မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အဆက်ဆက်နဲ့ နိုင်ငံတော်ဘာသာ ဂယက်




ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းရေး ဟာ လွတ်လပ်ရေး မရခင် ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေး ဆွဲကြတဲ့ကာလက စပြီး အငြင်းပွားခဲ့ကြရတယ်။

ဒီးဒုတ်ဦးဘချို က ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်းပေးဖို့ အဆိုပြုတာကို ဗိုလ်ချုပ်အောင် ဆန်း က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ တစ်ဘက်နဲ့ တစ်ဘက် အလျှော့မပေးကြဘဲ ဘာသာရေး အကြောင်းပြပြီးနိုင်ငံရေး အမြတ်ထုတ်လိုသူတွေ ပါဝင်လာမှု ကြောင့် ပြဿနာပိုကြီးလာတယ်။ (ဒီးဒုတ်ဦးဘချိုကတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်းရေးကို စိတ်ရင်းအမှန်နဲ့ အဆိုပြုခြင်းဖြစ်တယ်)
နောက်ဆုံးတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့် ကကြားဝင်ပြီးဦးနု (သခင်နု) ကို အိုင်ယာလန်နိုင်ငံ ဖွဲ့စည်းအုပ် ချုပ် ပုံ အခြေခံဥပဒေ စာအုပ်ပါ ဘာသာရေး ကိစ္စပြဋ္ဌာန်းချက်ကိုပြတယ်။ 
အိုင်ယာလန် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ "နိုင်ငံတော်သည် တမန်တော်တို့မှ ဆင်းသက်လာသော တစ်ခု တည်း သန့်ရှင်းသောရောမ ကာသိုလိပ် အသင်းတော်နှင့်ရောမကျောင်းတော် ကိုပြည်သူပြည်သား လူအများစု ၏ ယုံကြည် ကိုးကွယ်ရာ ဖြစ်သော ဘာသာကြီးတစ်ရပ်ဟူ၍ အသိအမှတ်ပြုသည်"လို့ဖော်ပြပါရှိတယ်။

ဦးနုက ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းပြလို့ အဆင်ပြေသွားပြီး အိုင်ယာလန် နမူနာ အတိုင်း ၄၇ အခြေခံဥပဒေမှာ ဘာသာရေးပြဋ္ဌာန်းချက်ထွက်လာတယ်။
(၁) ဗုဒ္ဓဘာသာသည်နိုင်ငံတော်နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံ သည့် ဘာသာကြီး ဟု ပြည်ထောင်စု နိုင်ငံတော်က အသိအမှတ်ပြုသည်။
(၂) နိုင်ငံတော်သည် အစ္စလာမ် ဘာသာ၊ ခရစ်ယန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သည့် ဘာသာ စသည့် ဘာသာတို့ကို ဤနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုသောအချိန်၌နိုင်ငံတော်တွင်ရှိကြသော ဘာသာ အချို့ဟူ၍ အသိအမှတ်ပြု သည်......လို့ ဖြစ်လာတယ်။
ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာ အဖြစ်ပြဋ္ဌာန်းရေး ဇာတ်လမ်းဟာ တစ် ခန်းရပ်သွားပေမယ့်မပြီးပြတ်သေးဘဲ ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပါလီမန် အမတ်ဒေါ်ခင်လှ က ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ်အတိအလင်း ကြေငြာပေးဖို့ တင်တယ်။ အစိုးရက လက်မခံနိုင်ကြောင်းရှင်းပြပြီး လွှတ်တော်က ဒေါ်ခင်လှရဲ့ အဆိုကို သဘောမတူတဲ့ အတွက်ပျက်ပြယ်သွားခဲ့တယ်။
၁၉၅၄-၅၅ အထိ အစိုးရရဲ့ သဘောထားပြောင်းလဲမှု မရှိခဲ့ပေမယ့် ၁၉၅၄ ခုနှစ် ဆဋ္ဌသံဂါယနာ တင်ပွဲစတင်ကျင်းပတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကိုနိုင်ငံ တော်ဘာသာ အဖြစ်ပြဋ္ဌာန်းပေးရေး တောင်းဆိုချက်တွေပိုပြင်းထန်လာခဲ့ တယ်။
၁၉၅၆ ခုနှစ် မေလ ၂၇ ရက် ဆဋ္ဌသံဂါယနာအောင်ပွဲနဲ့ သာသနာ၂၅၀၀ပြည့် အထိမ်းအမှတ်ပွဲနောက်ဆုံးနေ့ ကမ္ဘာအေး မဟာပါသာဏ လှိုင်ဂူတော် အတွင်းမှာ ဘာသာရေးအပေါ် အစိုးရရဲ့သဘောထား ဝါဒလျှောက်ထားချက်က စလို့ အစိုးရသဘောထားပြောင်းသွားတယ်။ 
ဝန်ကြီးချုပ် ဦးနုက နိုင်ငံတော် အစိုးရကိုယ်တိုင် က ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာ ပြုလုပ်လိုတဲ့ ဆန္ဒပြင်းပြစွာ ရှိကြောင်း၊ သက်ဆိုင်ရာ အားလုံးသဘောပေါက်နားလည် လက်ခံအောင်ရှင်းပြပြီး ယုံကြည်မှုရရှိတဲ့အချိန်မှာ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်အောင်ကြိုးစားပေးမယ်လို့လျှေက်ထားခဲ့တယ်။
၁၉၅၈ ခုနှစ်အောက်တိုဘာလ ဗိုလ်ချုပ် နေဝင်းအိမ်စောင့် အစိုးရကာလမှာ လည်း ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်းပေးရေး လှုပ်ရှားမှုတွေ ကသွေးအေး မသွားခဲ့ဘူး။ 
၁၉၅၉ ခုနှစ် မတ်လ မှာပြည်ထောင် စု ကျောင်းထိုင် ဆရာတော်များ အဖွဲ့ကနိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်းပေးရေး ဆုံးဖြတ်ကြပြန်တယ်။ လူပုဂ္ဂိုလ်များသာ ပါဝင်ပြီးနိုင်ငံရေးပါတီတွေနဲ့ အဆက်အသွယ်မရှိတဲ့ ဗုဒ္ဓဘာသာနိုင်ငံတော် ဘာသာဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့လိုက်ပြီးလှုပ်ရှားလာကြတယ်။
၁၉၆၀ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်ပွဲတွေ မပြုလုပ်မီ ဦးနုက သန့်ရှင်း ဖဆပလ အနိုင်ရခဲ့ရင် ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ အဖြစ်ပြုလုပ်ပေးမယ့် အကြောင်းဟောပြောခဲ့တယ်။
၁၉၆၀ ပြည့်နှစ်ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ ဦးနု ရဲ့သန့်ရှင်းဖဆပလ က အပြတ်အသတ် အနိုင်ရခဲ့ တယ်။
၁၉၆၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်း သတ်မှတ်ရေး အဆို ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းတယ်။ လွှတ်တော်မှာ အခြေ အတင်ဆွေးနွေး ကြပြီး သြဂုတ်လ၂၆ ရက် လွှတ်တော်နှစ်ရပ် တွဲဖက် ညီလာခံ အစည်းအဝေးက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ အတည်ပြုလိုက်ကြတယ်။
၁၉၆၂ ခုနှစ်တပ်မတော်က အာဏာသိမ်းပြီးနောက် ၁၉၄၇ အခြေခံဥပဒေလည်း အသက်မဲ့သွားတော့တယ်။
၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာအဖြစ် မပါဝင်တော့ဘဲ ဂုဏ်ထူးဝိသေသနဲ့ပြည့်စုံတဲ့ ဘာသာအဖြစ် ပါဝင်လာခဲ့တယ်။
၂၀၀၈ အခြေခံ ဥပဒေမှာလည်း "နိုင်ငံတော်သည် ဗုဒ္ဓဘာသာနာတော်ကိုနိုင်ငံတော်၏နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူး ဝိသေသနှင့်ပြည့်စုံ သည့်ဘာသာသာသနာဖြစ်သည် ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်" လို့ အထူးပြုပြဋ္ဌာန်းခဲ့တယ်။ အခြားဘာသာတွေ ကိုတော့နိုင်ငံတော်တွင် ရှိနေကြသောကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားတယ်။
မြန်မာ့ သမိုင်းစဉ် တစ်လျှောက်လုံးမှာ ဗုဒ္ဓဘာသာဟာ လူများစု ကိုးကွယ်ရာ ဘာသာဖြစ်ပေမယ့် အခြားဘာသာဝင်တွေ ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုခဲ့ကြတယ်။ ဗုဒ္ဓဘာသာ စည်ပင် ထွန်းကားရေး အတွက်သာသနာ့ ဒါယကာဖြစ်တဲ့ မင်း အပေါ်မှာ မူတည်တယ်လို့ ဗုဒ္ဓဘာသာ ဝင်အများစုက ယုံကြည်ခဲ့ကြ တယ်။
 မြန်မာမင်းများ လက်ထက်ကနေ မြန်မာ အစိုးရ အဆက်ဆက်ဟာ အခြားဘာသာဝင်တွေကို ချီးမြှောက်ခဲ့ကြ သလို ဗုဒ္ဓဘာသာ စည်ပင်ထွန်းကားရေးကို ဆောင်ရွက်ခဲ့ကြတယ်။ ကျွန်ဘဝက လွတ်မြောက်ဖို့ အမျိုးသားရေး စိတ်ဓာတ်တွေပြန်လည်နိုးကြားလာဖို့ ဘာသာရေးကို အခြေခံလှုပ်ရှားခဲ့ကြတယ်။ 
အမျိုးဘာသာသာသနာ အခြေခံတဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA) ကနေ စခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေက တစ်ဆင့် လွတ်လပ်ရေးတိုက်ပွဲ အသွင်ကို ကူးပြောင်းခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ ကမ္ဘာမှာ ခေတ်မစားတော့တဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ဟာမြန်မာနိုင်ငံမှာ စန်း ထလာမှုနဲ့ အပြိုင် အမျိုးသားရေး သမားတွေ ရဲ့အမျိုးသားရေး စိတ်နှိုးဆွမှုတွေပြင်းထန်လာကြတယ်။

ဇာတိမာန်သီချင်း မဆိုသင့်တော့ဘူး။ မဘသ မလိုအပ်တော့ဘူး ဆိုတဲ့ စကား တွေဟာ အမျိုးသားရေး စိတ်ပြင်း ထန်သူတွေရဲ့ စိတ်ကို ဆတ်ဆတ်ခါနာ ကျည်းစေခဲ့တယ်။ (ဘာသာရေးကိုနိုင်ငံရေးအတွက် အသုံးချအမြတ် ထုတ်လိုသူတွေ အတွက် လည်း ဖျာဝင်ခင်းစရာ အကွက်ကောင်းဖြစ်နေတယ်)
သမိုင်းကြောင်း သင်ခန်းစာတွေ အရ ပတ်ဝန်းကျင်နိုင်ငံတွေကို လူမျိုးရေး ဘာသာရေးနဲ့ တစ်ဖြေးဖြေး ဝါးမျိုလာခဲ့တဲ့ တိုင်းတစ်ပါး လူမျိုးရေး ဘာသာရေး လွှမ်းမိုးလာမှုတွေကို စိုးရိမ် ပူပန်လာကြပြီး တန်ပြန်လှုပ်ရှားလာကြတဲ့အခါ အာဏာပိုင်တွေနဲ့ ဝိရောဓိဖြစ်လာကြတယ်။
အစိုးရဟာနိုင်ငံရေးနှင့် ဘာသာရေးကို မရောထွေးရ ဆိုတဲ့ အဓိပ္ပါယ်နဲ့ အများစု ကိုးကွယ်ရာ ဘာသာကို ဝိသေသ ထူးအဖြစ်ချီးမြှောက်ရမယ် ဆိုတာ လေ နဲ့ ဝမ်း မကွဲ ဖြစ်နေပုံရတယ်။ ဗုဒ္ဓဘာသာရေးရာတွေမှာ နောက် တွန့် နေပြီး လူမျိုးခြား တိုင်းတစ်ပါး ဘာသာခြား အရေးတွေမှာ ဦးစားပေးနေတယ်လို့ ခံစားလာကြရ တယ်။
တစ်ကယ်တော့ အစိုးရအဆက်ဆက် လုပ်ခဲ့ကြသလို ဗုဒ္ဓဘာသာကို ဝိသေသထူး ဘာသာ အဖြစ်ချီးမြှင့်အားပေးပြီး ကျန်လူနည်းစု ဘာသာတွေကိုလည်း အားပေးချီးမြှင့်ခြင်းသည်သာ ဘာသာရေးနဲ့နိုင်ငံရေးကို မရောထွေးစေဘဲ ဟန်ချက်ညီ ထိန်းသိမ်းသွားနိုင်ပါလိမ့်မယ်။

အမျိုးဘာသာသာသနာနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနှစ်ဘက်စလုံး အစွန်းမရောက်ကြမှသာ တိုင်းပြည်ကောင်းကျိုးဖြစ်ပါမယ်။ အမျိုးသားရေးကို အခြေခံတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးဖြစ်ရပါမယ်။
လက်ရှိ အခြေအနေတွေ အတိုင်း အမျိုးသားရေးသပ်သပ်၊ ဒီမိုကရေစီ လူ့အခွင့်အရေး သပ်သပ်ငါ့မြင်းငါစိုင်း၊ငါ့လှေ ငါထိုး လုပ်နေကြရင်တော့ တိုင်းပြည် နာဖို့သာရှိပါတယ်။

အစိုးရဘက်ကလည်း အမျိုးသားရေးကို အခြေခံတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးကိုဖော်ဆောင်ဖို့ လိုသလို  အမျိုးသားရေး သမားတွေ ဘက်ကလည်း ဒီမိုကရေစီ လူ့အခွင့်အရေးပါတဲ့ အမျိုးသားရေးဖြစ်ဖို့လိုပါတယ်။
၁၉၄၇ အခြေခံဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒီးဒုတ်ဦးဘချို တို့လိုကြားအဖြေ တစ်ခုရအောင်လုပ်သွားတဲ့ နည်းလမ်း အတိုင်း သင်ခန်းစာယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆက်ဆက်ပြဋ္ဌာန်းလာခဲ့ရတဲ့
ဘာသာရေး ဆိုင်ရာပြဋ္ဌာန်းချက် အတိုင်းလိုက်နာကြခြင်းဖြင့်သာ တိုင်းပြည် အကျိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့တယ်။


သောင်းလွင်ဟိန်း
Bullet Journal အတွဲ၁အမှတ်၃၅
၂.၃.၂၀၁၇





Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)

သင်္ဘောသီးပင် စိုက်ပျိုးနည်း

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာသလဲ

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ငါးမျက်စေ့ (သို့) အသားမာ (Corn)

ရှင်စောပု ဘုရင်မကြီး သုံးခဲ့သော ခေါင်းဆောင်းတော်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall