကျင် အခြေအနေကို အပြစ်တင် မည့်အစား (Light the candle rather than cursing the dark) တစ်စုံ တစ်ခုတော့ ကြိုးစားဖြစ်ပါလိမ့်မည်။

 လောကီ ရှုထောင့်က ကြည့်လျှင်ပင်လျှင် အရှုံးအမြတ်တို့ {ကြေ} သွားဦးတော့ {အတွေ့အကြုံ} ဟူသော အမြတ် က သေချာပါသည်။ နောက်တစ်ခါတွင် အတွေ့အကြုံကို ပြန်၍ အသုံးပြုနိုင်၏။ မိမိ၏ မျိုးဆက် တို့ကို ထို အတွေ့အကြုံတို့ မျှဝေနိုင်၏။ ကြိုးစား ခြင်းတွင် မရှုံးနိုင်သော အမြတ်တို့ ရှိနေ၏။ မြင်တတ်ရန်သာ လို သည်။

ဗုဒ္ဓ က လောက ၏ {အစွန်း} တို့အကြောင်း ဟောခဲ့သည်၊ အသိမဖြစ်စေသော အစွန်း တို့ကို ရှောင်ရန်ဖြစ်သည်။ အစွန်း (၃) ပါးသည် အသိ တိုးတက်ရာ တိုးတက်ကြောင်း အတွက် တန်ဖိုးကြီးသည်။ လက်ဝဲစွန်း၊ လက်ယာစွန်း တို့အတွက် ဥပမာပေးရန် သိပ်မလို၊ ကံ ကို လုံးဝ ပုံခြင်းနှင့် ကံကို လုံးဝ မယုံကြည်ခြင်းတို့  ဥပမာဖြစ်၏။ အလယ်စွန်းဟု ဆိုလျှင် တစ်ချို့က ခပ်ထေ့ထေ့ ပြန်ကြည့်တတ်၏။ 

အစွန်း ရှောင်ခိုင်းခြင်းသည် ဗုဒ္ဓက ဉာဏ်အရာကို သုံးစေလို၍ ဖြစ်၏။ အလယ်တွင်လည်း အစွန်း တစ်ပါးရှိသည်။ ဘာဖြစ်ဖြစ် {တစ်ဝက်ချ} စဉ်းစားခြင်းသည် ဉာဏ် အရာသုံးရာ မကျပါ။ မဇ္ဈိမပဋိပဒါ ဆိုသည်မှာ အလယ် အလတ်လမ်းစဉ် သာ ဖြစ်၏။ အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဉာဏ်ဖြင့် ယှဉ်ရန် ကိုသာ ဆိုလို၏။ 

ဗုဒ္ဓ ကိုယ်တိုင်လည်း ဝိပဿနာ ရှုစဉ်က တစ်နေ့ (၈) နာရီ အတိ အကျ နေ့တိုင်း ရှုခဲ့မည် မဟုတ်၊ ဆီလျော် သည့် အခါ အချိန်ပိုနိုင်သလို ခရီးထွက်သည့် အခါ လျော့နိုင်ပါသည်၊ ဘာပဲလာလာ {တစ်ဝက်ပဲ} ဟု ဆုံးဖြတ်ခြင်းသည် အလယ်အလတ် လမ်းစဉ် မဟုတ်ပါ၊ ဉာဏ်အရာ သုံးခြင်းလည်း မမည်ပါ၊ ထိုမှ အစွန်းတစ်ပါး မမြင်သာစွာ ရှိနေပါသည်။

အစုန်စိတ် ကြီးသူတို့က ဘာမှ မလုပ်ချင်၊ ကံကို ပုံချင်၏။ အတ္တ များသူများဖြစ်၏။
အဆန်စိတ် ရှိသူတို့က ကံကို ယုံ၏။ ပုံကား မပုံ၊ ဉာဏ်၊ ဝိရိယ၊ စိတ် တို့ကို အသုံးချ၏။
အတ္တနှင့်ပရ ကို မဇ္ဈိမ ပဋိပဒါ ကျကျတွေး၏။ ဖြည့်ဆည်း၏။ လောက အကျိုးသယ်ပိုး၏။
.
အသုံးတည့်တဲ့ ပညာ
**********************
ဗုဒ္ဓ ဟူသည့် အနက်ကပင် {အတုမရှိ ပညာ} ဖြစ်၍ နိဗ္ဗာန်ရောက်ကြောင်းကို ပညာ လမ်းဖြင့် ညွှန်ပြခဲ့ပါ သည်။ အမှားမကျူး၊ အစွန်းတစ်ဖက် မရောက်စေရန် အရာရာကို ပညာဖြင့် ချင့်ချိန်ဆုံးဖြတ်နိုင်ရန် ဗုဒ္ဓ က အလေးအနက်ထားခဲ့ပါ သည်။ ဗုဒ္ဓ အလေးအနက် ထားခဲ့သော ပညာ သည် နေရာတစ်ကာ၊ အချိန်အခါမရွေး အသုံးတည့်၏။ 

ဘီစီ (၆) ရာစုတွင် ပေါ် ခဲ့သော တရုတ်ပြည်မှ Lao Tzu သည် လူတို့၏ စိတ်ကို နှိမ့်ချခြင်းဖြင့် ငြိမ်းချမ်းမှုကို ရှာရန် လမ်းစဉ် တစ်ခုကို ချခဲ့သည်။ ကွန် ဖြူးရှပ်စ် ကလည်း လူ့ကျင့်ဝတ်ကို အဓိက ထားသော အတွေး အခေါ် တစ်ရပ် ဖွံ့ဖြိုးစေခဲ့သည်။ ဂရိ မှ ပိုက်သာဂိုးရပ်စ် ကလည်း သံသရာနှင့် ဘဝတို့ အကြောင်း ဒဿနထားခဲ့၏။
ယနေ့ (၂၁) ရာစုဖြစ်၏။ ထို အတွေးအခေါ်၊ အယူအဆ၊ ဒဿန တို့ကို ဤ၊ သည် မရွေး အကုန် သုံးမရတော့ ၊ ပညာဖြင့် ဆင်ခြင်ရန်သာ ဖြစ်သည်။ ယဉ်ကျေးမှု တစ်ခုနှင့် မဆန့်ကျင်သည့် အခြေအနေမျိုးဖြင့် ရယူသုံးစွဲတတ်ရန်သာ လို သည်။ ပညာ သည် လောကီ၊ လောကုတ္တရာနှစ်ဖြာတွင်လည်း အသုံးတည့်၏။

 ရေပွက်ပမာ ဘဝတိုလေး တစ်ခုမှာလည်း အသုံးတည့်၏။ တစ်နေ့တာ (၂၄) နာရီမှာလည်း အသုံးတည့်၏။ ပညာမဲ့လျှင် Value of Life မရနိုင်၊ ယနေ့ အနောက် နိုင်ငံများမှာ ပင်လျှင် တန်ဖိုး ဟူသော Value ကို နေရာတစ်ကာမှာ တွင်တွင် သုံးနေပြီ ဖြစ်သည်။ ဆိုလိုသော ပညာမှာ {ဘွဲ့} မဟုတ်၊ လူတိုင်း ပညာရှိနိုင်ပါသည်၊ လူတိုင်း ပညာမတတ်နိုင်ပါ ။ အမှန်ကို သိခြင်း၊ လောဘ၊ ဒေါသ၊ မောဟ ဟူသော အခြေ ခံ စိတ်ကို ထိန်း သိမ်းနိုင်သည်နှင့် ပညာ ရနိုင်ပါသည်။

Land Cruiser စီး၊ တိုက်ကြီးနှင့်နေပြီး စိတ် မချမ်းမသာသူတွေ ရှိသည်။ ကန်စွန်းရွက် ကိုက်ပြီး စိတ်ချမ်းသာ နိုင်သူတွေလည်း မနည်း၊ လောကီပေတံ အတွင်း ထို အစွန်းနှစ်ပါးတွင် အလယ် အလတ်ဖြင့် စိတ်ချမ်းသာ ကြ ပြီး ကိုယ့်ဘဝ ကိုယ် ကျေနပ်နိုင်ကြရန် အရေးကြီးသည်။ 

Value of Life ရနိုင်ရန် ကိုယ့်ဘဝ၊ ကိုယ့် အလုပ်ကို ကျေနပ်မှု (Satisfaction) ရရန်ဖြစ်သည်။ အဆန်စိတ်ရှိသူများ (သခင်စိတ်) ကျေနပ်ကြပါသည်။ အစုန်စိတ် (ကျွန်စိတ်) ရှိသူများ မကျေနပ်ကြပါ။ ဗုဒ္ဓ ဟောခဲ့သော ကိုယ့် ကိုယ်ကို ကြည့်ဟူသော (Introvert) ဖြစ်ရန် လိုပါသည်။ အစုန်စိတ် ရှိသူများက ကိုယ် ဘာဖြည့်ဆည်းရန်လို သည်ကို မစဉ်းစားဘဲ ပတ်ဝန်းကျင်ကိုသာ အပြစ်မြင်လေ့ရှိသည်။ ထိုသူများ ဘယ်တော့မှ ကျေနပ်သော ဘဝကို မရနိုင်၊ သခင်စိတ် သည် ကိုယ့် ကိုယ်ကိုလည်း ကောင်းအောင်လုပ်သည်၊ လောက အကျိုးကိုလည်း သယ်ပိုးသည်၊ လောက ကိုလည်း အကောင်းမြင်သည်၊ ကျေနပ်ရောင့်ရဲမှုလည်း ရှိသည်၊ ကျွန်စိတ်ကား ဆန့်ကျင်ဘက်၊ ဘယ်တော့မှ အလိုမပြည့်တတ်။
.
လောကီ တိုးတက်မှုတွင် ခေါင်းဆောင် တို့၏ အဓိက တာဝန်တစ်ရပ်မှာ ငယ်သားများကို လှုံ့ဆော်စိတ် (Motivation) ပေးရန် ဖြစ်သည်။ နောက်လိုက်တို့က မည်မျှ Motivation ရကြပါသနည်း။ တစ်ချို့က ကောက် ရိုးမီး၊ အချို့ က ဖွဲမီး၊ Motivation ဟူသော လှုံ့ဆော်စိတ်သည် လုပ်ငန်း တစ်ခု၊ ရည်ရွယ်ချက် တစ်ခု ပြီးဆုံးအောင် ဆောင်ရွက်ဖြစ်ပေါ် ထိန်းသိမ်းနိုင်သော တက်ကြွစိတ်ဖြစ်သည်။ တစ်ခဏစိတ် မဟုတ်၊ ဝီရိယ အရာတွင်လည်း အစ၌သာ အားကောင်းသော ဝီရိယ၊ အလယ် အထိ အားကောင်းသော ဝီရိယနှင့် အဆုံးအထိ အားကောင်းသော ဝီရိယ ဟူ၍ အဆင့် (၃) ဆင့် ခွဲခြားနိုင်ပါ သည်။ 

Motivation သည် အဆုံးအထိ ဝီရိယ အားကောင်းစေရန် ရရှိရမည် ဖြစ်သည်။ ဝီရိယ အရာ၌ အစ ၊ အ လယ်၊ အဆုံး (၃) ပါးလုံး အားကောင်းပါမှ {ပါရမီ ဝီရိယ} ဟူသော အရာကို ရမည်ဖြစ်သည်။ {ပါရမီ} မပါလို့ ဟူသော သူများ သတိပြုရန် ဖြစ်သည်။ 

{ပါရမီ} ဟူသည်က မိုးပေါ်က အလို အလျောက် ကျလာသည် မဟုတ် ပါ။ မွေး ကတည်းက ပါလာသည်  လည်း မဟုတ်ပါ။ ကျင့်ကြံ၊ အားထုတ်၊ ပွားများရင်း ရလာသော အရာသာ ဖြစ်သည်။ ဤအရာ အားလုံးသည် အရာရာ အသုံးတည့် သောပညာ မှဖြစ်လာသည့် အသီးအပွင့် များသာ ဖြစ်သည်။ ပဒေသာပင် မှ အလို အလျောက် သီးလာသည် မဟုတ်ပါ။

ဘယ်လိုလူလဲ 
***************
ရှုမြင်မှု တစ်ရပ်က လူ (၃) မျိုး အဖြစ်မြင်၏။
- Those who don’t know what’s happening. (ဘာမှ မသိသူ)
- Those who watch what’s happening. (လက်ပိုက်ကြည့်သူ)
- Those who make things happen. (ဖန်တီးရှင်)

ကျွန်တော်တို့ ဘယ်အမျိုးအစားထဲ ပါကြပါသနည်း ။ ဘာမှ မသိသူသည် လူ့ဗာလ ဖြစ်၏။ ပညာ အဆုံးစွန်မဲ့ သူ သော်လည်းကောင်း၊ စိတ်ဓာတ် အလွန်အမင်း နိမ့်သူသော် လည်းကောင်း ဖြစ်၏။ လက်ပိုက်ကြည့်သူ သည်လည်း ဘာမှ မသိ သူနှင့် သိပ်ခြားနားလှသည် မဟုတ် ။ နောက်ဆုံး လူကသာ လောက အတွက် အကျိုးပြုသူဖြစ်၏။ ဟစ်တလာ လို အစွန်း မရောက်ရန်၊ ဒေဝဒတ် လို အစွန်း မရောက်ရန် ပညာဖြင့် ချင့်ချိန်ဖို့သာ ဖြစ်၏။

လောက၏ အပြုအပြင်ကို ခေါင်းငုံ့ခံမှာလား၊ တတ်နိုင်သော ဘက်က လောကကို အကျိုးပြုမှာလား ၊ သန်း ပေါင်း များစွာသော သတ္တဝါများထဲတွင် သီးခြားဖြစ်တည်လာသော {လူ} ဟူသည့် ဂုဏ်ပုဒ် က လောက၏အပြုအပြင်ကို ခေါင်းငုံ့ မခံသင့်ပါ။ အတိတ်၊ ပစ္စုပ္ပန် ကံ အရာ အကွာ အခြားတွင် ဆူကြုံ နိမ့်မြင့်ဖြစ်ကြသော် လည်း ကိုယ် ကျရာ အခြေအနေ ကပင် လောကကို ရင်ဆိုင်နိုင်သော သတ္တိ နှင့် အရည်အချင်း ရှိဖို့ လိုပါသည်။ ကျွန်စိတ်သည် လက်ဝေခံ၍ သခင်စိတ် က ဦး ဆောင်သော သဘော ရှိပါသည်။

ကံ-ကံ ၏ အကျိုးပေးတွင် ဗုဒ္ဓ ၏ ရှုထောင့်တစ်ခုသည် တန်ဖိုးကြီး၏ ။ လူမှ တစ်ပါး သက်ရှိ သတ္တဝါ များတွင် (သိ စိတ်) နှင့် (ခံစားမှု) ရှိသော်လည်း အဆင့်နိမ့် သိစိတ် များသာ ဖြစ်၏။ အိပ်၊ စား၊ ကာမထက် မပို၊ Might is Right ကို ကျင့် သုံးသောလောက ဖြစ်၏။ လောက အကျိုးပြုထိ စဉ်းစားဆင်ခြင်နိုင်သော အမြင့်သိ စိတ်ရှိသူမှာ လူသာဖြစ်၍ မစူးစမ်း၊ မဆင်ခြင် လက်ခံသော Blind Faith (မျက်ကန်း ယုံကြည်မှု) ကိုလည်း ဗုဒ္ဓ က လက်မခံ၊ Right is Might ကို လက်ခံသော ဗုဒ္ဓ သည် ကာလာမသုတ် ကို ရဲရင့်စွာဟောခဲ့ပြီး ထေရဝါဒ ကို အစစ်ဆေးခံခဲ့၏။ {ငါ့တရား နာကြည့်} သာ ဟောခဲ့၏။ {ငါ့ ဘာသာဝင်} ဟု မပြောဖူးခဲ့။

မွေးကတည်းက ဖွားဖက်တော်လို ပါလာသော အစုန်စိတ်နှင့် လူတွေကို ဗုဒ္ဓ က အဆန်စိတ် ရရန် Motivation ပေးခဲ့ခြင်းသာ ဖြစ်သည်။ သက်ဝင် ယုံကြည်မှုက တစ်ပိုင်း။

ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ တက်သစ်စ လူငယ်များ အားကျကြသော သံမဏိ လုပ်ငန်း ရှင် သူဠေးကြီး ဒေးလ်ကာနယ်လ်ဂျီ ၏ ဘဝကို လေ့လာလျှင် အတုယူဖွယ် များစွာ ရှိနေ၏။

 လေးတန်းကျောင်း သား အထိသာ ပညာ သင်ခွင့်ရသော သူဠေးကြီး သည် ထောင်ပေါင်းများစွာသော ပညာရှင် များကို ကောင်းစွာ အလုပ်ပေး ခိုင်းစေနိုင်ခြင်းသည် {စာ} မတတ်ခဲ့သော်လည်း ပညာကို ကောင်းစွာ သုံးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ပညာ မတတ်သော ပညာရှိ ဖြစ်၏။ 

အလွန် နွမ်းပါးသော ဘဝ မှ မိခင်ကို ချစ်စိတ်ဖြင့် ကြိုးစား လာခဲ့ရာ ကမ္ဘာ့ သူကြွယ်စာရင်းဝင် သူဠေးကြီးဖြစ်သွားခြင်းသည် {ကံ-ကံ} ၏ တူသော အကျိုးကိုရခြင်း ဖြစ်သည်။ သာမန် လစာနည်း စာတိုက် စာရေးလေးဘဝ မှ ပါရမီဖြစ်သော ဝီရိယ ကို အဆုံးစွန် အထိ ထားရှိကြိုးစားခဲ့သဖြင့်လည်းကောင်း၊ ရလာသော အခွင့် အလမ်းများနှင့် မရသေးသော အခွင့်အလမ်းများကို ဖန်တီး ယူလာနိုင်ခြင်းများသည် လူငယ်၊ လူကြီးအားလုံးသော သူတို့အားကျစရာ ဖြစ်၏။ ပညာ လေးတန်းမျှ သင်ခဲ့ရသူ၏ ဒဿန စာအုပ်များ ထွက်ရှိကာ ကမ္ဘာကျော် ခဲ့ရခြင်းသည် ပညာ ကို အတွေ့အကြုံ၌ ရှာဖွေနိုင်သည်ကို ပြ၏။

ကာနယ်ဂျီ သည် “The one who made things happen” ထဲက လူ ဖြစ်၏။ သူ မရှိတော့ပါ၊ သူမသေမီ ကျန် ခဲ့သော ဥစ္စာပစ္စည်း ထဲမှ လောက အကျိုးအတွက် များစွာ လှူဒါန်းသွားခဲ့ပါသည်။ ဆက်လက်၍ လောကီအကျိုး သယ်ပိုးရန် သေတမ်းစာ လည်း ထားခဲ့သူ ဖြစ်သည်။ ရှာမှ ရှားသောသူ ဖြစ်သည်။ ရိုးရိုး ကျင့်၍ မြင့်မြင့် ကြံသူ၊ အခြေမှ အမြင့်ဆုံး အထိ တက်လှမ်းနိုင်သူ၊ အဆန်စိတ် အပြည့်၊ သခင်စိတ် အပြည့်ဖြင့် စံထား အပ် သူ ဖြစ်သည်။
ဝိရောဓိတွေ
**************
လောကကြီးသည် အဖြူ အမည်း၊ အမြင့် အနိမ့်၊ ဖြစ်ခြင်း ပျက်ခြင်း စသော ဆန့်ကျင်ဘက် ဝိရောဓိ များနှင့် တည် ဆောက်ထား၏။ အသိဝင်စ ကလေးဘဝက စ၍ ဝိရောဓိ ကို သတိထားမိကြသည်။ အရွယ် ရလာသော အခါ ပို၍ သတိထားမိ ၏။ ဝိရောဓိ မှ တိုးတက်၍ ပဋိပက္ခ အသွင်ကို ရင်ဆိုင်ရသော အခါ တစ်ချို့သောသူများက စိတ်ဓာတ် ကျကြသည်။ အချို့သူများ ကား ကြံ့ကြံ့ခံနိုင်ကြ၏။ အသိပညာ ရှိကြသူများ ပင်လျှင် အသိ မနက်သေးပါက {ဆင်းရဲမှု} ဖြစ်ကြရသေး၏။ 

လူတို့၏ အတွေ့ အကြုံ များတွင် တစ်ခါတစ်ရံ ကိုယ်တွေ့သိ (ပစ္စက္ခ ပမာဏ) နှင့် စာပေကျမ်းဂန် သိ (သဒ္ဒပမာဏ) တို့ ဆန့်ကျင်ကြကြောင်း တွေ့ရတတ်သည်။ ဤနေရာတွင် ပညာဖြင့် ချင့်ချိန်၍ ယုတ္တိသိ (အနုမာဏပမာဏ) ဖြင့် မပိုမသာ ဆုံးဖြတ်ကြရသည်။

ခေတ်ပညာ၏ အချို့သော သီအိုရီများသည် လက်တွေ့ ဘဝတွင် တိုက်ရိုက် သုံးစွဲ၍မရ၊ အခြေအနေ၊ အချိန်အခါ နှင့် ယှဉ်တွဲ၍ လိုတိုး၊ ပိုလျော့ပြုပြင်၍ သုံးစွဲရသည်။ ဒီမိုကရက်တစ်နိုင်ငံ များမှ အတွေးအခေါ် များကို အော်တို ခရက်တစ် နိုင်ငံများတွင် စိမ်းနေသလို အော်တိုကရက်တစ်နိုင်ငံ များ၏ အမူအကျင့် ကိုလည်း ဒီမိုကရက်နိုင်ငံများက လက်ခံနိုင်ဖွယ်ရာ ရှိမည် မဟုတ်ချေ။ 

ဝိရောဓိနှင့် ပဋိပက္ခ တို့ကို အကြမ်းအားဖြင့် Conflict ဟူသော စကားဖြင့် သုံးစွဲသည်။ အကြပ် အတည်း အဆင့်ရောက်သောအခါ Crisis ဖြစ်လာ၏။ ယှဉ်ပြိုင်မှု ပြင်းထန်ခြင်းသည် တိုးတက်မှုကို ရှေးရှုစေသော်လည်း တစ်ခါ တစ်ရံ တွင် အကြပ်အတည်း တို့ကို ဖြစ်ပေါ်စေသည်။ Conflict Management / Crisis Management ဟူ၍ မည်သို့ စီမံဆောင် ရွက်ရမည်ဟူသော ဘာသာရပ် ဖြစ်လာ၏။

များသောအားဖြင့် အတ္တ များခြင်း၊ အစုန်စိတ် ကြီးခြင်းများက ဝိရောဓိနှင့် ပဋိပက္ခများကို ဖြစ်စေပါသည်။ တစ် ဦးနှင့် တစ်ဦး အမြင်၊ ခံစားမှု မတူကြချေ။ ထိုမှ {ယောနိသော မနသိကာရ} ဟူသော နှလုံးသွင်းမှု  ကွဲပြား ကြ၏။ ရလဒ် အနေ ဖြင့် ဝိရောဓိ များ၊ ပဋိပက္ခ များ ထုတ်လွှတ်ကြတော့သည်။ 

လူတွင် သာမန် အားဖြင့် ပထမ အဆင့်တွင် Aesthetic ဟူသော ငယ်စဉ် အာရုံခံစားမှုနှင့် အပျော်အပါး ကို သာယာသော စိတ်က ကြီးစိုးပြီး တာဝန် ယူတတ်မှု (Responsibility) နှင့် တာဝန် ခံတတ်မှု (Accountability) တို့  အားနည်း တတ်ပါသည်။ 

အချို့သော သူများမှာ အသက်ရ၊ အတွေ့ အကြုံရ၊ ဦးဆောင် မှု ပေးနေသော်လည်း အစုန်စိတ် ကြီးမားနေသဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ငြင်းပယ်လိုကြသည်။

ဒုတိယ အဆင့်တွင် ယေဘုယျ အားဖြင့် အမှားအမှန် ကို ခွဲခြားနိုင်မှု၊ နားလည်နိုင်မှု၊ လက်တွေ့ ကျင့်သုံးနိုင်မှုအဆင့်သို့ ရောက်ရသည်။ ပညာ စတင် ရရှိသော အဆင့် ဖြစ်သည်။ ပညာ ရင့်ကျက်လာသည်နှင့် ငယ်စဉ်က အာရုံ ခံစားခဲ့ရသော စေတသိတ် တို့၏ မွေ့လျော်ရာဖြစ် သော မကောင်းမှုတို့ ၌ အတော်အတန် ထိန်း ချုပ် လာနိုင်ကြသည်။ 

ပုထုဇဉ်ဖြစ်၍ ကာရာအိုကေဆိုင် ဆယ်ခါ သွားရာမှ တစ်ခါမျှ သွားခြင်းမျိုး ဖြစ်သည်။ သမ္မာအာဇီဝ ရှိသောလုပ်ငန်းမျိုး ကိုသာ လုပ်ကိုင် လိုခြင်းမျိုး ဖြစ်သည်။ ထိန်းချုပ်နိုင် စွမ်းသည် Ethical ခေါ် ကိုယ်ကျင့်တရားကို လေးစား လိုက်နာသောကြောင့် ဖြစ်သည်။ ထိုမှ တစ်ဆင့် တက်သည့်အခါတွင် ဘာသာရေး ဘက် အလေးဖက်လာသည့် Religious အဆင့် ဖြစ်လာသည်။

အထက်ပါ အဆင့် (၃) ဆင့်တွင် ယေဘုယျ အားဖြင့် အစုန်စိတ် ရှိသူတို့က Aesthetic Stage အဆင့် ကို ကျော် လွှားနိုင်ခြင်း မရှိကြ။ ဒုတိယ အရွယ် ဒုတိယ အဆင့်နှင့် တတိယ အရွယ် တတိယအဆင့် တိုင်အောင် ယူဆောင်သွားတတ်ပါ သည်။ ထိုသူများတွင် ဝိရောဓိများ၊ ပဋိပက္ခများ ပို၍တွေ့ရတတ်သည်။ 

အချို့သော ဝိရောဓိ များသည် ပတ်ဝန်းကျင်မှ လာ၍ အချို့က ကိုယ်က ဖန်တီးခြင်း ဖြစ်သည်။ အဆန်စိတ်ကြီးသူတို့တွင် ဥပဓိသမ္ပတ္တိဟူသော ပင်ကိုယ် အရည်အသွေးပြည့်စုံမှု ရှိ သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ဖြာသော အရည်အသွေး ပြည့်စုံမှု ဖြစ်သည်။ ထိုသူများ ကံကောင်း သူများ ဖြစ်ရသည်မှာမဆန်းချေ။

ပန်းတိုင်
**********
လူတိုင်းတွင် ပန်းတိုင် ရှိသင့်၏။ ပန်းတိုင်ရောက်ရန် အရည်အချင်းများထဲတွင် ပယောဂသမ္ပတ္တိ ဟူသော ဆောင် ရွက်ပုံ ထိရောက်မှုသည် တစ်ပါးဖြစ်၏။ မဟာဗျူဟာသည် ပန်းတိုင် သဘောဖြစ်လျှင် နည်းဗျူဟာ သည် ဆောင်ရွက်ပုံ ဖြစ်၏။ ပန်းတိုင်ရောက်ရန် နည်းဗျူဟာကို သင့်ရာ အပြောင်းအလဲ လုပ်နိုင်၏။ 

ဖက် တွယ်ထားရန်ကား မဟုတ်၊ အဆန်စိတ် ရှိ သူတို့၏ ပန်းတိုင်သည် ပြတ်သား၏။ မဟာဗျူဟာ သည် ပီပြင် ၏။ လောက အကျိုးကို သယ်ပိုး၏။ အစုန်စိတ် ရှိသူတို့ကား တစ်ခါ တစ်ရံ ပန်းတိုင်မထားတတ်၊ ထားပြန်လျှင်လည်း လောကကောင်းကျိုး မသယ်ပိုးချေ။ အစုန်စိတ် သို့မဟုတ် ကျွန်စိတ် ရှိ သူတို့၏ အသိသည် မှန်ကန်ခြင်း မရှိတတ်ချေ။ 

အသိမှားသည် ဆိုရာမှာ ရှေ့ အသိနှင့်နောက် အသိ၊ သာမညသိနှင့် ဝိသေသသိ၊ ပÍ္စာရုံသိတို့ တစ်ထပ်တည်းကျခြင်းမှ သွေဖီခြင်း ဖြစ်သည်။ တစ်ခုနှင့်တစ်ခု မခွဲခြားနိုင်၊ မြဲမြံခြင်းမရှိ၊ ယုံကြည်မှုမပြည့်၊ တစ်သား တည်း မကျ။ အမှားကို အမှန်ဟု ထင်နိုင်သလို၊ အမှန်ကို အမှား ဟုလည်း ယုံကြည်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟ များသည့်အတွက်ကြောင့် ဖြစ်သည်။

အမှန်၊ အမှား ဟုပြောရာတွင် ပညတ်၊ ပရမတ် တို့ ခဏထား၊ Imperishible Truth ဟူသော ကာလ၊ ဒေသတို့ ဖြင့် ကန့်သတ်ခြင်း မရခံသော တစ်ကယ် မှန်သည့်သဘောနှင့် Perishible Truth ဟူသော ကာလဒေသဖြင့် ကန့်သတ်ခြင်းခံရ သော အခိုက်အတံ့သာ မှန်သည့် သဘောမျှကိုတော့ သိဖို့ကောင်းသည်။ 

ဒုတိယ ကမ္ဘာစစ်အတွင်းက ဟစ်တလာ သည် အဖ နိုင်ငံတော်ကြီး အတွက် စစ်ပွဲများ ဆင်နွှဲသည်မှာ ဂျာမန်လူမျိုး အတွက် မှန်ကောင်း မှန်နိုင်သော်လည်း အခြားနိုင်ငံများ အတွက် မမှန်ချေ။ မျက်မှောက်ခေတ် ၌ ဂျာ မန်နိုင်ငံ အတွက်ရော၊ အခြားနိုင်ငံများအတွက်ရော၊ ကမ္ဘာ့သမိုင်းတွင် အမည်း စက် ကျန်ရစ်၏။ မိသားစု အတွက် လိမ်လည်ကောက်ကျစ်၊ ခိုးဝှက် စီးပွားရှာသူအတွက် အများက လက်ခံမည်မဟုတ်ပါ။

ဝိပဿနာ ကျင့်ကြံရာတွင် တစ်သက်လုံး လွှတ်ထားခဲ့သော စိတ်ကို နှိပ်ကွပ် ထိန်းချုပ်ခြင်း မဟုတ်၊ အာရုံ ကို အမှန် အတိုင်း သိနေရေးကသာ ပဓာန ကျသည်။ အလေ့အကျင့် ရလာသောအခါ စိတ်တို့ သိမ်မွေ့ လာ၏။ ကိုယ်နေစေချင်သော နေရာတွင် နေနိုင်တော့သည်။ အဓိက၊ သာမည၊ အမှားအမှန် တို့ကို ကောင်းစွာ သိရှိခြင်းသည် အရေးကြီး၏။ ပန်းတိုင်ရောက်ရန် ကြီးစွာသော အထောက်အပံ့ တို့ကို ဖြစ်စေသည်။

တည်တည်တံ့တံ့၊ ခန့်ခန့် ကုမ္ပဏီကြီးများဖြစ်လာလျှင် Vision ဟူသော အနာဂတ်အမြင်၊ Mission ဟူသော ရည်မှန်းချက် ပန်းတိုင် တို့ကို ဖော်ပြလေ့ရှိကြသည်။ လှော်ချင်ရာလှော်၍ ခရီးရောက်မည်မဟုတ်၊ ပန်းတိုင်ဟူသော မဟာ ဗျူဟာရှိမှ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း ဟူသော (Tactical) ကိုချမှတ်၍ ရပါမည်။ ဦးဆောင်သူ တို့၏ အရည်အသွေးမှတ် ကျောက် အတင်ခံခြင်း ဖြစ်၏။ Organization များတွင် အဆန်စိတ် ရှိသူတို့ ဦးဆောင်မှုတွင် ကုမ္ပဏီများ ကြီးပွား တိုးတက် လေ့ ရှိကြပြီး အစုန်စိတ် ရှိသူများ တိုးတက်မှု မရှိတတ်ကြပါ။
သခင်စိတ် ရှိသူများမှာပင် အဆင့် ကွာသေးပါသည်။ တစ်ချို့က ကုမ္ပဏီများတွင် အကျိုးအမြတ် Divident မည် မျှ များများရအောင် လုပ်မည်၊ အလားအလာ Potential မည်မျှကောင်းအောင် လုပ်မည် ဟူသော အ ဆင့်ဖြင့်သာ ကျေနပ်ကြ သည်။ အချို့ သခင်စိတ် ရင့်ကျက်သူများက Organization တိုးတက်ရုံ ထက် သားတပည့်များ တိုးတက်ရေး အတွက် HR ဟု ခေါ်သော Human Resource လူသား အရင်းအမြစ် တိုးတက်ရေးကိုပါ ရုပ်ပိုင်း၊ စိတ်ပိုင်း လေ့ကျင့်ပေး၏။ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုကို ပေး၏။ အတ္တနှင့် ပရကို မျှတစွာ လက်ခံ ကျင့်သုံး၏။ အများ အကျိုးအတွက်လည်း ရသမျှ ဆောင်ရွက်သည်။

လူတစ်ဦးချင်းမှာ ပန်းတိုင် ရှိရန်လိုသကဲ့သို့ လူမှု အဖွဲ့အစည်း များမှာလည်း ပန်းတိုင် ရှိရန် လိုပါသည်။ မည်မျှ ကောင်းမွန်၊ အများကို အကျိုးပြုသော ပန်းတိုင်များဖြစ်သည်သာ အရေးကြီးသည်။ တိုးတက်သောနိုင်ငံများတွင် သူဠေး ကြီးများ၊ သမ္မတကြီးများက Foundation များတည်ထောင်၍ Civil Society ဟူသော လူမှုရေးအသင်းများ ကောင်းကျိုး ကို ပန်းတိုင်ထား၍ ဆောင်ရွက်ခဲ့ကြသည်။ 

ထိုမှ တစ်ဆင့် Community ၊ ထိုမှ တစ်ဆင့် National အဆင့် လောကကောင်း ကျိုး ရှေးရှုကြ၏။ လောကအကျိုးကို အခြေခံသော၊ လူသား အကျိုး ရှေးရှုသော ထေရဝါဒနိုင်ငံများတွင် ဤအဆင့် အတော်နည်းပါး သည် ကို သတိပြုမိသည်။ {အမေရိကန်တို့ စွမ်းရည်ကျပြီလား} ဟူသောမေးခွန်းကို တုန့်ပြန်ရာတွင် ပညာရှင် တို့က ဤ Civil Society များ အားကောင်းခြင်းကို ထောက်ပြ၍ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် ရှိသေးကြောင်း ခုခံကြသည်။ Foundation များ တည်ထောင်ပေးခဲ့သော ဦးဆောင်သူတို့ အတွက် ကိုယ်၌ ရသော ကုသိုလ်၊ နိုင်ငံ အတွက် လောကီ အကျိုး နှစ်ဖြာသော အကျိုးကို ကောင်းစွာရကြ၏။

ရှေးက နာထပိဏ္ဏိက ဟူသော သူဌေးတစ်ဦး ရှိ၏။ မြတ်စွာဘုရားလက်ထက်က ဖြစ်သည်။ အနက် မှာ ကိုးကွယ် ရာမဲ့ တို့အား ပေးကမ်း စွန့်ကြဲသူ ဟူ၍ ဖြစ်သည်။ ကိုးကွယ်ရာ မဲ့သူတို့အား အတိုင်း မသိ ပေးကမ်း စွန့် ကြဲ၍ လောကီ အကျိုး သယ်ပိုးသည့်အပြင် ဇေတဝန်ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းရာ၌ နေက္ခမ္မပါရမီ သဘောအရ သူ့အတွက် ပဓာန မဟုတ်ခဲ့၊ လောက အတွက် ပဓာန ထား၍ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ အနာထပိဏ်သူဠေး ၏ အဆန်စိတ်၊ သခင်စိတ် ဖြစ်၏။

(ချစ်ခြင်းမေတ္တာ) ဟူသော စကားလုံး ကျွန်တော်တို့ အသုံးများသည်။ ထိုစကားလုံးကိုပင် အတိမ်အနက်ဖြင့် ထပ်မံခွဲခြားလျှင် အစုန်စိတ်၊ အဆန်စိတ် တို့ကို တွေ့နိုင်သည်။

* ချစ်သူ ချစ်ကို တဏှာပေမ အချစ်ဟု ခေါ်၏။
* မိသားစု အချစ်ကို ဂေဟတိဿပေမ အချစ်ဟု ခေါ်၏။
* လောက အချစ်ကိုသာ မေတ္တာ ဟု သတ်မှတ်ပါသည်။

ချစ်ခြင်း ဟူသည် အကယ်မူ သခင်စိတ်တော့ မဟုတ်၊ မေတ္တာ သည်သာ သခင်စိတ် ဖြစ်သည်။ လူတွေ ၏ အဆင့် အတန်း (ကြွယ်ဝမှု) နှင့် မဆိုင်၊ ထားသော စိတ်နှင့်သာ ဆိုင်၏။ ခမည်းတော် သုဒ္ဓေါဒနနှင့် ဆွေတော် မျိုးတော်တို့သည် ပုဂ္ဂလစက္ခုဖြင့် လောက ကိုကြည့်သည်၊ ဓမ္မစက္ခုဖြင့်ကြည့်သည် မဟုတ်၊ ပုဂ္ဂလ စက္ခုဖြင့် လောက ကိုကြည့်၍ ပုဂ္ဂိုလ် အဖြစ် မြင် ၏။ 

ထို့ကြောင့် သားတော် ဗုဒ္ဓ အလောင်းအလျာကို စက်ြဝတေးမင်း အဖြစ်သာ မြင်လို၏။ ဘုရားအဖြစ် မမြင်လို၊ ဗုဒ ကမူ လောက ကို ဓမ္မစက္ခု အမြင်ဖြင့်သာ မြင်၏။ ထို့ကြောင့် လောကအကျိုး ကို သယ်ပိုး၏။ ဘုရားအဖြစ်ရောက်ခြင်းသည် ဗုဒ္ဓ ၏ ပန်းတိုင် မဟုတ်၊ လောကအကျိုး အကောင်းဆုံး၊ အများဆုံးသယ်ပိုးနိုင်ရန်သာ ဘုရားဆုကို ပန်ခဲ့ခြင်း ဖြစ်သည်။ ထူးသည့် မဟာလူသား ဖြစ်၏။
.
ပန်းတိုင် သဘောသည် ဤသို့ အကွာအဟ ရှိ၏ ။
**************************************************
လောကအကျိုးအတွက် ပန်းတိုင်ထားသူသည် အဆန်စိတ်၊ သခင်စိတ် ရှိသူများသာ တောင့်တ အပ်သောအရာ၊ ထားနိုင်သော ရည်မှန်းချက် ဖြစ်သည်။ အစုန်စိတ် ရှိသူများအတွက် တန်ရာသော အရာ မဟုတ်၊ အစုန် စိတ်သည် လောကီ အတွက်လည်း မကောင်း၊ လောကုတ္တရာ အတွက်လည်း ကောင်းသည် မဟုတ်၊ လူသာမန် မထားနိုင်သော အဆန်စိတ်၊ သခင် စိတ် ကသာ လောကီ၊ လောကုတ္တရာ နှစ်ဖြာ အတွက် အကျိုး ရှိစေ၏။ နိဗ္ဗာန် မရောက်သည့်တိုင် လားရာကောင်း၊ ကတိ ကောင်း အတွက် အာမခံချက်ရှိပြီး ဖြစ်သည်။

သတ္တ လောကတွင် ထူးခြားစွာ {လူ} ဟူသော မျိုးစိပ် တစ်ခု ဖြစ်ထွန်းသည်။ ရုပ်ပိုင်းဆိုင်ရာတွင်သာ ကျား-မ ဟု ကွဲပြားကြပြီး အခြေခံ အားဖြင့် စိတ်နှစ်မျိုးသာ ရှိ၏။ သခင်စိတ်နှင့် ကျွန်စိတ် ဖြစ်သည်။ မွေးကတည်းက အစုန်စိတ်ဖြင့် မွေးဖွားလာကြသူများကို သိသော ခဏ အဆန်စိတ် အဖြစ် ပြောင်းနိုင်ရသည်။ သခင်စိတ်မျိုးစေ့ တည်စေခြင်း ဖြစ် သည်။ သွတ်သွင်းလေ့ကျင်ရန် ခက်ခဲသော်လည်း လူတိုင်း မရသော စိတ်မျိုးကား မဟုတ်၊ ဆန္ဒနှင့် ဝီရိယ သာ လိုပါသည်။

သခင်များ သခင်စိတ်နှင့် ရှိကြသလို
သခင်များ ကျွန်စိတ်နှင့်လည်း ရှိကြသည်။ 

ကျွန်ဖြစ်သော်လည်း သခင်စိတ် ထားရှိနှိုင်ပါက
ကျွန်စိတ်ရှိသော သခင်တို့ထက် ပို၍မြတ်ပါ၏။



နေဇင်လတ်
၁ဝ-၁၂-ဝ၈ (၂၄၆)
( လွန်ခဲ့တဲ့ ' ၁၀ ' နှစ်ခန့်က ရွှေအမြုတေမှာ ရေးခဲ့တာပါ )

Nay Zin Latt



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall